Friday, April 24, 2015

ပြည်မြို့ န၀ဒေးတံတားအောက် လူသတ်မှု ၂နှစ်ပြည့် စတစ်ကာ ကမ်ပိန်း ပြုလုပ်

ရန်ကုန်၊ ဧပြီ ၂၃

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ အမှုမှန် မပေါ်ပေါက်သေးသော ပြည်မြို့ န၀ဒေးတံတားအောက် ရှိ အကြမ်းဖက် လုယက်လူသတ်မှု၂နှစ်ပြည့်အဖြစ် ပြည်မြို့ရှိ အဖွဲ့အစည်း အသီးသီးမှ ဒေသခံပြည်သူများ စုပေါင်းကာ ဧပြီလ ၂၂ရက်တွင် ပြည်မြို့၌ စတစ်ကာကမ်းပိန်း ပြုလုပ်ခဲ့ကြောင်း အဆိုပါလှုပ်ရှားမှုတွင် ပါ ၀င်ခဲ့သူ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုရန်နိုင်ကျော်က ဧပြီလ ၂၃ ရက်တွင် မြန်မာ သံတော်ဆင့်သို့ပြောသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၃ရက် ည ၉ နာရီခွဲအချိန်တွင် ပြည်မြို့ န၀ဒေးတံတားအောက်ရှိ ကမ်းနား သောင်ပြင်တွင် သမီးရည်စားစုံတွဲ တစ်တွဲအား အကြမ်းဖက်သမားများက
ပစ္စည်းလုယက်ခံရခဲ့သဖြင့် အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ချစ်သူ အမျိုးသမီးမှာလည်း ရိုက်နှက်နှိပ်စက်ခံခဲ့ရသည်။

““ဒီကိစ္စက ပြည်ဒေသခံတွေ အားလုံးနဲ့လည်း သက်ဆိုင် တယ်။ ကျောင်းသား၊ ကျောင်းသူတွေအားလုံးနဲ့ လည်း သက်ဆိုင်တယ်။ ကျောင်းသား၊ ကျောင်းသူတွေက ဒီကမ်းခြေလို နေရာမျိုးကိုသွားပြီး ထိုင်ကြတယ်။ ကျွန်တော်တို့ ဒီဟာကြီးကို ဘယ်တော့မှ မမေ့ပျောက်ဘူး။ နောက်တစ်ခါထပ်မဖြစ်အောင် တားဆီးတဲ့အနေနဲ့ ဒီစတစ်ကာ ကမ်ပိန်းကို လုပ်ရခြင်းဖြစ်တယ်။ စစ်တပ်အသာစီးယူထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မပြင်ဆင် သမျှ လူထုအစိုးရမပေါ်သမျှ တရားဥပဒေ စိုးမိုးရေးတွေ လက်လွှတ်ဆုံးရှုံးနေဦးမှာပဲ””ဟု ပြည်နည်းပညာတက္က သိုလ်ကျောင်းသားသမဂ္ဂမှ ကိုရန်နိုင်ကျော်က မြန်မာသံတော်ဆင့် သို့ ပြောသည်။…

အဆိုပါအကြမ်းဖက်မှု ဖြစ်ပွားပြီးချိန်၌ အင်စုရပ်ကွက်နေ ဒေသခံလူထုက ၀ိုင်းဝန်းရှာဖွေရာ တံတား အလွန် ဘောင်ပြင်နှင့် တစ်ဆက်တည်းဖြစ်သော ကမ်းပါးရံ ကိုင်းတောထဲတွင် ပုန်းခိုနေသူ (ခလရ ၇၅)မှ စစ်သား သုံးဦးကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပြီး ရဲစခန်းသို့ အပ်နှံပြီးချိန်တွင် ရဲစခန်းမှ ဖမ်းဆီးခံရသူများကို ၎င်းတို့နှင့် မသက် ဆိုင်ဟုဆိုကာ ပြန်လည် လွှတ်ပေးလိုက်ချိန်မှစ၍ ယနေ့အချိန်ထိ ယင်းအမှု၏ တရားခံများကို ရှာဖွေဖော် ထုတ် နိုင်ခြင်း မရှိသေးပေ။ ယင်းအမှုဖြစ်ပွားပြီး နောက်ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိဘဲ အမှုမှန်ပါ ပေါ်ပေါက်ခြင်း မရှိသည့်အတွက် ဒေသခံများက အမှုမှန်ပေါ်ပေါက်ရန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ ကြသေးသည်။

““ဒီကိစ္စကို အမှုမှန်မပေါ် ပေါက်မချင်း ဇွဲရှိရှိနဲ့ ကျွန်တော်တို့ သွားမယ်လို့ စိတ်ရှိတဲ့ အဖွဲ့အစည်း တွေစတစ်ကာ ကမ်ပိန်းမှာ အကုန်ပါတယ်။ ပြန်ပြော ရရင် အင်မတန်ကို မြင်ကွင်းက ကျဉ်းလွန်းတယ်။ အဲ့ဒီမှာ ဒီလိုမျိုး သတ် ဖြတ်မှုဖြစ်တယ်။ ဖြစ်တဲ့အချိန်ရယ် အခင်းဖြစ်တဲ့ နေရာရယ်မှာ ဖမ်းမိတာက စစ် သား၃ဦးက ၂ဦးဖမ်းမိ တယ်။ အရမ်းရှင်းလွန်တယ်”” ဟု ပြည်မြို့ဒေသခံ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမင်းမင်းက မြန်မာသံတော် ဆင့်သို့ ပြောသည်။ အဆိုပါ န၀ဒေး တံတားအောက် လူသတ်မှုမှာ ခလရ ၇၅ တပ်မတော်သား ၃ ဦးနှင့်မသက်ဆိုင် ကြောင်း တပ်မတော်က ရှင်းလင်းခဲ့သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

No comments:

Post a Comment