~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
…ယခင်တစ်ပတ်မှအဆက်
● ကတုံးရိုးမ
ပဲခူးရိုးမဆိုသည်မှာ တစ်ချိန်က ဆင်၊ ကျား ခိုအောင်းပေါများသည့် နေရာအဖြစ် ထင်ရှားခဲ့သည်။ ထိုကာလက ကိုလိုနီခေတ်အထိ ရှိနေတုန်းပင် ဖြစ်ပေသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း ပေါများဆဲပင်ဖြစ်ပြီး ကွန်မြူနစ်တို့ ပုန်းအောင်းအခြေစိုက်ရာ နေရာဖြစ်ခဲ့သည်။ အလွန်တောထူလှသဖြင့်သာ ဌာနချုပ်အဖြစ် စခန်းချ နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့ထက်စောသည့် အင်္ဂလိပ်-မြန်မာ
ဒုတိယစစ်အပြီး အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်ပြီး နောက်ပိုင်းတွင် ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ပဲခူးရိုးမဘက်ခြမ်းတွင် သစ်ပင်ပေါင်း မည်မျှရှိသည်ကိုပင် စနစ်တကျ မှတ်တမ်းတင်ခဲ့ရာ အလွန်ထူထပ်သည့် တောမှန်း သိသာစေခဲ့သည်။ Dr. Mc Clellandu က ၎င်းတို့ သိမ်းပိုက်ထားသည့် အောက်မြန်မာပြည်ဘက်ခြမ်းရှိ ပဲခူးရိုးမတွင် လုံးပတ် ၁၈ လက်မ အထက် ကျွန်းသစ်အပင်ပေါင်း ၆၅၀၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် အပင် ၁၃၀၀၀ ခန့် ထုတ်လုပ်သွားလျှင် နှစ်ပေါင်း ၅၀ ခန့် ထုတ်လုပ်သွားနိုင်မည် ဖြစ်ကြောင်း အစီရင်ခံခဲ့သည်ကို တွေ့ရသည်။ ခုတ်လိုက်သည့် နေရာတွင် ပြန်စိုက်သွားခြင်းဖြင့် နောင်အနှစ် ၅၀ အကြာတွင် သစ်တောမှာလည်း နဂိုအတိုင်း တည်ရှိနေမည့် သဘောပင်ဖြစ်သည်။ အခြားသစ်ပင် မပါသေးဘဲ ကျွန်းသစ် တစ်မျိုးတည်း အရေအတွက်ပင် ဖြစ်သည်။ အထက်မြန်မာနိုင်ငံအခြမ်းက သူတို့မပိုင်သေးသဖြင့် သူတို့ပိုင်သည့်ဘက်ကို စနစ်တကျ ကွင်းဆင်း သုတေသန ပြုကာ ရေးသားအစီရင်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ သိမ်းပိုက်နယ်မြေအတွင်း ခုတ်ပြီး မသယ်ယူနိုင်သေးသည့် သစ်များအတွက် လွတ်လပ်စွာ သယ်ယူကြစေရေး၊ ကျေးရွာများမှ သစ်ခုတ်နေသူများအရေး တို့ကို အစီရင်ခံစာ တွင် ရေးသားတင်ပြကာ ပြန်လည် စိုက်ပျိုးရေး အစီအစဉ်များပါ ထည့်တွက်ထားခဲ့သည်။ ထိုစဉ်ကတည်းက ကျွန်တော်တို့ ဘုရင်တွင် ဘာအစီအစဉ်မျှ မရှိခဲ့ချေ။ ကျွန်တော် မကြာခဏ ပြောနေသကဲ့သို့ ကိုယ့်နိုင်ငံကို နယ်ချဲ့သိမ်းပိုက်ကာ အမြတ်ထုတ် ကုပ်သွေးစုပ်သွားပါသည် ဆိုသည့် နယ်ချဲ့များကမှ စနစ်ကျနစွာ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ၊ သစ်တောလည်း မပြုန်းတီးစေရေး ကိစ္စများကို ဟန်ကျပန်ကျ စဉ်းစား သွားသေးသည်ကို တွေ့ရသည်။
ယခုကျွန်တော် ရောက်ရှိနေသည့် ပဲခူးရိုးမသည် ကြားဖူးနေသော ပဲခူးရိုးမမှ ဟုတ်ပါလေစဟုပင် တွေးမိသည်။ တောင်မှန်သမျှ ကတုံးပြောင်နေပေသည်။ ဘာမျှခုတ်စရာ အပင်မရှိတော့ချေ။ အလွန်လမ်းပန်း ခက်ခဲသည့် နေရာထဲမှာသာ သစ်အနည်းငယ် ကျန်တော့သည်ဟု သိရသည်။ ထိုခက်ခဲသည့် နေရာများကိုပင် ယခုအခါ မရ ရအောင် သစ်ထုတ်နေကြပေသည်။ ပဲခူးရိုးမထဲသို့ ၃၈ မိုင်လောက် ၀င်သွားသည်အထိ တောင်ကတုံးများသာ ရှိနေပေသည်။ သစ်တောဆောင်ပုဒ် တစ်ခုဖြစ်သည့် ““ဥတုရာသီ တောကိုမှီသည်”” ဆိုသည်မှာ ရှေးခေတ် စကားတစ်ခုသဖွယ် ဖြစ်သွား ခဲ့ပေသည်။ တောကိုမှီစရာ ဘာမျှမကျန်တော့ချေ။ တောမရှိသဖြင့် ရေမနေတော့။ ရေမနေသဖြင့် မြစ်ချောင်းများ ကောလာသည်။ မိုးကျလျှင် မြေဆီကို ထိန်းသိမ်းပေးမည့် သစ်ပင်၊ သစ်မြစ် မရှိ တော့သဖြင့် မြစ်ချောင်းများသို့ မြေပို့ချမှု များလာကာ ရေကြီးမှုဒဏ်ကို လယ်သမားတို့ ခံရပြန်သည်။ လွန်ခဲ့သော ၂ နှစ်ကျော်လောက်က တောင်အလုံးလိုက် ရိုးမပေါ်က ဆည်ထဲသို့ ပြိုကျသဖြင့် ဆည်ရေဖောက်ချခဲ့ရာ လယ်သမားတို့ ဒုက္ခရောက်ခဲ့ရ ဖူးပေသည်။ သဘာဝက ဟန်ချက်ညီညီ ဖြစ်အောင် ဖန်တီးပေးထားခြင်းကို တာဝန်ရှိသူများက ၀ိသမသမားများနှင့် ပေါင်းကာ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းဖြင့် သဘာဝ၏ဒဏ်ခတ် ခြင်းကို လူသားတို့ ပြန်လည်ခံကြရပြန်သည်။ သို့သော် ထိုသို့ ခံရသူများမှာ တာဝန်ရှိသူများသော်လည်း ကောင်း၊ ၀ိသမသမား သော်လည်းကောင်း မဟုတ်တော့ဘဲ ဘာမျှမဆိုင်သည့် ရိုးသားစွာ အသက်မွေးနေ ထိုင်ကြသည့် တောသူတောင်သား၊ ကျေးလက်သူ ကျေးလက်သားများ ဖြစ်နေသည်မှာတော့ သဘာဝကလည်း မျက်နှာလိုက်ရာ ကျပေသည်။
● တောင်ကတုံးကို သျှောင်ထုံးသူက
ရယ်စရာတော့ ကောင်းသည်။ တောတောင်များ ပြုန်းတီးလာခြင်းကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန် အတွက်ဟုဆိုကာ ကျွန်းစိုက်ကွက်များ တောင်ပေါ်တွင် ဧရိယာအလိုက် လုပ်ငန်းရှင်များကိုချပေး၍ စိုက်ပျိုး စေသည်။ ယနေ့ ကတုံးပြောင်နေသည့် တောတောင်များအဖြစ် ပေါ်လာရခြင်း၏ နောက်ကြောင်း ဇာတ်လမ်းသည် ထိုသို့လုပ်ကွက်ချပေးခြင်းမှ စတင်ခဲ့ခြင်းပင်ဖြစ်သည်။ မိမိရသည့် လုပ်ကွက်အတွင်း ရှိနေသည့် သစ်တောများ၊ ၀ါးတောများကို ပထမဦးစွာ အသားကုန်ခုတ်ကာ ထုတ်ရောင်းတော့သည်။ တရားဝင် အလကားရလိုက်သည့် သစ်ပင်များ ဖြစ်ခြင်းကြောင့် စိတ်ကြိုက် အပြောင်ရှင်းလိုက်ကြသည်။ မီးသွေးဖုတ် ရောင်းသည်လည်း ရှိသည်။ ထိုသို့ရှင်းပြီးမှ ကျွန်းသစ်စိုက်ပျိုးမှုကို လုပ်ကွက်ပြကြသည်။ ထိုလုပ်ကွက် သည်လည်း လူမြင်ကွင်း အစပ်ပိုင်းတွင်သာ စိုက်ပျိုးထားခြင်းဖြစ်ပြီး အတွင်းပိုင်းတွင် ကွင်းပြင်သာသာ ဖြစ်နေသည်ကို မြင်တွေ့နေရသည်။
လမ်းဘေးတစ်လျှောက် ကျွန်းသစ်စိုက်ခင်းများ စိုက်ပျိုးနေသည့် ပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီများ ကို လေ့လာကြည့်သည့်အခါ မြသိင်္ဂီကျွန်းစိုက်ခင်း၊ ရဲမြန်မာအောင်ကျွန်း စိုက်ခင်း၊ မြတ်နိုးသူကျွန်း စိုက်ခင်း၊ မြကျွန်းသာ ကျွန်းစိုက်ခင်း၊ ကျောက်မျက်မြို့တော် ကျွန်းစိုက်ခင်း၊ Golden One Star ကျွန်းစိုက်ခင်း၊ Myanmar Iwatani (LGP) ကျွန်းစိုက်ခင်းဟူသည့် ဆိုင်းဘုတ်များ တွေ့ရသည်။ စိုက်ခင်းဧက အများအပြားကို ပိုင်ဆိုင်ထားကြသည့် ကုမ္ပဏီကြီးများဖြစ်သည်။ စိုက်ခွင့်ရခြင်းအတွက် အခွင့်အရေးများ ရရှိသကဲ့သို့ ရသည့် ဧရိယာအတွင်း စိတ်ကြိုက် လုပ်ကိုင်စားသောက်ခွင့်၊ စိတ်ကြိုက်အပြောင်ရှင်းခွင့် ရလိုက်ခြင်းကြောင့်လည်း အကျိုးအမြတ်က ရပြီးဖြစ်ပေသည်။ သို့သော် ထိုအကျိုးအမြတ်နှင့် ထိုက်တန်စွာ ပြန်လည် စိုက်ပျိုးပေးခြင်းကို အသေအချာ စစ်ဆေးခြင်းမရှိခြင်း၊ စစ်ဆေးသည်ဆိုလျှင်လည်း အဂတိလိုက်စားခြင်းကြောင့် တောင်ကတုံး ကို သျှောင်ထုံးသူတို့မှာ ၀ိသမပါနေသဖြင့် ခရီးပေါက်သည့်အဆင့် မဟုတ်ချေ။ ထို့အပြင် ပေါက်လာသော ကျွန်းပင်တို့ ကြီးထွားလာသည့် တစ်နေ့တွင်လည်း ပုဂ္ဂလိက စိုက်ခင်းဖြစ်သဖြင့် သားစဉ်မြေးဆက် စိတ်ကြိုက် ကတုံးတုံးခွင့် ထပ်မံရကြဦးမည်ဖြစ်သည်။
● ကမောက်ကမကြောင့် ပဋိပက္ခ
ပဲခူးရိုးမပေါ် ဖြတ်ကျော်လာသည့် လမ်းတစ်လျှောက် ပုဂ္ဂလိက စိုက်ခင်း ဆိုင်းဘုတ်များတပ်ကာ ၎င်းတို့ပိုင် မြေဖြစ်ကြောင်း အသိပေးထားသကဲ့သို့ တားမြစ်ပိတ်ပင် သတိပေးသည့် ဆိုင်းဘုတ်များလည်း အပြိုင်အဆိုင် ရေးသားထားသည်ကို တွေ့ရသည်။ ထိုဆိုင်းဘုတ်များတွင် ရေးသားထားသည်မှာ ““ဤစိုက်ခင်းဧရိယာအတွင်း ကျွဲ နွား တိရစ္ဆာန်များ စားကျက်မချရ၊ အမဲမလိုက်ရ၊ မီးမရှို့ရ၊ သစ်ပင်မခုတ်ရ၊ ယာမြေမကျူးကျော်ရ၊ ကျူးကျော် ၀င်ရောက်နေထိုင်ခြင်း မပြုရ၊ စစ်ဆေးတွေ့ရှိပါက ပျက်စီးဆုံးရှုံးမှု တန်ဖိုး၏ နှစ်ဆ ပေးလျော် ရမည်””ဟူ၍ဖြစ်သည်။
သည်တော၊ သည်တောင်တွင် သားစဉ်မြေးဆက် နေထိုင်ကာ ဘ၀ကိုဆင်းဆင်းရဲရဲ လုပ်ကိုင် စားသောက် ရသူများက တရားမ၀င် ကျူးကျော်သူဖြစ်သွားပြီး ယခုမှ ၀င်ရောက် လာသူများက တရားဝင်ဖြစ်သွားသည့် အပြင် အရေးယူသည် အထိပင် အပြစ်ပေးဦးမည်ဟု သတိပေးထားပြန်သည်။ တစ်နည်းပြောရလျှင် သူခိုးက လူကိုပြန်ဟစ် နေသည်ဟု တောနေပြည်သူတို့က ခံစားခဲ့ကြရသည်။ အချို့မှာရွာတွင် ကျွဲ နွားမပိုင်၊ လယ်မပိုင် ကြသည့်အတွက် တောတောင်ထဲတွင် ကိုင်းတောရှင်းကာ ယာစပါးစိုက်၊ ပဲစိုက်ဖြင့် ထိုရိုးမထဲမှာပင် အိမ် ၃၊ ၄ အိမ်စုကာဘ၀အတွက် ရပ်တည်နေကြရသူများ ရှိကြသည်။ အချို့မှာ တောထဲမှ ကိုင်းပင်ခုတ်ကာ သက်ကယ် လုပ်ပြီး ရွာသို့ သွားရောက် ရောင်းချခြင်းဖြင့် အသက်မွေးကြရသကဲ့သို့ အချို့မှာ ၀ါးခုတ်ကာ နှီးဖြာပြီး မြို့သို့ တက်ကာ သွားရောက် ရောင်းချခြင်းဖြင့် ၀မ်းစာရှာရသူများလည်း ရှိသည်။ အချို့က တောကောင်ရှာကာ ရိက္ခာအတွက် အသက်ဆက် နေရသူများလည်းရှိသည်။ အချို့က တောင်ယာဖြင့် အသက်မွေး သူများလည်း ရှိသည်။ ဤတော ဤတောင်မှာပင် ဘိုးဘွားစဉ်ဆက် အနှောင့်အယှက်ကင်းစွာ အသက်မွေးနေထိုင်လာ ခဲ့ကြသည်။ ဘိုးဘွားစဉ်ဆက် သူပုန်လက်ထက်ပါမကျန် အေးချမ်းရိုးသားစွာ လုပ်ကိုင် စားသောက်ရင်း နေထိုင် လာခဲ့ကြသည်။ အုပ်ချုပ်သူလည်း မရှိသကဲ့သို့ အုပ်ချုပ်ခံလည်း မဟုတ်ခဲ့ကြ။ ဘ၀ဆိုသည်မှာ ၀မ်းစာရှာဖွေ စားသောက်ရင်း အေးအေးဆေးဆေး နေ ထိုင်ကာ ကုန်ဆုံးသွားခြင်းဟု ခံယူထားကြသူများပင် ဖြစ်သည်။
သို့သော် မြေပုံပေါ်တွင် လက်ထောက်ကာ သည်ဧရိယာမှ သည်ဧရိယာအထိ မည်သည့်ကုမ္ပဏီက လုပ်စေဟု လုပ်ပိုင်ခွင့်များပေးကာ ရိုးမတစ်တောင်လုံးကို ကိုယ့်ပစ္စည်းအဖြစ် လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းလာသည့် အခါ တောတောင် ထဲမှာနေပြီး တောတောင်ထဲမှာပင် ဘ၀ကိုအဆုံးသတ်ရန် အေးအေး ချမ်းချမ်း လောဘကင်းစွာ နေကြသူများအတွက် ဘ၀ပင်လျှင် လက်မဲ့ဖြစ်လာပေသည်။ နိုင်ငံ၏တောတောင်များက စီးပွားရေး သမားများ တောတောင်များဖြစ်လာခြင်းကြောင့် ကိုယ်နေသည့် အိမ်နေရာသည်ပင် ကိုယ်မပိုင်တော့ဘဲ ရွှေ့ကြ ရတော့သည်။ ကြီးမားလှသည့် တောတောင်အတွင်း ဟင်းစားရှာရန်ပင် နေရာမရှိဖြစ်လာသည်။ မွေးထားသည့် ကျွဲနွားကို မည်သည့်နေရာသွားကာ အစာရှာပေးရမည်ကို စဉ်းစားလာရသည်။ ဟင်းစားရှာစရာ နေရာပျက် လာသည်။ တောင်ယာ စိုက်ခဲ့သည့် ကိုယ့်နေရာသည် ယခုတော့ သူတို့နေရာဖြစ်သည်ဆိုကာ အသိမ်းခံရ ပြန်သည်။ တောင်ကြားလွင်ပြင်တွင် တောတိုးကာ စိုက်စရာမြေလုပ်ပြီး အသက်မွေးခဲ့ရာနေရာသည် ကိုယ့်နေရာ မဟုတ်၊ သူ့နေရာ အလုပ်ခံရပြန်သည်။
ဌာနေမှာနေပြီး ဌာနေမှာသေသည်အထိ တောတောင်ထဲတွင် ဘ၀ကို မြှုပ်နှံထားသည့် တောသူ တောင်သားများ အတွက် လောကကြီးသည် တရားမျှတမှု ရှိ၊ မရှိ စဉ်းစားလာကြမည်မှာ မလွဲပင်ဖြစ်သည်။ တရားမမျှတမှုအတွက် မည်သူမျှ ကိုယ့်ဘက်က လိုက်မည့်သူ မရှိသည်ကိုလည်း နားလည်ထားကြသည်။ ဌာနေက ကျူးကျော်သူဖြစ်ပြီး ကျူးကျော်သူက တရားဝင် ပိုင်ရှင်ဖြစ်လာသည်။ တရားဝင် ပိုင်ရှင်တို့ လုပ်ရပ်ကို လေ့လာသည့်အခါ မမျှတသည့် လောဘသမားများဖြစ်သည်ကိုလည်း ဌာနေသမားက သိလာကြသည့်အခါ ပဋိပက္ခ အသွင်များရှိလာကြပေသည်။ သစ်တစ်ပင်ခုတ် အချုပ် ၃ လ ဟူသည့်စကားသည် တစ်ပင်ခုတ်သူ အတွက်သာဖြစ်ပြီး တစ်တောင်လုံး ခုတ်သည့်ကုမ္ပဏီများမပါ ဟူသည့် ရွာသားစကားကို သွားသတိရမိသည်။ အစိုးရက အသိအမှတ်ပြုထားသည့် ပိုင်ရှင်က လူငှားဖြင့် လုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြစ်ပြီး အာဏာဖြင့် အရေးယူခြင်းကိုသာ လုပ်တတ်ကြသည်။ သမ္မာအာဇီဝ ရှာဖွေစားသောက်သည့် နေရာကိုလာပြီး ဖယ်ခိုင်းသည် အထိ ဆိုးရွားလှသည့် ဘ၀အတွက် ခံစားချက်များ ရှိလာကြသည့် အခြေအနေကို တွေ့လာရသည်။ ထိုအတွက် သိသာသည့်အချက်တစ်ခုကို အမှတ်မထင် တွေ့လာရပေသည်။ ကျွန်တော်တို့ ဆိုင်တစ်ဆိုင်တွင် ထိုင် အနားယူနေစဉ် ဆိုင်ထဲသို့ ၀င်လာသည့် အလုပ်သမားတစ်ဦးက ““ဟိုဘက်မှာ တောမီးတွေ လောင်နေ တယ်ကွ””ဟု ပြောကာဝင်လာသည်။ ဆိုင်ထဲမှလူက ““သေးရင် တောမီး၊ ကြီးရင်တော့ ရှို့မီးပေါ့ကွာ”” ဟူသည့် စကားကို ပြန်ပြောလိုက်သည်။ သူတို့အပြောများတွင် ခံစားမှုပါနေသည့် သဘောကိုတွေ့ရသည်။ ကျွန်တော် တို့ ထိုတောမီးလောင်နေသည့် နေရာသို့ ဖြတ်လာသည့်အခါ ကျွန်းသစ်ပုဂ္ဂလိက စိုက်ခင်း ဆိုင်းဘုတ်ကို တွေ့ရသည်။ တောမီးသတင်းကို ကြား၍လားတော့မသိ၊ ခံ့ညားလှသည့် ကားများဖြင့် လှည့်ပတ်ကြည့်နေကာ မီးတားဆီးရန် စီစဉ်နေသည်ကို တွေ့ရသည်။ သဘာဝအလျောက် ဖြစ်သည်ဆိုလျှင်ပင် အခန့်မသင့်လျှင် အနီးအနားတွင် နေထိုင်သည့် ဘာမှမဆိုင်သူ အဖမ်းခံရနိုင်သေးသည်။ ပဋိပက္ခ ဆိုသည်မှာ မျှတမှုမရှိဟု ခံစားလာရခြင်းမှ စတင်လာခြင်းဖြစ်သည်။ မျှတသည့် အဖြေတစ်ခုကို ရှာဖွေ မပေးနိုင်သည့်အခါ ထွက်ပေါက် ရှာလာသည်ကို တွေ့လာရမည်ဖြစ်သည်။ လုပ်ငန်းတာဝန်အလိုက် တာဝန်ယူထားကြသည့် အုပ်ချုပ်ရေးပိုင်း အနေဖြင့် ရေရှည်တွေးရမည့် ကိစ္စများမှာ အများအပြားပင်ဖြစ်သည်။ သို့သော် မည်သူမျှ အနာဂတ် အတွက်ရော၊ ပစ္စက္ခအတွက်ပါ မျှတစွာ တွေးခေါ်အဖြေရှာခြင်းမျိုး မရှိခြင်းမှာ နိုင်ငံအတွက် အားနည်းချက် တစ်ရပ်ပင်ဖြစ်သည်။ အမြော်အမြင်ရှိခြင်း ဆိုသည်မှာလည်း အတ္တနှင့် ဆက်နွှယ်မှုက ရှိနေပြန်ပေသည်။
● တောင်သစ်ပုပ္ပင်ရွာ
အပြန်လမ်းတွင် တောင်သစ်ပုပ်ပင်သို့ ၀င်ရောက်ခဲ့သည်။ တောင်သစ်ပုပ်ပင်ဟု ရွာသားများက ပြောခြင်းမှာ မြောက်ဘက်တွင် သစ်ပုပ်ပင်ရွာ တစ်ရွာရှိနေခြင်းကြောင့် တောင်ဘက်က သစ်ပုပ်ပင်ရွာဟု ဆိုလိုခြင်း ဖြစ်သည်။ ရွာကကားလမ်းဘေး မဟုတ်ဘဲ အတွင်းကျသည့် ရွာကြီးဖြစ်သည်။ ရွာအ၀င် ဆိုင်းဘုတ်တွင် ““သစ်ပုပ္ပင်ရွာ”” ဟူသည့် အရေးအသားကို တွေ့ရသည်။ ရွာထဲရှိ ကုသိနာရုံ ဘုရားဝင်းအတွင်း ကမ္ပည်း စာများတွင် ““သစ်ပုပ်ပင်””ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ အိမ်ခြေ ၁၀၀ကျော်၊ လူဦးရေ (၅၀၀)ကျော် ရှိသည့် ကျေးရွာအုပ်စုကြီး ဖြစ်သည်။ နှစ်ပေါင်းရာကျော် နေသည့် ရွာဖြစ်ကြောင်း ရွာလူကြီးက ရှင်းပြသည်။ သက်သေထူသည့် အနေဖြင့် ရွာလည်တွင် ပေါက်ရောက်နေသည့် သစ်ပုပ်ပင်ကြီးကို ပြသကြသည်။ ရန်ကုန်တက္ကသိုလ်ထဲရှိ သစ်ပုပ်ပင်လောက် ကြီးမားလှသည်။ ထိုအပင်ကို အစွဲပြုကာ သစ်ပုပ်ပင်ရွာဖြစ်လာ ခြင်းဖြစ်သည်။ ရွာဘေးတွင် ချောင်းတစ်ခုက ဖြတ်စီးဆင်းနေသည်။ စိုက်ပျိုးရေးအဓိက လုပ်သည့်ရွာဖြစ်ပြီး သစ်လုပ်ငန်းကို လုပ်ကိုင်ခြင်း မရှိကြချေ။ ကျွန်တော်တို့ရှာနေသည့် နယ်ခြားဘုရား၊ နယ်ခြားမျဉ်း အကြောင်း မေးသည့်အခါ ရွာသားများက မသိကြချေ။
သို့သော် အသေအချာ ရှင်းပြသည့်အခါ ထိုသို့သော ကြီးမားသည့် အမှတ်အသားမျိုး မထားဘဲ လယ်ကွင်း ထဲတွင် ကျောက်ပုံကြီးဝိုင်းကာ တိုင်စိုက်ထားပြီး ကွင်းနံပါတ်ရေးထားသည့် အထောက်အထားမျိုးကို တွေ့ဖူးကြောင်း ပြောပြသည်။ တစ်နည်းအားဖြင့် တောတွင်း နေရာများတွင် အမှတ်အသား တိုင်အဖြစ်သာ စိုက်ထားပြီး မြို့များ၊ ရွာကြီးများနှင့် ဆက်စပ်နေရာများတွင်သာ အထောက်အထားကို စနစ်တကျ လုပ်သွား ပုံရသည်ဟု ယူဆနိုင်စရာဖြစ်ပေသည်။ ထိုကဲ့သို့သော အထောက်အထားရှိသည့် ရွာမှာ မကျီးကုန်းရွာတွင် တွေ့ရမည်ဟု ဆိုသည်။ ထိုနေရာသို့သွားရန်မှာ ဝေးသည့်အပြင် ကားသွား၍ရသည့် နေရာမဟုတ်သဖြင့် လက်လျှော့လာခဲ့ရသည်။ တိုင်စိုက်ပုံကို အသေအချာမေးသည့်အခါ ကြေးတိုင်စိုက် ပုံစံအတိုင်း သစ်တိုင်တို့ကို ဘေးမှ ကျောက်ပုံကာ ကွင်းနံပါတ် တစ်ဖက်တစ်ချက်တွင် တပ်ထားခြင်းပင် ဖြစ်သည်ကို သိလိုက်ရသည်။ နောက်တစ်တိုင်မှာ မင်းရေးရွာနှင့် ထားဝယ်ရွာကြားတွင် ရှိသည်ဟုဆိုသည်။ ထားဝယ်ရွာက ပဲခူးတိုင်းဘက် အခြမ်းဖြစ်ပြီး မင်းရေးရွာက မန္တလေးတိုင်းဘက် ဖြစ်သည်ဟုဆိုသည်။ ထိုနေရာသို့ ကားဖြင့် အနီးဆုံး သွားနိုင်သည့် လမ်းကြောင်းကို မေးသည့်အခါ အမြန်လမ်းမကို ပြန်တက်ပြီး အောင်သာရွာဘေးက လမ်းမှ ၀င်ရမည်ဖြစ်သည်။ ထိုလမ်းက ချောင်းခွရွာသို့ ပေါက်သည်ဟုလည်း သိရသည်။ ထိုခရီးအတွက် သည်နေ့ ထပ်မံခြေဆန့်ရန် မဖြစ်နိုင်တော့ချေ။ ကျွန်တော်တို့ ထိုင်စကားပြောနေသည့် ဘုန်းကြီးကျောင်းတွင် ဆရာတော်တို့ မရှိကြ။ မကျီးကုန်းက ထမနဲပွဲတော်သို့ သွားနေကြသည်ဟု သိရသည်။ ကားလမ်းဘေး ဘုန်းကြီး ကျောင်းတစ်ကျောင်းသို့ ၀င်ရောက် ဖူးမြော်စဉ်ကလည်း ထိုသို့ပင် ထမနဲပွဲ ကျင်းပသွားကြောင်း သိလိုက်ရသည်။ သည်ဒေသ၏ ထင်ရှားသည့် ပွဲတော်တစ်ခု ဖြစ်ပုံရသည်။
ကျောင်းဝင်းအတွင် ကုသိနာရုံဘုရားရှိပြီး မကြာသေးမီကမှ ဘုရားပွဲပြီးသွားသည်ဟု သိရသည်။ ဘုရားတည်ထားမှု သက်တမ်းကို လေ့လာသည့်အခါ နှစ်ပေါင်း ၁၀၀ ကျော် နေပြီဖြစ်သည်။ ယခင်က အလွန်လှသည့် ပန်းပုလက်ရာများ ရှိသည်ဟု ဆိုသော်လည်း ယနေ့အခါတွင်တော့ တစ်ခုမျှ မကျန်တော့ချေ။ ပျက်စီး ဆွေးမြေ့သွားခြင်းထက် လူတို့၏လောဘကြောင့် ဖြစ်ဖွယ်ရှိသည်။ တောင်ပေါ်ခရီး တစ်ခု၏ အပြန်လမ်း ဖြစ်သော်လည်း အေးချမ်းသည့် အရိပ်အာဝါသမျိုး မခံစားခဲ့ရချေ။ ပူလောင်အိုက်စပ်နေကာ လွင်တီးခေါင်တွင် သွားနေခြင်းကဲ့သို့ ခံစားရသည်။ တောရိပ်တောင်ခို နားစရာဆိုပါက ဖိုးကျားစခန်းလောက်သာ ရှိတော့သည်။ လမ်းတစ်လျှောက် စားစရာဆိုင်၊ ခိုစရာအရိပ် ရှားပါးလှသည့် ရိုးမ ဖြစ်နေပေသည်။
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald





No comments:
Post a Comment