ရန်ကုန် (မဇ္ဈိမ)။ ။ လွှတ်တော်အမတ်အားလုံး၏ သဘောတူညီချက်ဖြင့်
လုပ်ဆောင်ရသည့် လွှတ်တော်အနေဖြင့် ဥပဒေများကို ပြင်ခိုင်းတိုင်း
ပြင်မပေးနိုင် ဟု ပြည်ထောင်စုလွှတ်တော် နာယကနှင့် အာဏာရပါတီ ဥက္ကဋ္ဌဖြစ်သူ
သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

လှိုင်သာယာမြို့နယ်၊
ကနောင်ခန်းမတွင် ဧပြီ ၂၄ ရက်က ကျင်းပသော "လှိုင်သာယာမြို့နယ် အလုပ်ရှင်၊
အလုပ်သမားများ တွေ့ဆုံပွဲတွင် တွေ့ရသော ပြည်ထောင်စုလွှတ်တော် နာယက
သူရဦးရွှေမန်း။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
"ဒီဥပဒေပြင်ပေးပါလို့ပြောတိုင်း လွှတ်တော်က မပြင်ပေးနိုင်ဘူးနော်။ မပြင်ပေးနိုင်ဘူး" ဟု ဥပဒေပြုရေးမဏ္ဍိုင် တွင် အခရာအကျဆုံးပုဂ္ဂိုလ်ဖြစ်သည့် သူရဦးရွှေမန်းက ပြောသည်။
ဥပဒေများကို လွှတ်တော်အမတ်အားလုံး၏ သဘောတူညီချက်ဖြင့် အတည်ပြု၊ ပြင်ဆင်၊ ပြဌာန်းရသည့်အတွက် နိုင်ငံကိုအုပ်ချုပ်သည့် အကြီးအကဲကပင် ဥပဒေပြုရေးလုပ်ငန်းကို လာရောက် စွက်ဖက်၍မရဟု ၎င်းက ဆိုသည်။
လှိုင်သာယာမြို့နယ်၊ ကနောင်မင်းသားကြီးလမ်းရှိ ကနောင်ခန်းမတွင် ဧပြီ ၂၄ရက်က ကျင်းပသော လူဦးရေ နှစ်ရာကျော်ခန့် တက်ရောက်သည့် "လှိုင်သာယာမြို့နယ် အလုပ်ရှင်၊ အလုပ်သမားများ တွေ့ဆုံပွဲ အခမ်းအနား" တွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ဒီခေတ်မှာ အာဏာရှင်တစ်ယောက်မှမရှိဘူး။ လွှတ်တော်ကိုလည်း ဘယ်သူမှ pressure(ဖိအား)လာပေးလို့ မရဘူး" ဟုလည်း ၎င်းက ပြောသည်။
ယင်းအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပြီးဖြစ်သည့် ၂၀၁၁ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် အလုပ်သမားအငြင်းပွားမှုများ ဖြေရှင်းရေးနည်းဥပဒေပါ ပြဌာန်းချက်အချို့ကို ပြင်ဆင်ပေးရန် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က အကြံပြုခဲ့သေးသည်။
ယနေ့ခေတ်တွင် အာဏာရှင် မရှိတော့ဟုဆိုသည့် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် " ဗိုလ်ချုပ်ကြီးလို့ခေါ်တာကို သဘောလည်းကျတယ်။ သဘောလည်း မကျဘူး" ဟု အဆိုပါ အခမ်းအနားတွင် မတင်မကျ ပြောဆိုသွားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမားဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းအပါအ၀င် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အလုပ်သမား ကိုယ်စားလှယ်များ နှင့် စက်မှုဇုန်လုပ်ငန်းရှင်အချို့ တက်ရောက်ခဲ့ကြပြီး အနည်းဆုံး လုပ်ခလစာသတ်မှတ်ရန် ကြန့်ကြာနေသောကြောင့် အလုပ်သမားဒုဝန်ကြီးကို ဆူထားသည်ဟု သူရဦးရွှေမန်းက ပြောဆိုသွားသည်။
"ဒေါ်ဝင်းမော်ထွန်း(အလုပ်သမားဒုဝန်ကြီး)က ဟိုတစ်နေ့က ကျွန်တော်ဆီလာပြီးတော့ ဂါရဝပြုတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ ရင်းနှီးတဲ့သဘောအပြင် ဆူပြောတောင် ပြောလိုက်ပါတယ်။ ကြာတယ်၊ ကြာတယ် ဒီလိုတောင် ပြောလိုက်ပါတယ်။ ကျွန်တော့်ဘက်က အကြံပြု တင်ပြရမယ်ဆိုရင် စောလေကောင်းလေပဲ" ဟု ၎င်းက ပြောသည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေစုစုပေါင်း ၁၅၉ခုကို ပြဌာန်းခဲ့ပြီးဖြစ်ကာ လွှတ်တော်တွင်း ရောက်ရှိနေသည့် ဥပဒေပေါင်း ၂၀ ကျော်ကို ဆက်လက် ပြဌာန်းရန် ကျန်ရှိနေသေးသည်။
Credit - Mizzima News
No comments:
Post a Comment