Friday, April 24, 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစိုးရစစ် ဒုတိယအကြိမ်ရှုံးလျှင် စာမေးပွဲ လုံးဝကျရှုံးအဖြစ် သတ်မှတ်မည်

 ရန်ကုန်၊ဧပြီ ၂၂

၂၀၁၄/၂၀၁၅ ပညာသင်နှစ်တွင် ကျင်းပခဲ့သည့် အစိုးရစစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အောင်စာရင်းတွင် ကျရှုံးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မေလ ၁၄၊ ၁၅၊ ၁၆ ရက်တွင် ဒုတိယအကြိမ် ပြန်လည် ဖြေ ဆိုရာတွင် ကျရှုံးခဲ့လျှင် တစ်နှစ်ကျအဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဧပြီ ၂၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်နှစ်မှစ၍ တိုင်းစစ်ခရိုင်စစ်ဖြင့် ပြောင်းလဲ ကျင်းပ စစ်ဆေးခဲ့ရာတွင် ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အောင် စာရင်းတွင် အောင်ချက် ရာခိုင်နှုန်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတုတ္ထတန်း အောင်မြင်သူ ၇၅ ဒသမ ၈၆ ရာခိုင်နှုန်းခန့်နှင့် အဋ္ဌမတန်း အောင်မြင်သူ ၅၄.၁၁
ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာ အောင်ချက် အနေအထား ကျဆင်းသွားသည့်အတွက် မေလ ၁၄ ရက်၊ ၁၅ ရက် နှင့် ၁၆ ရက်များတွင် ပြန်လည် ဖြေဆိုရမည်ဖြစ်ပြီး ကျရှုံးသူများကို စာမေးပွဲမဖြေခင် ကာလများတွင် ပြန်လည် သင်ကြားပေး သွားမည် ဖြစ်သည်။

၈ တန်းက အခု ၅၄ ရာခိုင်နှုန်း အောင်တယ်။ ၄ တန်း ၇၅ ရာခိုင်နှုန်း အောင်တယ်။ ပြန်လည် ကုစားပြီးတော့ ပြန်ဖြေရဦးမှာပေါ့။ ကျတဲ့လူတွေ ပြန်သင်ပေးမယ်။ ပြန်ဖြေမယ့်ရက်က မေ ၁၄ ၊ ၁၅ ၊၁၆ မှာ ပြန်ဖြေမှာ။ တစ်ဘာသာကျ တစ်ဘာသာ ပြန်ဖြေရမယ်။ အခုပြန်သင်တယ် ပြန်သင်ပြီး ၁၄၊ ၁၅ ၊၁၆ မှာပြန်ဖြေမယ်။ ထပ်ကျရင်တော့ အကျမှာပါ။ အခုမှ စတင်လုပ်နေတဲ့ အတွက်ကြောင့်မို့လို့ ကလေးတွေ ကအခုမှ စတင် ထိတွေ့တဲ့ အတွက်ကြောင့်မို့လို့ အခက်အခဲ ရှိသွားပါတယ်။ နောင်တစ်နှစ်ဆိုရင် အဆင်ပြေ သွားမှာပါ။ ကလေးတွေ ညံ့လို့လည်း မဟုတ်ဘူးလေ။ ဒီအတွေ့အကြုံ အခုမှ ခံစားရတော့လေ ပြင်ဆင်ချိန် မရှိလို့ပါ။ ပြင်ဆင်ချိန် အားနည်းသွားတယ်ပေါ့။ ပြန်ဖြေဖို့က တိုင်းနဲ့ပြည်နယ် အကြောင်း ကြားထားပြီးသားလေ။ ဒီ၁၈ ရက်နေ့ အောင်စာရင်း ထွက်ပြီးကျတဲ့ ဘာသာရပ်အပေါ် ပြန်ဖြေဖို့ဆိုတာ အကြောင်းကြား ထားပြီးသား ဖြစ်တယ်””ဟု အခြေခံပညာ ဦးစီးဌာန ဦးအောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ကျရှုံးခဲ့သည့် ကျောင်းသူ/ကျောင်းသားများ အားလုံးသည် မိမိတို့ ကျရှုံးသည့် ဘာသာရပ်ကိုသာ ပြန်လည် ဖြေဆိုရမည် ဖြစ်ပြီး ဒုတိယအကြိမ် ဖြေဆိုမှုမှာ နောက်ဆုံး အကြိမ်သာဖြစ်၍ ထပ်မံ ကျခဲ့သည်ရှိသော် နောက်ထပ်တစ်နှစ် ထပ်မံ၍ တက်ကြရမည်ဖြစ်သည်။ အဆိုပါ ကျရှုံးသူ ကျောင်းသား/သူများသည် ၂၀၁၄-၂၀၁၅ ၌ စတင်ပြောင်းလဲသည့်အတွက် အတွေ့အကြုံမရှိမှု ပြင်ဆင်မှုအချိန် အားနည်းခြင်းတို့ကြောင့် ကျရှုံးခဲ့ခြင်းလည်းဖြစ်သည်။ ဧပြီလ ၁၈ ရက်တွင် မတ်လကုန်၌ စစ်ဆေးခဲ့သည့် အဖြေလွှာများ ရလဒ်ဖြစ်သော အဆင့် A, B, C, D တို့ဖြင့် အသီးသီးခွဲခြင်း ထုတ်ပြန်ခဲ့ပြီးအဆင့် D ဖြင့် အောင်မြင်သူများသည် တစ်ရက်လျှင် ၂ ဘာသာနှုန်းဖြင့် မတ်လ ၁၄ ၊ ၁၅ ၊ ၁၆ ရက်များတွင် ပြန်လည် ဖြေဆိုရမည်ဖြစ်သည်။

