~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော် ငယ်စဉ်ဘ၀က မိဘဘိုးဘွားများရဲ့ ဇာတိဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့နဲ့ ရေကြောမြေကြောချင်း ဆက်စပ်နေတဲ့ တွံတေးတောကြီးတန်းထဲမှာ တောရကျောင်းကလေး တည်ဖွဲ့ပြီး သီတင်းသုံးနေတဲ့ ဆရာတော်ကြီး ဦးစန္ဒိမာဆီကို နွေကျောင်း ပိတ်ရက်တွေမှာ ရောက်သွားလေ့ ရှိပါတယ်။ တောထဲကို ထင်းခုတ်ဖို့ ရောက်လာတဲ့ ရွာသားတချို့က ဆရာတော်ကြီးကျောင်းမှာ လိုရာသုံးဖို့ ခုတ်ပြီးသား ထင်းတွေ
လာလှူ သွားကြတာကြောင့် ထင်းကို မပြတ်သုံးစွဲခွင့်ရပါတယ်။ တောထဲကို ဟင်းလျာရှာဖွေဖို့ ၀င်လာကြတဲ့ ပတ်ဝန်းကျင် ရွာသူရွာသားတချို့က ခရီးသွားဟန်လွှဲ ဆရာတော်ကြီးဆီဝင်ပြီး ဆန်၊ ဆီ၊ ငရုတ်၊ ဆားစသဖြင့် လှူဒါန်း သွားကြတာတွေလည်း ရှိပါတယ်။ တချို့ဆိုရင် ကျောင်းထဲဝင်လာပြီး ဟင်းသီးဟင်းရွက်ကအစ လှူဒါန်း သွားကြတယ်။ တချို့က ဆရာတော်ကြီးအတွက် ဟင်းတစ်မျိုးမျိုး ချက်ပြုတ်ပေးသွားကြတဲ့ သူတွေလည်း ရှိကြတယ်။ ကုသိုလ်ယူကြတာပေါ့။ ဆရာတော်ကြီးဟာ ကျွန်တော့်ဘိုးဘွားမိဘ အစဉ်အဆက် ဆရာရင်း ဒကာရင်းသဖွယ် ကိုးကွယ်အားထားခဲ့ရာ ဆရာတော်ကြီး လည်း ဖြစ်ပါတယ်။ ကျောင်းပတ်ဝန်းကျင် ဟာ သာယာတိတ်ဆိတ်လို့ နေတတ်တယ်။ တစ်ခါတစ်ခါ မှာ ကျောင်းဝင်းထဲက ရေချိုတွင်းလေးနားကို လိပ်ပြာ ရောင်စုံလေးတွေ ပျံဝဲပြီးလာတတ်သေးတယ်။ ကျေးငှက်တွေရဲ့ မြည်သံ၊ သစ်ပင်ပန်းမာလာတွေ ရနံ့နဲ့ ထုံသင်းပျံ့နေတဲ့ မမေ့နိုင်စရာ တောရကျောင်းကလေးပါ။ ဆရာတော်ကြီးဆီ ရောက်သွားပြီဆိုရင် ကျွန်တော်တို့က ဆွမ်းကွမ်းဝေယျာဝစ္စကအစ လုပ်ကိုင်ပေးကြ၊ သင်္ကန်းတွေ လျှော်ဖွပ်ပေးကြနဲ့ ကုသိုလ်ယူရ ပါတယ်။ တစ်ခါတစ်ခါမှာ ဆရာတော်ကြီးက ကျွန်တော်တို့ကို ပြောဆိုဆုံးမစရာ သာဓကလေးတွေနဲ့ အကြောင်းအရာမျိုးစုံ ပြောပြတတ်ပါသေးတယ်။ လူတိုင်းဟာ အကြွေးနဲ့ မကင်းတတ်ကြတဲ့အကြောင်း၊ အကြွေး ရှိတာကိုလည်း ကျေအောင်ဆပ်သင့်တဲ့ အကြောင်း ဆရာတော်ကြီး ပြောပြ ဖူးတာ လေးတစ်ခု သတိရနေမိ ပါသေးတယ်။ ဆရာတော်ကြီး ဦးစန္ဒိမာက သူဖတ်ဖူးတဲ့တကယ့် အဖြစ်အပျက်လေးတစ်ခု အကြောင်းကို ပြောပြတာပါ။ တစ်ခါတုန်းက တောင်တွင်းကြီး မြို့နယ်ထဲက ရွာတစ်ရွာမှာ လက်လုပ်လက်စားသမား ငယ်သူငယ်ချင်း နှစ်ယောက် ရှိကြတယ်တဲ့။ သူတို့က နေ့စဉ်နေ့တိုင်း တောင်တွင်းကြီးမြို့ကိုသွားပြီး သူဌေးတစ် ယောက်ရဲ့ ပွဲရုံမှာ အောက်ခြေသိမ်း အလုပ်လုပ်ကြရတဲ့ နေ့စား အလုပ်သမား နှစ်ယောက်ပါ။ ညနေ အလုပ်သိမ်းပြီဆိုရင် အလုပ်ရှင်က လုပ်အားခငွေ ရှင်းပေးတာယူပြီး နှစ်ယောက်သား ရွာကို ပြန်လာနေကျပေါ့၊ တစ်ရက်မှာကျတော့ ညနေဘက် သူတို့ ပြန်လာခါနီးကျမှ ပွဲရုံကို အလုပ်ကိစ္စနဲ့ ကုန်သည် ၃ ယောက်က ရောက်လာတော့ ပွဲရုံပိုင်ရှင်သူဌေးက ဧည့်သည်တွေနဲ့ လုပ်ငန်းအကြောင်းတွေ ထိုင်ပြောနေတာ အကြာကြီးပဲ။ သူတို့ သူငယ်ချင်း နှစ်ယောက်ကိုလည်း ပွဲရုံပိုင်ရှင်သူဌေးက သူအလုပ်များနေပြီး ဧည့်သည်တွေနဲ့ စကားစ မပြတ်သေးလို့ မင်းတို့နေ့တွက်ခတွေ မနက်ဖြန်ညနေကျမှ ငါပေါင်းပြီး ရှင်းပေးမယ်ဆိုပြီး လှမ်းပြောတာနဲ့ သူတို့လည်း ရွာဘက်ကို ပြန်လာကြတယ်တဲ့။ သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က အိမ်ပြန်ရောက်ရင် ချက်စရာ ဆန်ကုန်နေလို့ ““သူငယ်ချင်းရယ် မနက်ဖြန် အလုပ်ရှင်ဆီက ပိုက်ဆံရမှ ဆန်ဖိုးပိုက်ဆံ ငါပြန်ပေး ပါ့မယ်။ လောလောဆယ် မင်းအိမ်မှာဆန်ရှိရင် ငါဝင်ပြီး ခဏယူပါရစေ၊ ငါ့ကို ဆန်နည်းနည်းလောက် ချေးလိုက်ပါ”” ဆိုပြီး အကူအညီတောင်းတယ်။ တစ်ယောက်မှာက ဆန်ရှိနေတော့ အိမ်လိုက်ယူပေါ့လို့ ပြောလိုက်တယ်။ ခဏချေးယူတဲ့ဆန်က အများကြီး မဟုတ်ပါဘူး။ မိသားစုအတွက် အဲဒီနေ့ ညစာနဲ့ နောက်နေ့ မနက်စာ ၂ ခါချက်လောက်ရုံ ဆန်ကလေး နည်းနည်းပါးပါးပါ။ ဒါနဲ့ သူငယ်ချင်းရဲ့အိမ်မှာ ဆန်ဝင်ယူရင်း ပြန်ခါနီး ကျတော့ ငါအခုမင်းဆီက ချေးသွားတဲ့ ဆန်ကို မနက်ဖြန်ခါကျရင် ဆက်ဆက်ပြန် အကြွေးဆပ်မယ်နော်လို့ ပြော သွားသေးတယ်။ ဒါပေမဲ့ ကံတရားဆိုတာက အဆန်းကြယ်သားပဲ။ ဆန်ချေးယူသွားတဲ့ သူငယ်ချင်းဟာ သူ့အိမ်ကို ပြန်မရောက်ခင် ညနေစောင်း မှောင်ရီဝိုးတ၀ါး ရွာတောလမ်းဘေးက လျှောက် သွားနေတုန်းမှာ လမ်းဘေးချုံစပ်မှာ ခွေနေတဲ့ မြွေဆိုးကို တက်နင်းမိလို့ မြွေကိုက်ခံလိုက်ရရှာတယ်။ မြွေဆိပ်သင့်ပြီး အဲဒီ ညနေမှာပဲ ဆုံးသွားတယ်။ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးလိုက်ရတာပေါ့။ မသေခင် သူချေးယူသွားတဲ့ ဆန်လေး နည်းနည်းပါးပါးလောက်ကိုလည်း ကျန်ရစ်သူ မိသားစုတွေဆီက ပြန်ပြီး မတောင်းတော့ပါဘူး။ ရှိစေတော့ပေါ့။ ဒါပေမဲ့ ““ကတိ””က တော်တော်ကို ထူးဆန်းတယ်။ သူတစ်ပါးဆီက ယူထားတဲ့ အကြွေးဆိုတဲ့ “ဆန်”လေး မဖြစ်စလောက်ကို ပြန်ဆပ်မသွားနိုင်ဘဲ ကတိပျက်သလို ဖြစ်သွားရရှာတဲ့ သွားလေသူဟာ အဲဒီဆန် အကြွေးပေးလိုက်တဲ့ သူငယ်ချင်းရဲ့အိမ်မှာ တိုက်ကြက်လေး ဘ၀နဲ့ သံသရာကြွေးဆပ်ဖို့ ဖြစ်လာ တယ်။ ဒါကို သူ့သူငယ်ချင်းက ဘယ်သိပါ့မလဲ။ အားတဲ့ရက် အပေါင်းအသင်းတွေနဲ့ အဲဒီ တိုက်ကြက်လေးကို ပွေ့ပိုက်ပြီး ရွာစဉ်လျှောက်လို့ ကြက်လိုက်တိုက်နေတာပေါ့။ နိုင်တဲ့အခါလည်းရှိရဲ့။ တစ်ခါမှာတော့ ခွက်ခွက်လန်အောင် ရှုံးပါလေရော။ အရက်ကလည်း မူးနေတော့ စိတ်ဆိုးဆိုးနဲ့ ဒီကြက် အသုံးမကျလို့ ငါ့ပိုက်ဆံတွေ ကုန်ပါပြီဆိုပြီး မြေကြီးနဲ့ ကိုင်ရိုက်ပစ်လိုက်တာ တိုက်ကြက်လေး သေသွားလေရဲ့။ သေသွားတဲ့ ကြက်ကလေးက ဒီလူ့ဆီမှာ သံသရာကြွေး ဆက်ဆပ်ဖို့အတွက် ဒီလူ့ခြံထဲမွေးထားတဲ့ နွားမကြီးဗိုက် ထဲမှာ နွားကလေးအဖြစ် ဘ၀ပြောင်းလဲရပြန်တယ်။ မွေး လာတော့ နွားပေါက်စလေးက မကျန်းမမာ မသန်စွမ်း ရှာပြန်ဘူး။ ဒီလိုဖြစ်နေတုန်းမှာ ထန်းရည်သမားတွေ ပိုက်ဆံစုပြီး နွားကလေးအသားနဲ့ ထန်းရည်နဲ့မြည်းဖို့ဆိုပြီး ဒီလူ့ဆီမှာ လာဝယ်တော့ ရောင်းလိုက်ပြန်ရော။ မြို့ကနေ အဲဒီရွာကို ခဏလာတဲ့ စာရေးကြီး လင်မယားက နွားကလေးကို အမဲသားပေါ်ဖို့ဆိုပြီး ထန်းရည်သမားတွေ ကြိုးနဲ့ ဆွဲခေါ်သွားတာ မြင်လိုက်ရတယ်။ စာရေးကြီး မိန်းမက နွားကလေး သနားပါတယ်ဆိုတဲ့စိတ် ဖြစ်မိတယ်။ သူ့မှာ ကိုယ်ဝန်ရှိလာတော့ အဲဒီ နွားပေါက်စလေးကနေ လူ့ဘ၀ရောက်လာတဲ့ ကလေးကို ကိုယ်ဝန်ဆောင်ရတယ်။ ဒီအဖြစ်အပျက်တွေ အားလုံးကို မွေးလာတဲ့ကလေးက အားလုံးသိနေတယ်။ ဒီကလေးက စကားပြောတတ်တဲ့ အရွယ်ရောက်တာ တောင်မှ မိဘတွေကို စကားမပြောဘူး။ စာရေးကြီး လင်မယားအတွက်တော့ ရှားရှားပါးပါး ဒီကလေးက သားဦး ကလေးဆိုတော့ စိုးရိမ်ကြတာပေါ့။ ဒီကလေးဟာ ဆွံ့အများ နေရှာလေသလားပေါ့။ နေခဲ့ကြတာကတော့ အကြာကြီးပါပဲ။ တစ်ရက်မှာ ရုံးထုံးစံ ရုံးသမားတွေထုံးစံ လခထုတ်ရက်။ ရုံးသွားခါနီးမှာ ထူးခြားတယ်။ စကားမပြောဘဲ နေလာတဲ့ ကလေးက ““အဖေ … ဒီနေ့ထုတ်ရမယ့် လစာငွေထဲက ပိုက်ဆံ နည်းနည်းလောက် သားကိုပေးပါ””လို့ပြောလိုက်တာ နားနဲ့ဆတ်ဆတ် ကြားလိုက်ရတော့ စာရေးကြီးလင်မယား ဟာ အံ့အားလည်းသင့်ပြီး တအားဝမ်းသာသွားကြတယ်။ ပတ်ဝန်းကျင် အိမ်တွေကိုလည်း လှမ်းအော် ပြောလိုက်တယ်။ ငါတို့သားလေး စကားပြောပြီဟေ့လို့။ ““သားလေးရယ် ပိုက်ဆံနည်းနည်း မဟုတ်ပါဘူး၊ ငါ့သားလေး လိုသလောက်ယူပါ။ သားလေး စကားစပြီး ပြောတာကိုပဲ အဖေတို့ အမေတို့ ၀မ်းသာလှပါပြီ”” လို့လည်း ပြောမိကြတယ်။ ဒါနဲ့ ညနေရုံးဆင်းချိန် စာရေးကြီး အိမ်ကိုပြန်လာတယ်။ လစာငွေလည်းထုတ် ခဲ့တာပေါ့။ ရှေးခေတ်က လှည်းနဲ့ တောရွာသွားတဲ့ခေတ်။ ကလေးက သူ့မိဘတွေကို နွားလှည်းပြင်ပါ။ သွားစရာရှိပါတယ် ဆိုတာနဲ့ လှည်းသမားခေါ်ပြီး နွားလှည်းတစ်စီးနဲ့ မိသားစု “၃” ယောက် ထွက်လာကြတယ်။ ကလေးက ဘယ်ရွာက ဘယ်သူ့အိမ်သွားပါ လို့ပြောတယ်။ လမ်းမှာ ကုန်စုံဆိုင်တစ်ဆိုင် ရှေ့ရောက်တော့ ““အဖေ၊ ဆန်တစ်အိတ် ဖိုးပေးပါ””ဆိုပြီး ပိုက်ဆံတောင်းတယ်။ ပြီးတော့ လှည်းသမားကို ပိုက်ဆံပေးပြီး လှည်းပေါ် ဆန်တစ်အိတ် တင်ခိုင်းလိုက်တယ်။ သွားချင်တဲ့ရွာရောက်ပြီး ၀င်ချင်တဲ့အိမ်ရဲ့ ခြံဝလည်းရောက်ရော လှည်းသမားက ဆန်အိတ်ကိုထမ်း၊ သားအမိသားအဖ “၃” ယောက်က အိမ်ပေါ်လှမ်းတက်ကြတယ်။ အိမ်ထဲမှာ တွေ့ရတဲ့ လူတစ်ယောက်ကို ကလေးက ““ဟေ့သူငယ်ချင်း””လို့ လှမ်း ခေါ်လိုက်တယ်။ အောင်မယ်၊ ဒီကလေး က ငါ့များ သူငယ်ချင်းတဲ့လားဆိုပြီး အိမ်ထဲက “လူ”က အံ့သြနေတုန်းမှာ ကလေးက သူ့ဘ၀ဖြစ်စဉ် အားလုံးကို ဖွင့်ပြောပြ လိုက်ပါတယ်။ ဒီတော့မှ ဒီကလေးဟာ သူ့ဆီက ဆန်လေးနည်းနည်း အကြွေးယူသွားပြီး မြွေကိုက်ခံ လိုက်ရလို့ သေဆုံးသွားရှာတဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းဝင်စားတဲ့ လူဝင်စားကလေးပါလားဆိုတာ ဟိုလူကသိ သွားတယ်။ လူကြီးနဲ့ ကလေးရယ်လို့ သဘောမထားကြတော့ဘဲ ငယ်သူငယ်ချင်း အချင်းချင်းလိုပဲ စကားပြော ကြတော့ ကလေးက ဘာပြောလဲဆိုရင် ““သူငယ်ချင်းရေ … ငါတော့ ဘ၀အမျိုးမျိုး ပြောင်းပြီး ၀ဋ်ခံခဲ့ရတာကို လူ့ဘ၀လည်း ပြန်ရောက်ရော စိတ်ထဲမှာ ထိခိုက်လွန်းတာနဲ့ ဟောဒီအမေနဲ့ အဖေကိုလည်း စကားမပြောမိဘူး။ ပတ်ဝန်းကျင်က လူတွေကိုလည်း စကားမပြောမိဘူး။ ဒီနေ့တော့ မင်းကိုငါ ဆန်အကြွေး ပြန်ဆပ်ဖို့ အချိန်ကျပြီ ဆိုတော့ ငါ့စိတ်ထဲမှာ အလိုလို သိလာတာနဲ့ အားလုံးကိုစကားစပြီး ပြောလိုက်တော့တယ်ကွာ။ ကဲ…ကဲ ငါတို့လည်း အချိန်ရှိတုန်း ပြန်ကြရဦးမယ်။ မင်းကို အကြွေးပြန်ဆပ်ပါပြီ သူငယ်ချင်း မင်းဆီက ငါယူခဲ့ဖူးတာ ဆန် “၂”ခါချက်လေး ဆိုပေမယ့် ဒီဘ၀မှာပဲ ဒီဝဋ်ကြွေး ကုန်ပါစေတော့ဆိုပြီး အခုယူလာတဲ့ ဆန်တစ်အိတ်နဲ့ပဲ ငါ့အပေါ်မှာ မင်းဘက်က တင်နေတဲ့အကြွေးကို ကျေလိုက်ပေတော့ကွာ၊ မင်းနဲ့ငါ ဘာသံသရာအကြွေးမှ မရှိကြ တော့ဘူးနော် သူငယ်ချင်း””လို့ ပြောပြီး ပြန်လာခဲ့ကြတယ်တဲ့။ ဆရာတော်ကြီး ဦးစန္ဒိမာက အဲဒီ သူငယ်ချင်း နှစ်ယောက်ရဲ့ တကယ့်အဖြစ်အပျက်ကို