~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံတကာ အရောင်းရဆုံး စံချိန်တင်ထားသည့် စာရေးဆရာမ Cheryl Strayed ၏၀တ္ထုကို အခြေခံ ထားသော “Wild” အမည်ရှိ ရုပ်ရှင်ကားတစ်ကားကို ကြည့်ဖြစ်သည်။ မင်းသမီးဇာတ်၊ အဓိက သရုပ်ဆောင်မင်းသမီးက အော်စကာဆုရှင် Reese Witherspoon ၊ ဇာတ်လမ်းက ရည်းစားနှင့် ကိုယ်ဝန်ရှိလိုက်ရတဲ့ မိန်းကလေး။ ရည်းစားက အကြောင်းကြောင်းကြောင့် စွန့်ပစ်ခံရသည့်အခါ မိသားစုရော၊ အလုပ်အကိုင်ရော၊ ဂုဏ်သိက္ခာတွေပါ တစ်စစီဖြစ်ကုန်သည်။ မိန်းကလေး
ထွက်ပေါက်ရှာသည်။ အရက်သောက်၊ ဆေးရှူ၊ နောက်ရည်းစား တစ်ယောက်နှင့်တွဲ။ အဲလိုထည်လဲ အလုပ်တွေမလုပ်၊ Go Hiking စိတ်ထွက်ပေါက် အနေနှင့် တစ်ယောက်တည်း ခရီးထွက်သည်။ Backpacking ပေါ့။ ခရီးကြမ်းထွက်ရင်း တစ်နေရာရောက် သည်။ သောက်ရေ ပြတ်သွားသည်။ ရေရှာရင်း တစ်နေရာ တွင်တော့ တွေ့လိမ့်နိုးဖြင့် ရေရှာ သည်။ ဇာတ်ကားထဲက မင်းသမီး ရေသောက်ရန် ရှာနေသည်ကို ကြည့်ရင်း မိမိရေဆာလာ သည်။ ရေသောက်နိုင်ရေး သစ်ရွက် ကလေးတွေကို လက်နှင့်ပွတ်ချေပြီး ရေထွက်နိုးရှူသည်။ ကားမှန်တွေ၊ စတီးခွက်တွေ၊ ကြွေရည်သုတ်ခွက် တွေကို ရေအဆာပြေစေရန် လျှာနှင့်လျက်သည်။ ရေဆာမပြေ ရေငတ်မပြေ၊ နောက်ဆုံးတွင် အလွန်နောက်ကျိ နေသည့် ရေအိုင်ငယ်တစ်ခုကို သူတွေ့သည်။ ရေက ကော်ဖီရောင် ပေါက်နေသည်။ အဲဒီ နောက်ကျိ နေသည့်ရေကို သူမတွင်ပါလာသည့် ပန့်စက်ငယ် အကူအညီနှင့် ပါလာသည့် ခွက်ယောက်၊ ဘူးများအတွင်းသို့ ဖြည့်သည်။ ပြီးတော့ ရေသန့်ဆေးမှုန့်ထည့်သည်။ နာရီဝက်ခန့်အကြာတွင် သောက်သုံးနိုင်သည့် ရေအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။ ဇာတ်ကြောင်းကို ဒီမှာတင် ရပ်လိုက်ပါသည်။ ဆက်ရေးရန် မလိုတော့ပါ။
မိမိရေးချင်သည့် အကြောင်းအရာမှာ နောက်ကျိနေသည့်ရေ ကို မြင်သည့်အခိုက်တွင် ယခုဆောင်းပါးကိုရေးရန် သတိရလာခြင်းဖြစ်သည်။
x x x x x x x x x
မိမိတို့ဂျာနယ် အယ်ဒီတာအဖွဲ့သည် ယခင်ဆောင်းပါးအချို့တွင် ဖော်ပြ သကဲ့သို့ နယ်ဘက်သို့ထွက်ပြီး ပြည်ခိုင်ဖြိုး အသင်းကြီး၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်တွေကို ကိုယ်တိုင်ကိုယ်ကျ သတင်းရယူကာ ဂျာနယ် အသီးသီးတွင် ဖော်ပြလေ့ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည့်ဒေသ အသီးသီးသို့ မိမိတို့ အယ်ဒီတာအဖွဲ့ ကိုယ်တိုင် ကိုယ်ကျ သတင်း အချက်အလက် ရယူနိုင်ခဲ့ကြသည်။ အဆိုပါဒေသ အချို့တွင် သက်ဆိုင်ရာ နယ်မြေတာဝန်ခံတွေက လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး စသည်တို့ကို ယင်းတို့ တတ်စွမ်းသမျှ ဆောင်ရွက် ထားကြသည်ကို တွေ့ရသည်။
မိမိတို့ ယခုလို ကျေးလက်ဒေသတွေဆီဆင်းပြီး ပြည်ခိုင်ဖြိုး ၏ ဆောင်ရွက်ချက်တွေကို ရေးသားပြီး ဂျာနယ်တွင် ဖော်ပြလေ့ ရှိသည်ကို ပြည်ခိုင်ဖြိုး မဟုတ်သည့် ဂျာနယ် အသိုင်းအ၀ိုင်းကသိသည်။
““ဟေ့ကောင်မောင်မြား၊ သိပ်ပြီးတော့လည်း ရှေ့ကပြေးပြမနေနဲ့ ဦး။ နောက်လည်း လှည့်ကြည့်ဦး၊ ဘာမှ ပါမလာဘူး ဖြစ်နေဦးမယ်””
““မင်းတို့ ရေးပြနေတဲ့ အကြောင်းအရာတွေက ငွေကြေးနဲ့ လုပ်ပိုင်ခွင့်ရှိရင် ဘယ်သူမဆို လုပ်နိုင်ပါတယ်ကွာ””
မိမိတို့ အယ်ဒီတာအဖွဲ့ လုပ်ရပ်ကို သက်ဆိုင်ရာ လူကြီးတွေက ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ မိမိတို့ ဆက်လုပ်ကြသည်။ ကိုယ့်စရိတ်နှင့်ကိုယ် အပင်ပန်းခံကြသည်။ ကျေးလက်ဒေသ ပြည်သူတွေနှင့် ထိတွေ့သည့်အခါ သူတို့၏ သဘောထား စိတ်ရင်းအမှန်ကို မိမိတို့ထဲထဲဝင်ဝင် သိခွင့်ရသည်။ သူတို့ဘ၀ကို မိမိတို့နားလည်ခွင့်ရသည်။ ““ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး”” ဘ၀တုန်းကတော့ ကျေးလက်ပြည်သူတွေ အသင်းကြီးကို အတော်မျှော်လင့် ခဲ့ကြသည်။ ပြည်ခိုင်ဖြိုး အသင်းကြီးနှင့်အတူ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အသင်းဝင်ပြည်သူတွေ တက်တက်ကြွကြွ ဆောင်ရွက် ခဲ့ကြတာတွေ ရှိသကဲ့သို့ ““အဘ””ဂါထာကိုလည်း အခါမလပ် ရွတ်ဆိုခြင်းဖြင့် ““အဘ””တို့အပေါ် မျှော်လင့်ချက်ကြီးစွာ ထားနေကြသည်ကို မိမိတို့မျက်မြင်တွေ့ရှိရသည်။
““မင်းတို့ ရေးပြနေတဲ့ အဘတွေရဲ့ လုပ်ဆောင်ချက်တွေက ငွေကြေးနဲ့ လုပ်ပိုင်ခွင့်ရှိရင် ဘယ်သူမဆို လုပ်နိုင်ပါတယ်””ဆိုသည့် ငြင်းချက်တွင် ငွေရှိတိုင်း၊ လုပ်ပိုင်ခွင့်ရှိတိုင်း““ခိုင်း””လို့ လုပ်ရသည့်““ဖိအားထည့်၊ တွန်းအားမဲ့”” အလုပ်မျိုး မဟုတ်ဘဲ “စေတနာ” အပြည့်ဖြင့် လုပ်ဆောင်ခဲ့သည့် သာဓကများကို မိမိတို့ ရောက်ရှိရာ ကျေးလက်ဒေသတိုင်းတွင် တွေ့ရှိရသည်။
x x x x x x x x x
မိမိတို့ဂျာနယ် အလုပ်ပါးတဲ့ရက်၊ ဂျာနယ်အယ်ဒီတာ အဖွဲ့တွင်လည်း လမ်းစရိတ် အထိုက်အလျောက် ရှိသည့် အခြေအနေမျိုးတွင် ကျွန်တော်တို့ရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ အတွင်းရေးမှူးတွေဆီကို ဆက်သွယ်ပါသည်။ သူတို့ဘက်က အစစ အဆင်သင့်ဖြစ်သည်နှင့် မိမိတို့ဆီကို ပြန်လည် ဆက်သွယ်ပါသည်။
မိမိနှင့် အယ်ဒီတာအဖွဲ့ဝင်နှစ်ယောက် ရန်ကုန်-မန္တလေး ညဘက်အမြန်ကားပေါ် ရောက်ပြီး မကြာခင်မှာပဲ ကားစတင် ထွက်ခွာပါသည်။ နောက်နေ့လင်းအားကြီးတွင် မိမိတို့အဖွဲ့ ရမည်းသင်းမြို့ကို ရောက်ရှိပါသည်။ အလုပ်များနေသည့် ကာလမို့ ခရိုင်အတွင်းရေးမှူး အိမ်ပြန် မအိပ်သည့်အတွက် ဦးမြင့်ဆွေကို ရုံးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခွင့်ရလိုက်သည်။
အမှန်တော့ ရမည်းသင်း ကားဂိတ်မှာ ခရိုင်အလုပ်အမှုဆောင်တစ်ဦး မိမိတို့ကို လာရောက်ကြိုဆိုစဉ် ကတည်းက ခရိုင်အတွင်းရေးမှူး နယ်မဆင်းဘဲ ရုံးမှာပဲရှိသည်ကို သိရကတည်းက မိမိတို့အဖွဲ့ဝမ်းသာ ကြသည်။
ခရိုင်အတွင်းရေးမှူး ဦးမြင့်ဆွေနှင့် အသင်းကြီးညီလာခံတွင် ဆုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။
မိမိတို့ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်များသည် ထင်ရှားသည့် နိုင်ငံရေးသမားများ၊ ပညာရှင်များ၊ စာရေးဆရာများ၊ အယ်ဒီတာချုပ်များ၊ အငြိမ်းစား ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်ပြီး အတော်အတန် အတွေ့အကြုံများ ရရှိထားကြပြီးဖြစ်ရာ တွေ့ဆုံမေးမြန်းခံရသူ (interviewee) သည် (၁) သက်ဆိုင်ရာ ပညာရပ်ဆိုင်ရာဖြစ်စေ၊ အသက်မွေးမှုဆိုင်ရာဖြစ်စေ၊ မိမိတို့ကျင်လည် လုပ်ကိုင်နေရ သည့်နယ်ပယ် (Professional) မှာဖြစ်စေ ကျွမ်းကျင်နှံ့စပ် ၀မ်းစာပြည့်သူ (၂) ယင်းအရည်အချင်းများ မရှိသူကို တွေ့ဆုံမေးမြန်းချိန် စတင်ပြီး ခဏအကြာမှာပဲ interviewee သည် (၁) သို့မဟုတ် (၂) ဆိုသည်ကို ကောက်ချက်ချနိုင်သည်။ ခရိုင်အတွင်းရေးမှူးဦးမြင့်ဆွေသည် အမျိုးအစား(၁)ထဲမှ ပုဂ္ဂိုလ်ဖြစ်ကြောင်း သူနှင့် နေပြည်တော်ပြည်ခိုင်ဖြိုး အသင်းဌာနချုပ်က ကျင်းပသည့် ညီလာခံရက်များအတွင်း တွေ့ဆုံမေးမြန်းခဲ့ချိန်က တည်းက ကောက်ချက်ချခဲ့ပြီး ဖြစ်သည်။
စကားကြုံလာလို့ ပြောရလျှင်ဖြင့် အမျိုးအစား(၂)များ၊ ပညာရပ်ဆိုင်ရာ ဒေါက်တာများ၊ စာရေးဆရာအချို့၊ အယ်ဒီတာချုပ်နှင့်ဝန်ကြီး(ငြိမ်း)အချို့တွင် တွေ့ရပါသည်။ ““အဲဒါ ဆရာပဲကြည့်ပြီး ရေးထည့်လိုက်ပါ ဆရာရယ်”” ဆိုသည့်အပြောမျိုး အဆိုပါပုဂ္ဂိုလ်များထံမှ မကြာခဏ ကြားရတတ်သည်။
ယခုလက်ရှိ နိုင်ငံတော်အဆင့် အဖွဲ့အစည်းကြီး တစ်ခုတွင် တာဝန်ထမ်းဆောင်နေဆဲ ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ရ ဒေါက်တာတစ်ဦးကို တွေ့ဆုံမေးမြန်းခွင့် ရခဲ့ဖူးပါသည်။
မေး – ဆရာမကြီးခင်ဗျား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံပါသလား။
ဖြေ – ဟာ . . .လက်ခံတာပေါ့။
မေး – ဘာဖြစ်လို့ လက်ခံပါသလဲ ခင်ဗျ။
ဖြေ – ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းရလို့။
မေး – ဒီလိုပါဆရာမကြီး၊ ဆရာမကြီးက ပညာရှင် တစ်ယောက်အနေနဲ့ မိမိယုံကြည်ရတဲ့ Criterion တစ်ခု လောက်နဲ့တော့ သာဓကပြပြီး ပြောပေးပါခင်ဗျ။
ဖြေ – အဲဒါဆို ဆရာပဲ ကြည့်ကြက်ပြီး ရေးထည့်ပေးပါ။
နောက် အဲဒီလိုမျိုး အဖြေစကားတွေရှိတဲ့ ပညာရှင်ပုဂ္ဂိုလ်တွေထဲက သာဓကအနေနှင့် တစ်ယောက်ကို ဖော်ပြပါမည်။ ထင်ရှားသည့် ၀ါရင့်အယ်ဒီတာချုပ် တစ်ဦးဖြစ်ပါသည်။ သူနှင့်မိမိ အင်တာဗျူးခွင့်ရသည်။
မေး – ဆရာ ခင်ဗျား၊ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လက်ခံပါသလား ခင်ဗျာ။
ဖြေ – လက်ခံပါတယ်။
မေး – ဘာဖြစ်လို့ လက်ခံပါသလဲခင်ဗျ။
ဖြေ – လက်မခံရင် သေသွားမှာပေါ့။
(အဲဒီအချိန်က အဖြေသည် သူ၏အဖြေအတိုင်း တစ်ဘ၀လုံး သေသွားနိုင်သည်လား။ မိမိတို့ အယ်ဒီတာအဖွဲ့ ယင်းအင်တာဗျူးအား စာပေစိစစ်ရေးကို တင်သည့်အခါ ““လက်မခံရင် သေသွားမှာပေါ့”” စာပိုဒ်ကို ဖြုတ်ပစ် ခဲ့ပါသည်)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့တကယ် ယုံကြည်လို့ လက်ခံသလား။ ဖိအားကြောင့်လား၊ အကြောက် တရားကြောင့်လား ဆိုသည်ကို သက်ဆိုင်ရာ Interviewee ကာယကံရှင်များသာ အသိဆုံး ဖြစ်ပါလိမ့်မည်။
နောက်တစ်နေ့ မနက်တွင် ရမည်းသင်းမြို့နယ် အတွင်းရေးမှူး ဦးဇော်ဝင်း၏ အစီအစဉ်ဖြင့် ရမည်းသင်း စည်ပင် သာယာနယ်နိမိတ်အတွင်း ရေ၊ လျှပ်စစ်မီး၊ လမ်းတံတား စသည့် ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးအသင်းကြီး၏ ဆောင်ရွက်ချက်တွေကို မိမိတို့အား လိုက်လံပြသသည်။
ရမည်းသင်းမြို့စွန် တစ်နေရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ခန့်က တည်ရှိခဲ့သည့် သမိုင်းဝင် ဘုန်းကြီး ကျောင်းကို ရှေးမူမပျက် ပြင်ဆင်နေသည်များကို လိုက်လံပြသသည်။ ကမကထလုပ်ပြီး ဦးဆောင်ပြင်ဆင် သူက ထိုစဉ်က ယဉ်ကျေးမှုဝန်ကြီး၊ ယခုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဖြစ်သည်။
အမှန်တော့ ရမည်းသင်းဒေသ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း တာဝန်ခံသည် ဦးခင်အောင်မြင့်ဖြစ်သည်။ ရမည်းသင်း တစ်ခွင်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးဆောင် စီမံခန့်ခွဲနေသူမှာ ကျေးလက် ပြည်သူတွေ အားကိုးယုံကြည်ကြသည့် ဦးခင်အောင်မြင့်ဖြစ်သည်။
ရမည်းသင်း၏ ဒီဇင်ဘာ နံနက်ခင်းသည် မိမိတို့မြို့ထဲပတ်ခဲ့ပြီး ခဏအကြာတွင် အပူဘက်သို့ အလျင်အမြန် ကူးပြောင်းတော့သည်။ နံနက် ၉ နာရီတွင် ခရိုင်အတွင်းရေးမှူး ဦးမြင့်ဆွေ၏ အစီအစဉ်နှင့် ရမည်းသင်း နယ်မြေဒေသတွင်း တစ်လျှောက် ဖွံ့ဖြိုးရေး လုပ်ငန်းများအား မိမိတို့အဖွဲ့ကို လိုက်လံပြသမည်ဖြစ်သည်။ ရွာစဉ်အလိုက် မိမိမမှတ်မိတော့သော်လည်း မော်တော်ကားဖြင့် အချိန်အတော်အတန် ကြာအောင် မောင်းပြီး စတင်ခြေချမိသောရွာတွင် နောက်ချေးဖြင့် လည်ပတ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိသည်။ ဖောက်လုပ် လက်စလမ်းတွေကို လိုက်ပြသည်။ မြို့နယ်ချင်းဆက်၊ ခရိုင်ချင်းဆက် ကျေးလက်များ စသည်တို့ကို တွေ့ရှိ လိုက်ရသည်။
နေ့လယ် ၂ နာရီသာသာခန့်တွင် ပျော်ဘွယ်မြို့နယ်ဘက်နှင့် နီးစပ်သော်လည်း ရမည်းသင်းမြို့နယ်ထဲက ရွာတစ်ရွာကို မိမိတို့အဖွဲ့ ရောက်ရှိသွားသည်။ ပျော်ဘွယ်မြို့နယ် အတွင်းရေးမှူး၊ ရမည်းသင်း အတွင်းရေးမှူးနှင့် နှစ်မြို့နယ်စလုံးနှင့် ခရိုင်ရုံးမှ အမှုဆောင်များ ပါဝင်ကြသည်။
ရွာထဲက စည်းရုံးရေးမှူး တစ်ဦးအိမ်ကို ဦးတည်သွားကြသည်။ အဲဒီစည်းရုံးရေးမှူး အိမ်အရှေ့ဘက် မလှမ်းမကမ်းတွင် တစ်ရွာလုံး သောက်သည့် သောက်ရေကန်ရှိသည်။ ပေအစိတ်၊ ပေငါးဆယ်ခန့်လောက်သာ ရှိမည်ထင်သည်။ ““ရေနောက်မှာ ရွှေကြာပေါက်သည်””ကို အဆိုပါရွာမှ ကန်တွင်တွေ့ရသည်။ နောက်လိုက်သည်မှ ကော်ဖီရောင်၊ ယခင်က တစ်ရွာလုံး အဆိုပါသောက်ရေကန်ကိုပဲ အားကိုး သောက်နေ ရသည်ဟုဆို သည်။ “Wild” ရုပ်ရှင်ထဲက ရေဗွက်အိုင်ကိုမြင်ပြီး ရမည်းသင်းပိုင် ကျေးရွာက အဆိုပါ ရေနောက် ကန်ကို သွားသတိရမိခြင်းဖြစ်သည်။ အဲဒီရေနောက်ကန်မှ တောင်ဘက်သို့လားသော် ရေတင်နေသည့် စက်ရုံတစ်ရုံကို တွေ့ရသည်။ ရွာသူရွာသားတွေ ပျော်ရွှင်စွာ ရေခပ်နေကြသည်။
တစ်ရွာလုံး ပြုံးပျော်နေကြသည်ကို မျက်မြင်ဒိဋ္ဌ တွေ့ရသဖြင့် ကြည်နူးဝမ်းသာမှုများ ကူးစက် လာတော့သည်။ ရေစက်ရုံရဲ့ အလှူဒါယကာက ဦးခင်အောင်မြင့်နှင့် မိသားစုဖြစ်သည်။ ရေအကျိုးဆယ်ပါး ဦးခင်အောင်မြင့်နှင့် မိသားစုတို့ရကြပါစေသားဟု လွန်ခဲ့သည့် ၅ နှစ်ခန့် ကတည်းက မိမိတို့အယ်ဒီတာအဖွဲ့ ဆုတောင်းခဲ့ကြသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment