Friday, April 24, 2015

ရွှေတိဂုံ စေတီပုံဖြင့် အရက်ထုတ်လုပ်မှု စော်ကားရာရောက်သည်ဆိုကာ သာသနာရေးဝန်ကြီးဌာန ကန့်ကွက်

ရန်ကုန် (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံမှ ကုမ္ပဏီ တစ်ခုဖြစ်သည့် Teo Seng Chan ယမကာလုပ်ငန်းသည် ရွှေတိဂုံစေတီတော်ပုံဖြင့် Song Singha အရက်ပုလင်းများ ထုတ်လုပ်ရောင်းချနေမှုအတွက် သာသနာရေးဝန်ကြီးဌာနမှ ဧပြီလ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ကန့်ကွက်လိုက်သည်။

မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ထိုရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ပုံတူကို အရက်ပုလင်းတွင် တံဆိပ်အဖြစ် ကပ်နှိပ်အသုံးပြုလျက် မသင့်မလျော် ဆောင်ရွက်ခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှုကို စော်ကားမှုပြုရာ ရောက်ပါသည်" ကန့်ကွက်စာတွင် ဖေါ်ပြထားသည်။

ရွှေတိဂုံ စေတီတော်၏ ဘွဲ့အမည်နှင့် ပုံတော်များကို ပူဇော်ကိုးကွယ်ခြင်းမှ တစ်ပါး အခြားသော လူမှုရေး စီးပွားရေး ကိစ္စရပ်များ၊ ကြော်ငြာများ၊ လက်ကမ်းစာစောင်များ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ကုမ္ပဏီ၊ ဈေးဆိုင်၊၊ အဆောက်အဦ၊ ဟိုတယ်များနှင့် အမှတ်တံဆိပ်များအဖြစ် မသုံးစွဲရန်လည်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်ဟု ကန့်ကွက်စာတွင်ပါရှိသည်။

Song Singha အမည်ဖြင့် အရက်ပုလင်းများ ထုတ်လုပ်ရောင်းချနေခြင်းကို သာသနာရေးဝန်ကြီးဌာနက အလေးအနက် ကန့်ကွက်ကြောင်းလည်း ဖေါ်ပြထားသည်။

ထို့ကြောင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှတစ်ဆင့် ဆက်လက်အသိပေးနိုင်ရန် အသိပေးထားပြီး သာသာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဋ္ဌေးက လက်မှတ်ရေးထိုးထားသည်။


Credit - Mizzima News

Teo-Seng-Chan-s















No comments:

Post a Comment