Friday, April 24, 2015

အစိုးရနှင့် ကချင်ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ဧပြီ ၂၇ ရက် မြစ်ကြီးနားတွင် တွေ့မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုက်ပွဲ ဖြစ်ပွားလာမှုနှင့် ပတ်သက်၍ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ လာမည့် ဧပြီလ ၂၇ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ပုံမှန်အားဖြင့် လာမည့် မေလ ပထမပတ်တွင် တွေ့ဆုံရန် ညှိနှိုင်းထားသော်လည်း ဖားကန့်နှင့် တနိုင်းဒေသများတွင် အစိုးရ စစ်တပ်နှင့် KIA တပ်တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်းကြောင့် ဧပြီလ ၂၇ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ခြင်း ဖြစ်သည်။

“၂၅ ရက်နေ့မှာတွေ့ဖို့ ညှိထားတာ တိုင်းက ကာလုံဝန်ကြီးက နေပြည်တော် အစည်းအဝေးသွားတာ မအားသေးဘူးဆိုလို့ ရက်ပြန်ရွှေ့လိုက်တယ်။ ၂၇ ရက်မှာ တွေ့ဖို့ သေချာပြီ”ဟု ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သောအဖွဲ့ကို လာမည့်ဧပြီလ ၂၆ ရက်တွင် PCG က လိုင်ဇာမြို့မှ သွားရောက် ခေါ်ယူမည် ဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်က ဖားကန့်ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ တနိုင်းဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် KIA ဘက်မှ အရာရှိ တစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး တပ်ရင်း ၁၄ လက်အောက်ခံ ရှေ့တန်းစခန်းတစ်ခုကို ဆုတ်ခွာပေးလိုက်ရသည်ဟု ကေအိုင်အေဘက်က ဆိုထားသည်။

ယင်းအဖွဲ့သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းခဲ့ရာမှ ဧပြီလ ၆ ရက်က ပြန်လည် တွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည့်အပေါ် ညှိနှိုင်း ဆွေးနွေးသွားမည်ဟု KIO ၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်က မကြာမီက မဇ္ဈိမကို ပြောဆိုထားသည်။

ယင်းနောက်ပိုင်း ဧပြီလ ၂၃ ရက်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော အစိုးရ စစ်တပ်ယာဉ်တန်းကို ဖားကန့်မြို့နယ် ဒွမ်ဘန်နှင့် လဝါးကျေးရွာအကြားတွင် KIA တပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ဒွမ်ဘန်နဲ့ လဝါးကြားမှာ အစိုးရ ယာဉ်တန်းဆင်းလာလို့ ကေအိုင်အေဘက်က မိုင်းခွဲတယ်ဆိုပြီးတော့ ပြောတယ်။ ယာဉ်တန်း တစ်စီး ထိတယ်။ ဘယ်သူမှ ဘာမှ မဖြစ်ဘူးလို့ ပြောတယ်။ ဒီနေ့က တိုက်ပွဲက မဖြစ်ပွားတော့ဘူး” ဟု သူက ပြောသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင်လည်း MNDAA နှင့် အစိုးရ စစ်တပ်တို့အကြား ဧပြီလ ၂၃ ရက် နံနက် ၃ နာရီမှာ ည ၉ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း ယနေ့ ဧပြီလ ၂၄ ရက်တွင်မူ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

ဧပြီ ၂၃ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် MNDAA ဘက်မှ နှစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ အစိုးရဘက်မှ အနည်းဆုံး ၉၀ ခန့် ကျဆုံးမှု ရှိမည်ဟု သူက ပြောဆိုသည်။

Credit - Mizzima News

No comments:

Post a Comment