ကျွန်တော်တို့ကို ပြောပြရင်း လောကမှာ လူတိုင်းဟာ အကြွေးတော့ မကင်းတတ်ကြဘူး၊ ဒါပေမဲ့ အကြွေးရှိရင် ကျေလည်အောင် ပြန်ဆပ်ရမယ်။ ယူတုန်းကယူပြီး ဟာ … ငါယူတာ ဘာမှမဟုတ်လောက်တဲ့ အကြွေးလေးပဲ … ပြန်မဆပ်ရင်လည်း ရတာပဲလေလို့ အတွေးမှားသွားရင် … သူ့အကြွေး မကျေမချင်း သံသရာဝဋ်ကို ဘ၀ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ကြွေးရှင်ဆီမှာ လှည့်ပြီး ခံရတတ်တယ်လို့ ပြောဆို ဆုံးမခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ ဘ၀ကလည်း အဲဒီလိုပဲ အတော်ဆိုးတဲ့ဘ၀ပါ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ““န-၀- တ စစ်အစိုးရ”” လက်ထက်ကစပြီး မြန်မာ ပြည်သူ လူထုကြီး ကောင်းကောင်းနေ၊ ကောင်းကောင်းသွား၊ ကောင်းကောင်း စားကြရဖို့အတွက်ပါ ဆိုတဲ့အကြောင်းပြ ချက်နဲ့ ကျေးဇူးရှင် တရုတ်အစိုးရဆီက စီမံကိန်း စီမံချက်ကဏ္ဍ တော်တော်များများအတွက် ၀န်ကြီးဌာန အသီးသီးက ငွေချေးထားတဲ့ ချေးငွေပမာဏဟာ များပြားလွန်းခဲ့ပါတယ်။ နောက်တစ်ခါ နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ န-အ-ဖ စစ်အစိုးရ လက်ထက် ရောက်ပြန်တော့လည်း တရုတ်အစိုးရဆီက ယူရပြန်တဲ့ အကူအညီတွေ၊ အကြွေးတွေက ရှိနေဆဲပါပဲ။ အခု ဒီဘက်ခေတ်အထိ တရုတ်အစိုးရဆီမှာ ငွေတွေ ချေးနေကြတုန်းပါပဲ။ ပြည်သူလူထုက ဘာနဲ့အလားသဏ္ဌာန် တူလဲဆိုတော့ အဲဒီခေတ် ၃ ခေတ်မှာ အကြွေး သံသရာကြီး မပြီးဆုံးနိုင်ဘဲ အကြွေးဆပ်နေရတဲ့ နွံအိုင်ကြီးထဲ နစ်ခဲ့ရတဲ့အဖြစ်ဟာ ဆရာတော်ကြီး ဦးခန္ဒိမာ ပြောပြဖူးတဲ့ တကယ့် အဖြစ်အပျက်ထဲက တိုက်ကြက်ကလေးရဲ့ဘ၀၊ နွားပေါက်စလေးရဲ့ဘ၀နဲ့ စာရေးကြီး ဇနီးမောင်နှံရဲ့ သားကလေးဘ၀လိုပါပဲ။
