Monday, April 20, 2015

ပြည်ခိုင်ဖြိုးပါတီဗဟိုအကြံပေး ဗိုလ်မှူးကြီးမောင်ပါ(ငြိမ်း)နှင့် တစ်ခဏတာ – မောင်ရေစက်

 “ အမျိုးသမီးရေးရာတို့၊ မိခင်နှင့်ကလေး၊ မီးသတ်။ ဒီလောက်က လူထုမဟုတ်ဘူးလေ။ ဟိုးအောက်က လှုပ်ရှားတဲ့ လူတွေဘာတွေ မေးမြန်း ရမယ်။ တကယ့်လူထုက အောက်ခြေမှာ ကုန်းရုန်းပြီးတော့ စားကြရတာ . . .”

လင်းယုန် မပါဘူးလား။ မပြောချင်လို့ပါ ဟဲ .. ဟဲ ..ဟဲ အဲဒါပိုပြီးတော့ စိတ်ဝင်စားတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဖြစ်ပေါ်မီက ကြံ့ခိုင်ရေးအသင်း၌ ဗဟိုအလုပ်အမှုဆောင် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ရန်ကုန်ဒုမြို့တော်ဝန် တာဝန်များဖြင့် လူသိများ ခဲ့သော ကျောက်ပန်းတောင်းမြို့သား ဗိုလ်မှူးကြီးမောင်ပါသည် ယခုအခါအသက် ၇၆ နှစ် ရှိသည့်တိုင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး
ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်များဖြင့် နေ့စဉ်နှင့်အမျှ လွှတ်တော် တက်ရောက်ခြင်း၊ ပုံမှန်ကြံ့ခိုင်ရေးပါတီ CEC အစည်းအဝေးများ တက်ရောက်ခြင်း၊ မဲဆန္ဒနယ်မြေသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိနေသည်ကို တွေ့ရပါသည်။ နိုင်ငံ့ဝန်ထမ်းဘ၀မှ လွှတ်တော်အမတ်၊ တပ်မတော်အစိုးရကာလ၊ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယုံကြည်ရသူ တစ်ဦးနေရာ ဗိုလ်မှူးကြီး၊ ဗဟိုအလုပ်အမှုဆောင် တာဝန်ကြီးများမှ အဆောင်အယောင်မဲ့ သာမန်ပြည်သူအမတ်တစ်ဦးအဖြစ် ဘ၀ကို ဖြတ်သန်းလျက်ရှိနေသော ဗိုလ်မှူးကြီးမောင်ပါကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း မြန်မာသံတော်ဆင့်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် တစ်ခဏတာ နိုင်ငံရေး၊ သဘောတရားရေးရာ ပြောကြားချက်များမှာ သတင်းမီဒီယာများနှင့် ထိတွေ့မှု မရှိသလောက် နည်းပါးသော အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်းဆောင်နေရာဖြစ်သည့် ဗဟိုအကြံပေးအဖွဲ့ဝင်တစ်ဦး၏ စစ်မှန်သော နိုင်ငံရေးယုံကြည်ချက်၊ လက်တွေ့ဘ၀ အယူအဆများဖြစ်၍ လေ့လာသုံးသပ်နိုင်ရန် မှတ်တမ်းပြု ဖော်ပြလိုက်ပါသည်။

● အဘမြန်မာသံတော်ဆင့်နဲ့ ကျွန်တော်တို့အပေါ် ဘယ်လိုမြင်ပါသလဲ။

မင်းတို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ငယ်ငယ်တုန်းတည်းက အားပေးပါတယ်။ ဒါပေမဲ့လည်း ပညာရှိ သတိဖြစ်ခဲဆိုသလို တချို့ဟာလေးတွေကျတော့ ရှောင်တိမ်းပြီး ရေးရတာပါပဲ။

ဒါကလည်း ကျွန်တော်ထင်တာက သူတို့မသိတာ ကြာပြီလေ။ သူတို့ မသိတာလေးတွေပဲ ရွေးထုတ်ပြီးတော့။ ငယ်ငယ်တည်းက ကိုယ်ကသဘောကျပါတယ်။

အိမ်မှာတစ်မျိုးပဲရှိတယ် သံတော်ဆင့်တစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုတော့သိချင်တာကိုး။ တို့ကတော့ နောက်ပြီးတော့ လက်ဆင့်ကမ်းနေပြီလေ။ ကိုယ်တို့က သိပ်မသိဘူး။ မြန်မာ့အလင်းနဲ့ ကြေးမုံပဲဖတ်တာကိုး။ ကျွန်တော်ကတော့ ဒီဟာပဲဖတ်တယ်။ ဒီတစ်မျိုးပဲ။

● အဘက ကျန်းမာရေးမကောင်းဘူး၊ ထွက်စာတောင်မှ တင်ထားတယ်ကြားတယ်။

ကျွန်တော်က အရင်တုန်းကတော့ တပ်ထဲနေတာ များတာကိုး။ လွှတ်တော်လည်း တက်ချင်တယ်။ ပြီးတဲ့အခါကျတော့ လူထုကနေ ရွေးထားတဲ့အတွက် လူထုဆီပဲသွားပြီးတော့ ဘာလုပ်ပေးရမလဲ။ ကျွန်တော့်ဆီ က သိပ်ဆင်းရဲတယ်လေ။ ဆိပ်ကြီးခနောင်တိုက။ စည်ပင်သာယာက ၃၁ မြို့နယ်ကိုး။ အဲဒီမှာ အဆင်းရဲဆုံး၊ အားလုံးက ဆင်းရဲတယ်။ ဆင်းရဲပေမယ့် စေတနာကျတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်နိုင် သလောက်လေးတော့ လုပ်နေတယ်လေ။ သိန်းတစ်ထောင်တို့ ဘာတို့ဆို ကျွန်တော်က သိပ်ဝမ်းသာတာ။ ကျွန်တော်တို့က ပြည်သူ့ဆီကို သွားရမယ်၊ ကျွန်တော်ရအောင် ရွေးချယ်ပေးလိုက်တဲ့သူတွေ၊ အိမ်ပေါက်စေ့ ရောက်တယ်၊ အကုန်လုံး ကျွန်တော့်ကို သိတယ်။ အသာလေးနေပြီးတော့ သူ့ဘာသာသူ တက်လာရင် ဘယ်သူနိုင်သည်ရှုံးသည်။ နိုင်တာရှုံးတာကို ကျွန်တော်မယူဘူး။ ဘာကြောင့်ဆို ကျွန်တော်က ၁၈၊ ၁၉ နှစ်လောက် ရှိသွားပြီလေ အဲဒီကို သွားလာနေတာ။ လူထုက သိပါတယ် ဘယ်သူလုပ်တယ် ဆိုတာလေ။

● အဘပြောဖူးတယ်လေ ဗိုလ်ချုပ်မှူးကြီးက ဆက်လုပ်ဆိုလို့သာ လုပ်နေရတာ မလုပ်ချင်တော့ဘူးလို့။

ဒီလိုပေါ့ သူငယ်ချင်းတို့ အလှည့်တွေ ရှိတယ်လေ။ မမီတော့ဘူး ကျွန်တော်တို့။ အသိဉာဏ်တော့ ရှိတာပေါ့။ ဇာတ်ကြောင်းလေးတော့ သိတာပေါ့။ တကယ်လက်တွေ့ လုပ်ရတာကျတော့ သားတို့လည်း ဘယ်တတ် ပါ့မလဲ။ ကမ္ဘာက မြန်မာဆိုနည်းနည်း နိုင်ငံခြားသွား မျက်နှာငယ်နေသေးတာပဲ။ အဲဒါခင်ဗျားတို့ လုပ်မှပေါ့။ အဓိကကျွန်တော် အခုချိန်မှာ သိတာတစ်ခုပဲရှိတော့တယ် အဲဒါကတော့ ကျန်းမာဖို့။ ကျန်းမာရင် အကုန်လုပ်လို့ ရတယ်လေ။ ဒီဟာတောင် အရင်တုန်းကဖတ်တာ တစ်ရက်တည်းပြီးတယ်။ အခုက ၃ ရက်လောက် ဖတ်ရတယ်။

