Tuesday, April 21, 2015

တိုင်းနှင့် ပြည်နယ် အချို့တွင် အချိန်အခါ မဟုတ် မိုးရွာနိုင်

ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီ ၂၀ ရက် သုံးနာရီခွဲ အချိန် တိုင်းတာချက်များအရ  နောက်ငါးရက်အတွင်းတွင် တိုင်းနှင့် ပြည်နယ် အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက  ဧပြီ ၂၀ ရက် ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်သည်။

တိုင်းထွာချက်များအရ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်
ဧပြီ ၂၀ ရက် ညနေမှ  နောက်ငါးရက်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည် နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းရေးမှူးတစ်ဦးက “လောလောဆယ် အထက်ပိုင်း ဒေသတွေမှာပဲ မိုးရွာနေတယ်။ မြန်မာပြည် တောင်ပိုင်းဒေသတွေက သီးနှံစိုက်ပျိုးနေတဲ့ တောင်သူတွေအတွက် အတွက်လည်း သတိထားမိအောင်လို့ ကြေညာချက် ထုတ်ရခြင်းဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂၀ ရက်မှ  ၂၆ ရက်အထိ  လာမည့် ရက်သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများမှလွဲ၍ မြန်မာတစ်နိုင်ငံလုံး မိုးရွာနိုင်ပြီး ဧပြီလ၂၁ ရက်မှ ၂၄ ရက်အတွင်း မိုးအကောင်းဆုံး ဖြစ်နိုင်ကြောင်း  မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဖေ့စ်ဘွတ် စာမျက်နှာတွင်  ဧပြီ ၂၀ ရက် နံနက်ပိုင်းက ရေးသားဖော်ပြထားသည်။


Credit - Mizzima News

No comments:

Post a Comment