မြန်မာပြည်သူလူထုဟာ အဲဒီလိုဘ၀အမျိုးမျိုး ကြားထဲမှာ တရုတ်အစိုးရကို သံသရာကြွေး ပေးဆပ်နေတုန်းမှာပဲ မြန်မာပြည်ထဲမှာရှိသမျှ မြေပေါ်မြေအောက် ရေပြင်ပါမကျန် သယံဇာတ အဖိုးတန်ပစ္စည်း တွေဟာလည်း ပြောင်သလင်းခါ ကုန်သလောက် ရှိနေပါပြီ။ ဒီကြားထဲမှာပဲ ၀န်ကြီးဌာနတွေဟာ တရုတ်အစိုးရဆီက ငွေကြေး အများကြီး ချေးငှားနေကြတုန်းပါပဲ။ အဲဒီလို အကြွေးတွေ ထပ်ခါတလဲလဲ တင်ပြီး ရင်းတင်နေတုန်းမှာ နောက်ထပ် ပေးဆပ်စရာ လျော်ကြေးငွေ ဆိုတာကြီးက ပေါ်လာပြန်ပါပြီ။ အခုဖြစ်နေတဲ့ တရုတ်-မြန်မာ နယ်စပ်က စစ်ပွဲမှာ ဗုံးတစ်လုံးက ကျကွဲပြန်တယ်။ ကျကွဲတဲ့နေရာကလည်း မြန်မာနယ်စပ်ကိုကျော်ပြီး တရုတ်ပိုင်နက် ယူနန် ပြည်နယ်ထဲမှာရှိတဲ့ ““တာ့ရွှေရှန်းတု”” ဆိုတဲ့ရွာမှာ ကျကွဲတာ။ ကြံစိုက်ခင်းထဲအလုပ် လုပ်နေတဲ့ တရုတ်လူမျိုး “၅”ယောက်ဟာ ဗုံးကျတဲ့ဒဏ်နဲ့ သေဆုံးသွားကြတယ်။ ဒဏ်ရာရသွားတဲ့ သူတွေလည်းရှိတယ်။ ဒီ ပြဿနာအတွက် မြန်မာပြည်သူလူထု ဘက်က လျော်ကြေးငွေတွေ ပေးရတော့ မယ်။ ထိခိုက်နစ်နာဆုံးရှုံးသွားကြတဲ့ တရုတ် လူမျိုးတစ်ယောက်ကိုဒေါ်လာငွေ ၁၁၂၂၂ လျော်ကြေးငွေ ပေးရမှာတဲ့။ ဆရာတော် ကြီးဦးစန္ဒိမာ ကျွန်တော်တို့ကို ပြောပြသွားတဲ့ အဖြစ်အပျက်ထဲမှာ နောက်ဆုံးကျတော့ ကြွေးရှင်ကို ကြွေးယူထားခဲ့ဖူးတဲ့သူက ဆန်တစ်အိတ်ပေးပြီး သံသရာကြွေး “ပြတ်”အောင်ကျေအောင် ဆပ်လိုက်တော့ ပြီးပြီးစီးစီး ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ရဲ့လက်ရှိ မြန်မာပြည်သူလူထု ဘ၀ကတော့ ဆင်းရဲတွင်း နက်သထက် နက်လှပါတယ်ဆိုတဲ့ ကြားထဲကပဲ ကျေးဇူးရှင် တရုတ်အစိုးရကို ကြွေးတွေလည်း ဆပ်လို့ကို မပြီးဆုံးနိုင်ကြသေးဘူး။ အခုလည်း လျော်ကြေးဒေါ်လာ ငွေတွေ ပေးကြရဦးမတဲ့။ ကြာတော့လည်း တွေးစရာတွေ ဖြစ်ဖြစ်လာတယ်။ တခြားတော့ မဟုတ်ပါဘူး။ ကြွေးရှင်လေလား၊ ကျေးဇူးရှင်လေလား ဆိုတာကိုပါ။ န-၀-တ၊ န-အ-ဖ စစ်အစိုးရခေတ်၊ အခုအစိုးရသစ်ခေတ် “၃”ခေတ်မှာ အကြွေးနဲ့ ပတ်သက်လို့ မြန်မာပြည်သူ လူထုဟာ ၀ဋ် ၃ ၀ဋ်ကို ခံစားနေကြရတုန်းပါပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment