Wednesday, April 22, 2015

ပြည်တွင်း ပဲလက်ကျန် နည်းပါးမှုကြောင့် ပြည်ပပို့ ပဲမျိုးစုံ ဈေးနှုန်းများ ဆက်လက်မြင့်တက်

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ကျန်နည်းပါးလာမှုကြောင့် ပြည်ပပို့ပဲမျိုးစုံ ဈေးနှုန်းများ မြင့်တက်လာပြီး ပဲအမျိုးအစားအချို့သည် ဧပြီလအစပိုင်း ဈေးနှုန်းများထက် ပဲမျိုးစုံ တစ်တန်လျှင် ကျပ်ငွေ ကိုးသောင်းနီးပါး ဈေးတက်လာလျက် ရှိသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်လိုက်သည်။

Bean
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ပဲသန့်စင်စက် လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)



ပဲမျိုးစုံဈေးနှုန်းများသည် ကုန်ဆုံးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးများထက် တစ်ဟုန်ထိုးမြင့်တက်ခဲ့ကာ ၉ ရက်အတွင်း ကျပ်ကိုးသောင်းခန့် တက်လာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာ့ပဲပို့ကုန်များအနက် အဓိက ပဲအမယ်တစ်မျိုးဖြစ်သော မတ်ပဲဈေးသည် သာမန် အရည်အသွေး (FAQ) တစ်တန်ကို ကျပ်ငွေ ၁,၀၃၂,၀၀၀ အထိဈေးရှိနေကာ အရည်အသွေးမြင့် (SQ) တစ် တန်ကို ကျပ်ငွေ ၁,၀၉၀,၀၀၀ အထိ ဈေးပေါက်နေသည်။

၂၀၁၄- ၁၅ ဘဏ္ဍာနှစ်ကုန် မတ်လ ၃၁ ရက်တွင် မတ်ပဲဈေးများသည် (FAQ) တစ်တန်ကို ကျပ်ငွေ ၉၅,၀၀၀ နှင့် (SQ) တစ်တန်ကို ကျပ် ၁,၀၁၈,၀၀၀ ဈေးများသာ ရှိခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပဲဈေးနှုန်းများမြင့်တက်လာခြင်းသည် အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံအတွင်း၌ ပဲလက်ကျန်များ လျော့နည်းနေကာ မြန်မာနိုင်ငံတွင်လည်း လက်ကျန်ပဲများ နည်းနေခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြတ်စိုးက မဇ္ဈိမကို ပြောထားသည်။

၎င်းက ''လက်ရှိပုံစံအတိုင်းဆိုရင်တော့ ပဲဈေးက ထပ်ပြီး တက်နေဦးမှာပါ။ အခုကုန်သွားတဲ့ ဘဏ္ဍာနှစ်ကလည်း ပဲတင်ပို့မှုက နည်းပေမယ့် ရှေ့ဘဏ္ဍာနှစ် ( ၂၀၁၃-၁၄) ထက် ပို့ကုန်ဝင်ငွေက ပိုရခဲ့တာပါ'' ဟု ပြောသည်။

ပဲစင်းငုံနီများမှာလည်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ၃၁ ရက်က တစ်တန်လျှင် ကျပ် ၉၄,၁၀၀ ဈေးပေါက်ကာ ဧပြီ ၈ ရက်တွင် တစ်တန်ကို ကျပ် ၁၀၁,၅၀၀ ဈေးအထိ ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဧပြီလ ၉ ရက် နောက်ပိုင်းမှ စတင်ကာ လက်ကျန်ပဲများ နည်းနေသဖြင့် ဈေးကွက်အတွင်း ဝင်ရောက်မှုမရှိဘဲ ဖြစ်နေသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်၏ နေ့စဉ်ကုန်ဝင်မှတ်တမ်းများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံပို့ကုန်တန်ချိန် ၁၀၅,၀၀၀ ကျော် တင်ပို့ထားနိုင်ကာ ပို့ကုန်ရငွေ ကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရရှိထားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက ထုတ်ပြန်ထားသည်။

Credit - Mizzima News

No comments:

Post a Comment