““ကျတဲ့ အကြောင်းအရင်းက ကလေးတွေ ညံ့လို့လည်း ပြောလို့ မရဘူးလေ။ စာမေးပွဲတစ်ခုရဲ့ အောင်ခြင်း၊ ကျခြင်း အချက်တွေ အများကြီးရှိတာပေါ့။ ပထမဆုံးကတော့ သင်ယူမှုပေါ့။ သင်ကြားမှု သင်ယူမှုမှာ အားနည်းချက် ရှိသလား မရှိသလား ဒါကလည်း အချက်တစ်ခု၊ နောက်တစ်ခုက စာမေးပွဲမေးခွန်းပေါ့။ စာမေးပွဲ မေးခွန်း သဘောက စာမေးပွဲ မေးခွန်းစံတွေနဲ့ ဘယ်လောက် မေးခွန်းစံနဲ့ အများကြီး ခက်အောင် ထုတ်ဝေသလား၊ လွယ်ကူအောင် ထုတ်ဝေသလား၊ မေးခွန်းစံနဲ့ တသမတ်တည်းဖြစ်တာ ထုတ်သလား ဒီဟာကလည်း အချက်တစ်ချက်ပေါ့။ စာမေးပွဲစစ်ဆေးတဲ့ အခါမှာ စာမေးပွဲစောင့်တဲ့ အခါမှာ ပေါ့ပေါ့ လျော့လျော့လုပ်သလား၊ စာမေးပွဲခန်းတွေ တင်းကျပ်ပြီးတော့ လုပ်သလား၊ စာမေးပွဲ အောင်ခြင်းကျခြင်း သုတေသန သဘောဘဲ ပြောရရင်တော့ အချက်အများကြီး ရှိတာပေါ့။ သူတို့တွေ ညံ့လို့ကျတယ်ပေါ့။ အဲ့ဒီလို ပြောလို့မရဘူးလေ အများကြီးပါတာပေါ့ ဒီအအောင်အရှုံးရဲ့ သဘောသဘာဝမှာ”” ဟု မြန်မာနိုင်ငံ ပညာရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment