ရန်ကုန်၊ ဧပြီ ၉
သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံသူတို့၏ လေးကြိမ်မြောက် ရုံးချိန်းတွင် ၀တ်ဆင်ရန် ၀တ်စုံများကို ၎င်းတို့၏ ဧပြီလ(၇)ရက် သုံးကြိမ် မြောက်ရုံးချိန်း အပြီးတွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က လှူဒါန်းခဲ့ရာ ယင်း ၀တ်စုံများကို ဧပြီလ(၈)ရက်တွင် ပဲခူးတိုင်းရဲမှူး ၀င်းစိန်က အကျဉ်းထောင်အတွင်း လာရောက်သိမ်းယူ ခဲ့ကြောင်း ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ကိုပြုံးချိုက ဧပြီ(၁၀)ရက်တွင် မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောဆိုသည်။
ဧပြီ ၉ ရက် ရုံးထုတ်ရာတွင် ၀တ်ဆင်မည့် ၀တ်စုံများမှာ ဆင်တူများ ဖြစ်နေသည့်အတွက် သာယာဝတီ ထောင်အတွင်း ဧပြီ (၈)ရက်က ပဲခူးတိုင်းရဲမှူးဝင်းစိန်က လာရောက် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
““ပဲခူးတိုင်းရဲမှူးကြီးဝင်းစိန်က သူကသိမ်းတာ။ သိမ်းရတဲ့အကြောင်းရင်းက ဆင်တူဖြစ်နေလို့ သိမ်းတာ လို့ပြောတယ်။ ကျောင်းသားတွေနဲ့ ထောင်ဝင် စာတွေ့တော့ သိမ်းထားရင် ထွက်မှာမဟုတ်ဘူး ပြောလို့ ညနေကျတော့ ပြန်လာပေးတာ။ အက်ႌအျဖဴ။ ကော်လံလည်ကတုံး အဖြူဆင်တူဖြစ်နေတယ်။ ပုဆိုးဆင်တူ ယူနီဖောင်း သဘောမျိုး ဖြစ်နေလို့ အရင်တုန်းကလည်း ယောပုဆိုးတွေဆို မရဘူး။ အဓိက နိုင်ငံရေး လှုပ်ရှားမှု လုပ်မှာစိုးလို့””ဟု ၈၈မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့မှ ကိုပြုံးချိုက ပြောသည်။
သာယာဝတီ ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရ သည့် ကျောင်းသားများက ဧပြီ (၉)ရက် ရုံးထွက်ရက်တွင် ၀တ်ဆင်မည့် ၀တ်စုံများကို သိမ်းဆည်းခံရသည့်အတွက် ရုံးမထွက်ဟု ပြောကြားသည့် အချိန်တွင်မှ ၎င်းဝတ်စုံများကို ပဲခူးတိုင်း ညွှန်ကြားရေးမှူး တစ်ဦးက ဧပြီလ(၈)ရက် ညနေပိုင်းတွင် ပြန်လည် ပေးအပ်ခဲ့သည်။
““ဧပြီ ၉ ရက်နေ့ ရုံးချိန်းမှာဝတ်မယ့် လည်ကတုံးအဖြူနဲ့ ပုဆိုးအနက်ရောင် အင်္ကျီတွေကို မ၀တ်ဖို့ ဧပြီ၈ရက် နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရဲမှူးက လာရောက် သိမ်းသွားတာပါ။ အဲဒါကို ကျောင်းသားတွေက ဒီဝတ်စုံ မပေးရင် ဧပြီ ၉ ရက် ရုံးချိန်းကို မသွားဘူး၊ ပြန်ပေးမှ ရုံးချိန်းကို ထွက်မယ်ပြောတော့မှ ညပိုင်းကျမှ လာပြန်ပေး တာပါ။ သာယာဝတီထောင်ကို ပြန်တဲ့အချိန်ထိ ၀တ်ထားကြပါတယ်။ အ၀တ်တွေကို အဖွဲ့တစ်စုက လာလှူ ထားတာပါ””ဟု ဖမ်းဆီးခံထားရသည့် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်၏ မိခင်ဒေါ်ခင်ခင်ယုက ဧပြီ ၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဧပြီ ၉ ရက် ရုံးထုတ်ရာတွင် ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများ တွေ့ဆုံရန် ယင်းနေ့မှာ ကြာသပတေးနေ့ ဖြစ်ပြီး ထောင်ဝင်စာ ထွက်ရက်ဖြစ်သည့်အတွက် သာယာဝတီ ထောင်သို့သာ သွားရောက် တွေ့ဆုံရန် လက်ပံတန်း အာဏာပိုင်များက လာရောက် တားဆီးသဖြင့် အပြင်းအထန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြရ သည်။
သာယာဝတီ အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံရာ၌ ကြုံတွေ့ရပုံကို““အန်တီတို့ မရောက်ခင် အချုပ် ကားနဲ့ ထုတ်သွားတယ်။ မိသားစုတွေ မတွေ့ရဘူးလို့ဆိုပြီး ပိတ်ထားတယ်။ အန်တီနဲ့ အခြားမိဘတွေက နာရီဝက်လောက် အော်ပြီး ပြောနေကြ လို့ တွေ့ခွင့်ပေးတယ်။ တွေ့ချိန်ကတော့ ၁၅ မိနစ်လောက်ပဲ တွေ့ခဲ့ရ တယ်””ဟု ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်၏ မိခင် ဒေါ်မြင့်မြင့်သန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
““အရင်က ရုံးချိန်းတွေပြီးရင် ကျောင်းသားကို မိဘနဲ့ အသုတ်လိုက် ပေးတွေ့တယ်။ အခုက ကားပေါ်ကနေ တန်းပြီးတော့ မိဘတွေနဲ့ ပေးမတွေ့နိုင်ဘူး ပြောတယ်။ ကလေးတွေကလည်း မိဘနဲ့တွေ့ဖို့ တောင်းဆို နေကြတော့ တရားသူကြီးက လုံခြုံရေးကို အပြင်ကလုပ်တာ၊ သူလုပ်တာ မဟုတ်ဘူး။ မိဘနဲ့တွေ့ဖို့က သူနဲ့ မဆိုင်ဘူးပြောတယ်။ ဒါနဲ့ တရားသူကြီးက ဘာတွေလုပ်လဲ ဆိုပြီး ကလေးတွေက ၀ိုင်းပြီးပြောတော့မှ တရားသူကြီးက ကျွန်မတို့ကို အကူအညီတောင်းတယ်။ မင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင် တို့ကလည်း ၀ိုင်းပြီးထိန်းကြလို့ မိဘတွေနဲ့ တွေ့ခွင့်ရတာ။ အခုက ရုံးချိန်းတိုင်းမှာ အခက်အခဲတွေ ဖြစ်အောင်၊ မိဘတွေ အပြင်မှာ ဆူဆူပူပူ လုပ်နေတာကို အစိုးရဘက်က လုပ်စေချင်တဲ့သဘော ဖြစ်နေတယ်။ ရုံးချိန်းတိုင်း အဲဒီလို ဖြစ်နေတယ်””ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ဧပြီ ၉ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
လက်ရှိတွင် ကျောင်းသားများ၏ အမှုတွဲများမှာ လက်ပံတန်း တရားရုံးနှင့် သာယာဝတီ တရားရုံးများတွင် မရှိဘဲ ပဲခူးတိုင်းတရားရုံးသို့ ရောက်ရှိနေပြီး အထက်အမိန့်ကျမှသာ လက်ပံတန်းနှင့် သာယာဝတီ မည်သည့်နေရာ၌ စစ်ဆေးမည်ကို ဧပြီ ၂၃ ရက်ရုံးချိန်းတွင် သိရမည်ဖြစ်ပြီး ဧပြီ(၉)ရက် ရုံးချိန်းတွင် ရမန်သာယူခဲ့ရသည်။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment