နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးနိုင်ရေး လုပ်ဆောင်မှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီ၊ မညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ ယခုလကုန်တွင် ထပ်မံတင်ပြရန် စီစဉ်မည်ဟု တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက မဇ္စျိမကို ပြောသည်။
ရှေ့နေဦးခင်မောင်သန်းက ‘‘အမျိုးသားလွှတ်တော်မှာ ပီအာရ်စနစ် ကျင့်သုံးနိုင်ရေး ကြိုးပမ်းမှုတွေဟာ ဖွဲ့စည်းပုံနဲ့ ညီ၊ မညီ ခုံရုံးကိုတင်ဖို့ အခုလကုန် ၂၉ ရက်၊ ၃၀ ရက်လောက် တင်နိုင်အောင်လုပ်နေပါတယ်’’ ဟု တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။
ဦးခင်မောင်သန်းသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများအတွက် ပီအာရ်စနစ် ကျင့်သုံးရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သည့် အင်န်အယ်လ်ဒီအပါအ၀င် တိုင်းရင်းသားကိုယ်စားလှယ်များက ဖွဲ့စည်းပုံဥပဒေနှင့် ညီ၊ မညီတင်ရာတွင် ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။
“ပီအာရ် ဥပဒေကြမ်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီ မညီဆိုတာ ဥပဒေကြမ်းဖြစ်လာမှ တင်လို့ရမှာ။ လွှတ်တော်မှာ ဆွေးနွေးပြီးရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီ မညီဆိုတဲ့ သဘောထား ခုံရုံးကနေ တောင်းတဲ့အဆင့် မျိုးကိုလုပ်မှာ။ မူအရကတော့ ဥပဒေ ဖြစ်မလာသေးတဲ့အတွက် ဒီဥပဒေသည် ဆိုတာမျိုး ကျွန်တော်တို့ လုပ်လို့မရသေးဘူး။ ဒါပေမဲ့ သူတို့လုပ်ဆောင်နေတဲ့ အချက်လောက်ကိုက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီ မညီ မေးလို့ရပြီ ဆိုတာနဲ့ မေးတော့မှာ” ဟု ဦးခင်မောင်သန်းက ပြောသည်။
ပြီးခဲ့သည့်မတ်လ ၁၉ ရက်က ပီအာရ်စနစ် အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မရှင် ဥက္ကဌ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပီအာရ်စနစ် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့တင်သွင်းခဲ့ခြင်းကို ရည်ညွန်း၍ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
ဦးဇော်မြင့်ဖေက ဒီဥပဒေ ကြမ်းဟာ တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်တစ်ခုချင်းစီ အတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီတူညီစွာ ရွေးကောက်တင် မြှောက်ပြီးယင်းသို့ အမျိုးသားလွှတ်တော်၌ ပီအာရ်စနစ်ကျင့်သုံးရေး ဥပဒေကြမ်း တစ်ရပ်တင်သွင်းခဲ့မှုအပေါ် လွှတ်တော်က ကန့်ကွက်သူ မရှိခဲ့သဖြင့် ဥပဒေကြမ်းကို လွှတ်တော်၌ဆွေးနွေးကြရမည် ဖြစ်သည်
သို့သော် ပီအာရ်စနစ် ကျင့်သုံးရေးကို အခြေခံဥပဒေနှင့် ညီမညီ ခုံရုံးသို့ လျှောက်ထားရာတွင်ပါဝင်သူ ဦးအောင်ကြည်ညွန့်က ဥပဒေကြမ်းကို ဆွေးနွေးချိန်တွင် ကန့်ကွက်ဆွေးနွေးသွားမည်ဖြစ်ဟု သတင်းထောက်များအား ပြောကြားထားသည်။
ပြည်သူနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ်ကျင့်သုံးရေးကို အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်ဇင်နှင့် ဒေါ်ခင်ဝိုင်းကြည်တို့က တင်သွင်းခဲ့သော်လည်း ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုတာ ခုံရုံးက ပယ်ချခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment