အင်အားကြီး အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ဧပြီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံတွင် နိုင်ငံခြား သတင်းဌာန တစ်ခုဖြစ်သော ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံစဉ် ““ကျွန်မတို့ ရွေးကောက်ပွဲကို သပိတ် မှောက်တာက အကောင်းဆုံး ရွေးချယ်မှုလို့ ကျွန်မတို့မထင်ပါဘူး။ ဒါပေမဲ့ ဒါကို လုံးဝဘေးဖယ် မထားပါဘူး။ ရွေးချယ်နိုင်မယ့် နည်းလမ်းအားလုံးကို ကျွန်မတို့ လမ်းဖွင့်ထားပါတယ်”” ဟု ပြောကြားခဲ့သည်။
ယင်းသို့ ပြောကြားမှုနှင့် ပတ်သက်ပြီး ပါတီနိုင်ငံရေး နယ်ပယ်အတွင်း ပွက်လောရိုက် ဆင်ခြင်စဉ်းစားစရာနှင့် ၂၀၁၅ အတွက် ခေါင်းခဲစရာ ပုဒ်စာတစ်ပုဒ် ဖြစ်လာသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ကြောင့် ရွေးကောက်ပွဲ အလားအလာနှင့် ပတ်သက်ပြီး နိုင်ငံရေး စာရေးဆရာတစ်ဦးဖြစ် သူ အောင်သာ(ပီသုံးလုံး)က ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မ၀င်ခြင်းက နိုင်ငံရေး တင်းမာမှုဆီသာ ဦးတည်သွားနိုင်ကြောင်း သုံးသပ်သည်။
““ကျွန်တော်ကတော့ ရွေးကောက်ပွဲမလုပ်ဘူး လုပ်မယ်ဘက်မှာ ငါးဆယ်၊ ငါးဆယ်ပဲ။ ဒေါ်စုက ကျွန်တော့်ထက် ရာခိုင်နှုန်း ပိုရှိနေရင် မပြောနိုင်ဘူး။ သို့သော် ဒေါ်အောင် ဆန်းစုကြည်က ရွေးကောက်ပွဲ မ၀င်တော့ ရင် မြန်မာပြည် နိုင်ငံရေး အခြေအနေက ဘယ်ကို ရှေးရှုသွားမယ်ဆိုရင် တင်းမာမှုဆီကို ရှေးရှုသွားမယ်။ တင်းမာတာကတော့ နိုင်ငံရေး ကွင်းကြီးတစ်ခုလုံး ဖြစ်လာမှာပေါ့ဗျာ။ ဥပမာ ဒေါ်စုနဲ့သူတို့ ဆက်ဆံရေး ခင်ဗျားတို့တွေ၊ ကျွန်တော်တို့တွေ မီဒီယာနဲ့ဆက်ဆံရေးတွေ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ သပိတ်မှောက်ခဲ့လျှင် ၂၀၁၅ နောက်ပိုင်း ဖြစ်ပေါ်လာမည့် အစိုးရနှင့် လွှတ်တော်စိန်ခေါ်မှုနှင့် ဖိအားကြီးကြီးမားမား ကြုံတွေ့ လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။
သို့သော်လည်း ဖြစ်ပေါ်လာနိုင်မည့် စိန်ခေါ်မှုများကို အကောင်းမြင်ရှုထောင့်ဖြင့်သူက သုံးသပ်ထားသည်။
““ဒေါ်အောင်ဆန်းစုကြည် တကယ်လို့ ရွေးကောက်ပွဲမ၀င်ခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ပေါ်လာမယ့် အစိုးရတွေ၊ လွှတ်တော်တွေဟာ ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ နိုင်ငံတကာ ဆက်ဆံရေး မှာရော၊ ပြည်တွင်းမှာပါ ကိုယ့်ပြည်သူလူထုနဲ့ ဆက်ဆံရေးမှာရော ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် ရနိုင်တယ်။ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မ၀င်ဘဲ လွှတ်တော်ပြင်ပ နိုင်ငံရေးကို တကယ်အားကောင်းမောင်းသန် လုပ်လာပြီရင် အစိုးရတွေ၊ လွှတ်တော် တွေဟာ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ဒါတွေကို ရင်ဆိုင်နိုင်ရခြေ ရှိတယ်လို့ ကိုယ်ကတော့ မြင်တယ်။ ဒါတွေဟာ တကယ်တော့ ဆုတ်ယုတ်မှုကိုပြတာ မဟုတ်ဘူး။ အနှုတ်လက္ခဏာကို ပြတာမဟုတ်ဘူး။ စိန်ခေါ်မှုမရှိဘူး။ ပြဿနာမရှိဘူး အကျပ်အတည်း မရှိဘူးဆိုရင် တိုးတက်မှုလည်း မရှိနိုင်ဘူး။ အောင်မြင်မှုလည်း မရှိနိုင်ဘူး။ အဲဒီလိုစိန်ခေါ်မှုတွေ အကျပ်အတည်းတွေ ပိုများလာတာဟာ တိုင်းပြည်နဲ့ ပြည်သူလူထု အတွက် ပိုပြီးတော့ အကျိုးပြုနိုင်မယ်။ ပိုပြီးတော့ အထောက်အကူ ဖြစ်လိမ့်မယ်လို့မြင်တယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဦးပီတာလင်းပင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှုအပေါ် ထောက်ခံသော်လည်း တိုင်းပြည် အနာဂတ် အကျိုးဆက် အကောင်းဘက်သို့ မရောက်နိုင်ကြောင်း သုံးသပ်သည်။
““ကျွန်တော့်အမြင်ကတော့ သူလိုချင်တာမရရင် သူလုပ်မှာပဲ ဒါပေမယ့် မှောက်ခဲ့လို့ ဆိုရင်တော့ တိုင်းပြည် အတွက်တော့ မကောင်းဘူးပေါ့။ အမှန်မှာဖြစ်ရမှာက ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းပြီးတော့ မလိုအပ်တဲ့ဟာ ပြင်သွားရမှာ။ အခုမပြင်ဘဲ ၂၀၀၈ က ဥက္ကဋ္ဌကြီးလည်း ပြောထားပြီးလေ။ ဥက္ကဋ္ဌကြီးက သူလည်းပြင်မှ ဖြစ်မယ်လို့ မပြင်ဘူးဆို ဒေါ်စုဘက်က လုပ်တာ။ မှန်တယ်ဘာဖြစ်လို့လဲ ဆိုရင် ပြည်သူ့ဆန္ဒနဲ့အညီ လုပ်တာ အဘကတော့ ဖြစ်စေချင်တာအားလုံး ညှိနှိုင်းပြီးတော့ အကောင်းဆုံး အဖြေထွက်စေချင်တယ် ထွက်မယ် လို့လည်း အဘထင်တယ်။ ထွက်မယ်လို့ အဘတို့က ထင်တယ်လေ။ ဘာလို့လဲဆိုတော့ အဘတို့က အဖျက်သမားတွေ မဟုတ်ဘူး။ အပြုသမားတွေပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
အစိုးရနှင့် လွှတ်တော်အနေဖြင့် နိုင်ငံတကာဖိအားကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သဖြင့် ၂၀၀၈ အခြေခံ ဥပဒေကို မဖြစ်မနေပြင်ရန် လိုအပ်ကြောင်း ၎င်းက ဝေဖန်သည်။
““ဒေါ်စု တကယ်လို့ ရွေးကောက်ပွဲမ၀င်ရင် အစိုးရနဲ့ပြည်သူမဟုတ်ဘူး ကမ္ဘာနဲ့ဒီအစိုးရ ပြဿနာတက်မယ်။ ဒါပဲ ကမ္ဘာက ငြိမ်းချမ်းရေးလိုချင်လို့ အကုန်လုပ်ပေးနေတဲ့ဟာ (EU)ကလည်း ဒါကြောင့် လုပ်ပေးနေတာ။ ငြိမ်းချမ်းရေးအတွက်။ ပြီးရင်လည်း အမေရိကန်တို့ ဘာတို့ကလည်း ဒါကြောင့်လုပ်နေတာ တကယ်လို့ မလုပ်ဘူး ဆိုရင်တော့ လက်ရှိမပြောင်းတဲ့နားမှာပဲ တိုင်းပြည် ဆုတ်ယုတ်သွားမယ်။ ဒါပဲနောက်တစ်ချက်က ၂၀၀၈ ကို မပြင်မချင်း ဘာမှမဖြစ်ဘူး။ တိုင်းပြည်က ဒီအတိုင်းသွားမှာပဲ။ ၂၀၀၈ ကိုပြင်မှ စစ်မှန်တဲ့လူတွေ တက်လာမှာ”” ဟု ထပ်မံပြောကြာခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၀ ပြည့်ခုနှစ်တွင် ရွေးကောက်ပွဲ မ၀င်သဖြင့် ပါတီမှတ်ပုံတင် ယာယီ ရုတ်သိမ်းခံခဲ့ရပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ခဲ့ပြီး အခြေခံဥပဒေ ပြင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။
ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment