Thursday, April 23, 2015

အစိုးရက ပျားရည်ဖြင့်ဝမ်းချခဲ့ဟု ဖမ်းဆီးခံ ကျောင်းသားများပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရေ စီပညာရေး စနစ်ကိုတောင်းဆိုသည့် ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွင်းခဲ့သည့် အစိုးရ၏ လုပ်ရပ်သည် ပျားရည်ဖြင့် ဝမ်းချသည့် အနေအထားဖြစ်သည်ဟု သာယာဝတီ အကျဉ်းထောင်မှ တစ်ဆင့် လက်ပံတန်းတရားရုံးသို့ ရုံးထုတ်လာစဉ် ဖမ်းဆီးခံ ကျောင်းသားများက ပြောဆိုလိုက်သည်။

Student-Lapantan-01
ဒီမိုကရေစီ ပညာရေးစနစ် တောင်းဆိုသည့် ဖမ်းဆီးခံသပိတ်မှောက် ကျောင်းသားများအား လုံခြုံရေးတင်းကြပ်စွာဖြင့် လက်ပံတန်း တရားရုံးတွင် ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းက ၅ ကြိမ်မြောက် ရုံးထုတ်လာသည်ကို တွေ့ရစဉ်၊(ဓာတ်ပုံ- ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)



အစိုးရအနေဖြင့် သပိတ်မှောက် ကျောင်းသားများ၏ လိုလားချက်ကို လိုက်လျောမလိုနှင့် နောက်ဆုံးတွင် ရိုက်နှက်ဖမ်းဆီးပြီး ဖြိုခွင်းလိုက်မှု အပေါ် ကျောင်းသားများက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အစပိုင်းမှာ ကျွန်မတို့ကို ပျားရည်နဲ့ ဝမ်းချဖို့ကြိုးစားတယ်။ ဒါပေမယ့် တစ်ကယ်တမ်း ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်တွေကို မျက်ဝါးထင်ထင်မြင်ရမှာ ဖြစ်ပါတယ်” ဟု ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောသည်။

သို့သော် ဒီမိုကရေစီ ပညာရေး စနစ်မရမချင်း ဆက်လက်တောင်းဆိုရန် အားလုံးဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဖမ်းဆီးခံကျောင်းသားများက ဆိုသည်။

“ဒီပညာရေး စနစ်ကို မပြင်မချင်း ဆက်ပြီးတိုက်ပွဲဝင်သွားမယ်” ဟု ပုသိမ်တက္ကသိုလ်၊ ဥပဒေပညာ ပထမနှစ်မှ ဖမ်းဆီးခံကျောင်းသား ကိုသက်ပိုင်စိုးက ပြောသည်။

ဒီမိုကရေစီ ပညာရေး စနစ်ကို တောင်းဆိုသည့်သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်များအား အစိုးရအနေဖြင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခွင့်ပေးခဲ့သလို သပိတ်မှောက် ကျောင်းသားတို့လိုလားသည့် အချက်များအား လေးပွင့်ဆိုင် သဘောတူညီချက်ဖြင့် ထည့်သွင်းရန်ခွင့်ပြုခဲ့သော်လည်း ရန်ကုန်သို့ချီတက်ရန် ဆန္ဒပြင်းပြနေသည့် သပိတ်မှောက်ကျောင်းသားများအား မတ်လ ၁၀ရက်က လက်ပံတန်းမြို့တွင် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“အစိုးရနဲ့ လွှတ်တော်ဘက်က ကိုယ်စားလှယ်တွေက လေးပွင့်ဆိုင်သဘောတူညီချက်တွေကို ချိုးဖောက်ပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ရလာဒ်တွေကို အစိုးရဘက်က လုံးဝမျက်ကွယ်ပြုလိုက်ပြီဆိုတာတော့ လုံးဝသေချာပါတယ်” ဟု မဖြိုးဖြိုးအောင်က ပြောသည်။

အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်တို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ဖမ်းဆီးခြင်းမပြုရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသေးသည်။

ဖမ်းဆီးခံကျောင်းသားနှင့် ဝန်းရံပြည်သူ စုစုပေါင်း၇၀ဦးအား ဧပြီလ ၂၃ ရက်က လက်ပံတန်းတရားရုံးသို့ ငါးကြိမ်မြောက် ရုံးထုတ်လာခြင်းဖြစ်ပြီး ယခုလ ၃၀ ရက်တွင်မူ သာယာဝတီခရိုင်တရားရုံးတွင် အမှုစစ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ကျောင်းသားများအား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မအပါအဝင် ပုဒ်မ ၅ ခုတပ်ပြီး အစိုးရက တရားစွဲဆိုထားခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့အား သာယာဝတီအကျဉ်းထောင်တွင်ထားရှိပြီး အကျဉ်းထောင်အတွင်း ခြင်ထောင်မပေး သလို စားစရာ၊ သောက်စရာများကို ကော်ခွက်ဖြင့်ကျွေးသည်ဟု ဖမ်းဆီးခံကျောင်းသားများက ပြောသည်။

“ခြင်ထောင်ကတော့ အဓိကလိုအပ်နေပါတယ်။ ညဘက်ဆို ခြင်တွေကိုက်တယ်။ နေ့ဘက်ဆိုလည်း ယင်တွေ ကိုယ်လုံးပေါ်လာနားလို့ မအိပ်ရဘူး” ဟု ကျောင်းသားတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံကျောင်းသားများအားရုံးထုတ်သည့် လက်ပံတန်းတရားရုံးသို့ ရောက်ရှိလာသည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကမူ ဖမ်းဆီးခံကျောင်းသားများအား အမြန်ဆုံးပြန်လွတ်ပေးသသင့်သည်ဟု သုံးသပ်သည်။

“အမြန်ဆုံးခြွင်းချက်မရှိလွတ်ပေးဖို့လိုအပ်တယ်။ အဲ့ဒီလိုလွတ်ပေးဘူးဆိုရင် တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အများကြီး ထိခိုက်ပွန်းပဲ့လိမ့်မယ်လို့မြင်တယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက မဇ္ဈိမကို ပြောသည်။

Credit - Mizzima News

No comments:

Post a Comment