မျက်စိက နှစ်ဖက်လုံး ခွဲထားတယ်။ သူနဲ့ထိုက်တန်တဲ့ဟာ ရတာပေါ့။ အသက်ကြီးတော့ ဒီလိုပဲ ဖြစ်သွား မှာပဲလေ။ ကျွန်တော်ကတော့ ကျွန်တော့်ဘာသာ ပြောတယ် ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော့် အတွက်ပါမှာပဲ လုပ်တော့မယ်။ သဘောပေါက်လား။ ဒါတွေက ကိုယ်ပိုင်မှ မပိုင်ဘဲ။ အဲလို ကျွန်တော်က သဘောပေါက်တယ်လေ။ အခုအချိန်မှာ ကျွန်တော်က လွှတ်တော်ပြီးရင်လည်းပဲ လူထုနဲ့၊ နောက်ဆုံးတော့ ကျွန်တော်က ပြောပြပါတယ်။ ဆိပ်ကြီး ခနောင်တိုကို ငါထွက်သွားပြီနော်လို့။ ကျွန်တော်က သင်္ချိုင်း လေးတွေကအစ လုပ်ပေးခဲ့တာကိုး။ ကျွန်တော့်ကို နာယက လုပ်ပါတဲ့ နာရေးဥက္ကဋ္ဌ။ လာချင်သေးတယ်လို့။ တကယ်ကို ဆင်းရဲတဲ့ဆီပဲ သွားချင်တယ်။ အပေါ်ကို မသွားတော့ဘူး။

● ရန်ကုန် ဒုမြို့တော်ဝန် တာဝန်ယူတဲ့ အချိန်မှာလည်း နောက်မှာပဲနေ ခဲ့တယ်နော်။

ခင်ဗျားလည်းသိပါတယ်။ စေတနာဗျ။ ကျွန်တော်ကကျတော့ ဘယ်လိုတွက်လဲ ဆိုတော့ လစာ ဘယ်သူကပေးတာလဲ။ ဒီ ရန်ကုန် ဘယ်သူကပေးတာလဲ။ ရန်ကုန် လူထုပေးတယ်ဆိုရင် ရန်ကုန်လူထုက ကျွန်တော့် ကျေးဇူးရှင်ပဲ။ ကျွန်တော်တော့ ဒီလိုပဲ တွက်တယ် အသက်ကြီးလို့လားတော့ မသိဘူး။

ဒါရန်ကုန် နယ်ဆိုရင်လည်း မသိပြန်ဘူး။ ဒါရန်ကုန်က အရင်တုန်းက အစိုးရ ရုံးထိုင်လေ။ ကျွန်တော် ငယ်ငယ်တည်းက ခင်ဗျားကို သဘောကျပါတယ်။ တွက်လည်း တွက်တယ် လူကြီးဖြစ်မှာလို့။ ကျွန်တော်တို့ ကတော့ ဖတ်တယ် အမှန်အတိုင်း ပြောတာ။

● ကျွန်တော်ဂျာနယ်စလုပ်တော့ တော်တော်တိုက်ခိုက်တာ။ ကိုယ်က မှန်တာရေးမှာပဲလို့။

ဘာသာရေးလည်း လုပ်တယ်နော်။ ဘုန်းကြီးတွေ တော်တော် များများ တွေ့တယ်။ ဆရာတော်တွေရဲ့ အာဘော်တွေ။ ကောင်းတယ်။

● ဗိုလ်မှူးကြီးမောင်ပါ တာဝန်က မကွေးကနေ လာခဲ့တာလား။

ပထမတော့ကွတ်ခိုင်ပေါ့။ အခုတိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေ ဘာတွေ ရောက်ဖူးတာကိုး။ ကျွန်တော်တို့က အညာသားတွေလေ။ ဆိုတော့ နည်းနည်းအတယ်။

● အဘဦးအောင်သောင်းနဲ့ အဘက ရှေ့နောက်နော်။

ရှေ့နောက်။ သူကအရင်။ သူကဒုဝန်ကြီးနဲ့ ကုန်သွယ်ရေးကို ဆင်းတယ်။ အဘက ဒုမြို့တော်ဝန်နဲ့ ရန်ကုန် ဆင်းတယ်။

● မကွေးက လူကြီးတွေ အကုန်လုံးက နေရာရကြတာ များတယ်။

တစ်ခုတော့ ရှိတာပေါ့ဗျာ ကျွန်တော်ကတော့ ဘာကိုတွက်လဲဆိုတော့ ကိုယ့်မိသားစုလည်း တွက်တယ်လေ။ ကိုယ်က ကောင်းကောင်းနေပြီး ကောင်းကောင်းဖြစ်သွားမှ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လိုချင်တာက ရိုးသားဖြောင့်မတ်ခြင်းပဲ။ သူတို့ကိုပြောနေတာ ၂ ခုပဲ၊ နံပါတ် ၁ က လုပ်ငန်းအပေါ် စေတနာထား။ နံပါတ် ၂ ရိုးသားဖြောင့်မတ်မှု။ အဲဒီနှစ်ခုရှိရင်ရပြီ။ ကျွန်တော်တို့ ပေးနိုင်တာလည်း သူတို့ကို ဒီအမွေပဲ။ ကျွန်တော် ဒါအမှန်အတိုင်း ပြောတာပါ။ ဒီလောက်အထိ အသက်အရွယ် နေရမယ်လို့ မထင်ဘူး။ ၇၅၊ ၇၆ ကျွန်တော်တို့  တွေဆိုရင် ကျောက်ပန်းတောင်းတို့ ဘာတို့ဆို မရှိတော့ဘူး။

ကျွန်တော်တို့က ဘာပဲပြောပြော တကယ်အမှန်ကို မြင်ပြီးတော့ ပြောတာ ဆိုတော့ ခင်ဗျားဆီကလည်း ပညာယူ တာပေါ့ဗျာ။ သိရတာပေါ့။ ဘာမှမရှိတော့ဘူး ကျွန်တော်တို့က ကိုယ့်ဖို့ပဲ။ ဒါပြီးရင် ကျွန်တော်က အဲဒီအလုပ်ကို လုပ်မှာ။

● အရင်စစ်အစိုးရခေတ် လှုပ်ရှားမှုပုံတွေလည်း ကျွန်တော်တို့ ပြန်ထည့်ပေးပါတယ်။

အဲလိုလုပ်မှလည်း ဝေေ၀ဆာဆာ ဖြစ်မှာပေါ့။ ဟိုဟာလေးကို ကျွန်တော်က သဘောကျတယ်ဗျ။ ဆရာတော်တွေရဲ့ အာဘော်လေ။ ကျွန်တော်က ဖတ်တယ်လေ။ စာတတ်တယ်၊ စာတတ်တယ်ဆိုတာ ခေတ်နဲ့အညီပေါ့။ လူထုအကြောင်းလည်း သိတာကိုး။ ခင်ဗျားလည်း တတ်နိုင်သမျှ အလှူလုပ်တာ ကောင်းပါတယ်။ လက်ရှိလုပ်ငန်း အောင်မြင်တာပေါ့။ လူဆိုတာ ကုသိုလ်ကံနဲ့လာတယ်လေ။ ကံ၊ ဉာဏ်၊ ၀ီရိယဆိုတာ ရှိတယ်။

ကျွန်တော်တို့လည်း ဆိပ်ကြီးခနောင်တိုသွားရင် နံပါတ်တစ် ဘုန်းကြီးကျောင်းသွားတယ်။ ဘုန်းကြီးကျောင်း ကန်တော့ပြီးမှ လူထုကို စကားပြောတယ်။ ဘာပဲဖြစ်ဖြစ် ဘာသာရေးက။ သူတို့ကလည်း ဘုန်းကြီးမှ ဘုန်းကြီး။ ကျွန်တော်တို့ မြန်မာလူမျိုး အများစုကလေ ဆရာတော်တွေပြောတာကို လက်ခံကြတယ်။ ဆရာတော်ကို ကိုးကွယ် နေတာကို ဘုရား၊ တရား၊ သံဃာထဲပါနေတယ်။ ကောင်းပါတယ် ကျွန်တော်ကတော့ ဖတ်တယ်။

● သူတို့က အစိုးရနဲ့ ဦးဆန်းဆင့် ပြဿနာတက်တော့ ကျွန်တော့်ကို ဦးဆန်းဆင့် ထုတ်တဲ့ဂျာနယ်ပဲ အောက်မေ့ နေတယ်။ ကျွန်တော်က မဟုတ်ဘူး အစိုးရ မကောင်းရင်လည်း ရေးတယ်၊ ဒါပေမဲ့ ထိန်းထိန်းသိမ်းသိမ်း ရေးပါတယ်။

ဟုတ်ပါတယ်၊ ကောင်းပါတယ်။ ကိုယ်ကလည်း အကုန်သိတာ မဟုတ်ဘူးလေ။ သိတဲ့လူတွေက ထောက်ထောက်ခံခံ ဘယ်သူပဲဆိုတာ ပြလိုက်တာပဲလေ။ အခုလည်း လာနေရတုန်းပဲလား တရားရုံးက။

ဒါပေါ့။ လက်ရှိပရိသတ်က ဘယ်လိုနေလဲဆိုတာလည်း အကုန်လုံးလည်းရေးလို့ မရဘူးလေ။ နည်းနည်းလေးပဲဖော်ပေါ့။

● ကျွန်တော်တို့ဆီမှာ တိုင်စာတွေ တစ်လကို ၆၀ လောက်ရောက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဂျာနယ်က အဘတို့လို လူကြီးတွေဖတ်တော့ အဲဒီမှာ တာဝန်ရှိတဲ့သူတွေက ချက်ချင်းလုပ်ပေးတယ်။

အဲဒါလည်း ကုသိုလ်ရတယ်နော်။ ကျွန်တော်တို့လည်း အရင်တုန်းက တောက်လျှောက် အရာရှိ ဘာညာ လုပ်လာတော့ ဟိုဟာကိုမသိဘူး။ လူထုကိုလေ door to door ပေါ့။ အခုကောင်းတယ် ကျွန်တော်တို့ ပြည်ခိုင်ဖြိုး door to door လုပ်တယ်လေ။ အခုမှ နည်းနည်း ရောက်သွားတာ။ နည်းနည်းပဲ ရှိသေးတယ်။ သိပ်မများသေးဘူး။ ကျွန်တော်တို့က များများရောက်တယ်။ ကျွန်တော်တို့ ဆိပ်ကြီးခနောင်တိုလည်း ဒီလိုပေါ့။ ခိုင်းပြီးပြီးပြီလေ။ အမှန်က check လုပ်ရမှာ။ ကျွန်တော်တို့တော့ ကျန်တဲ့ဟာကို ကုသိုလ်ပဲ ရှာတော့မယ်။

သတင်းလုပ်လည်း ဘာပဲဖြစ်ဖြစ် ကောင်းတဲ့လူလည်းရှိတယ်။ မကောင်းတဲ့လူလည်းရှိတယ်။ ကျွန်တော်တို့ မပါဘူးနော် အဲဒီအထဲမှာ ရတာလေးနဲ့ နေသွားမယ်။

လူကြီးတွေလည်း ဖတ်ဖို့သင့်တယ်။ ဒါမှသိတာပေါ့။ ကျွန်တော်လည်း ဆိပ်ကြီးခနောင်တိုမှာ ၁၆ နှစ်၊ ၁၇ နှစ်။ ရန်ကုန် ရောက်လာတဲ့အခါကျတော့ ဘယ်ဟာ အဆင်းရဲဆုံးဆိုတော့ ဆိပ်ကြီးခနောင်တိုက ၃၂ မြို့နယ်ထဲမှာ အဆင်းရဲဆုံး။ ဒုတိယဆင်းရဲတာကဒလ။ ဒလကတော့ အခုတော့ ၂၃ ရွာလေး ရောက်လာတာပေါ့။ အရင်တုန်း က မြို့ပေါ်တွေမှာ တော်တော် ဆင်းရဲတယ်။ ဟိုဘက်ကမ်းလည်း လာလုပ်ရတာပေါ့ဗျာ။

● ကျွန်တော်တို့ကလည်း ဒီပါတီကြီးကို ကောင်းစေချင်ပါတယ်။

မှန်ပါတယ်။ အသင်းတည်းက ပါတာကိုးဗျ။

● ဗိုလ်ချုပ်ကြီး ရွှေမန်းကလည်း ပြောတယ် ပါတီကြီးကိုကောင်းအောင် လုပ်ကြစို့တဲ့။ လူကအဓိက မဟုတ်ပါဘူးတဲ့။

သူ(ဗိုလ်ချုပ်ကြီးရွှေမန်း)လည်း စိတ်ကောင်းလည်းရှိပါတယ်။ ပြီးတော့ ဗြောင်လည်း ပြောတတ်တယ်။ သူခံစားရတာကိုလေ။

အေးပေါ့ဗျာ တိုင်းပြည်လည်း ကံကောင်းဖို့ လိုတာပေါ့။ လူတွေလည်း ဒီ့ထက်တိုးတက်ဖို့ လိုတာပေါ့။ အထူးသဖြင့်တော့ အမြင်ပေါ့။ ကျွန်တော်ကလူကို ဘာကြည့်လဲဆိုတော့ ကောင်းတာဆိုတာတော့ သိရမယ်။ ကောင်းတယ်ဆိုတဲ့ လူကိုပေး၊ မကောင်းရင် မပေးနဲ့ပေါ့။ သူ့ဦးနှောက်နဲ့ အဆုံးအဖြတ် လုပ်တာပဲ လိုချင်တယ်။ ပိုက်ဆံပေး ကောက်တာတို့ ဘာတို့ညာတို့နဲ့ မလုပ်ချင်ဘူး။ ကျွန်တော်က လုပ်တယ်ဆိုတာ ၁၉ နှစ်လောက် လုပ်လာတာဆိုတော့ ဆိပ်ကြီးခနောင်တို ကျွန်တော့်ကို အကုန်သိတယ်။

ကျွန်တော်က သိပ်ပြီးတော့ ထောင်ထောင်ထောင်ထောင်နဲ့ မလုပ်တတ်ဘူး။ ဒါပေမဲ့ လုပ်စရာ ရှိတာတော့။ ကျွန်တော်က ခုနပြောသလို တစ်ခါတစ်ခါ ကျွန်တော် တက်တယ်။ ဒီအပတ်လည်း သွားတာပါပဲ သိန်း ၁၀၀၀ ကိစ္စဘာညာ။ ကျွန်တော်တို့က သူတို့ရဲ့ဆန္ဒကိုပဲ လိုချင်တာလေ။ သူတို့ဘယ်လိုဟာမျိုး လုပ်ချင်သလဲ။ အခု အစိုးရ လက်ထက်ကျမှ ကျွန်တော်က လုပ်ဖော်ကိုင်ဖက်ရတာ။ ကျွန်တော်က အရင်က ထင်နေတာကိုးဗျ။ ခဏခဏ ရေကန်လေးဖွင့်လိုက်၊ လမ်းလေးဖွင့်လိုက် ကိုယ့်ဘာသာဖွင့်ပြီးတော့ ကိုယ့်ဘာသာ အဲဒါတွေက အပေါ်က ဟာတွေနဲ့ပဲ တွေ့တာပေါ့။ အမျိုးသမီးရေးရာတို့၊ မိခင်နှင့်ကလေး၊ မီးသတ်။ ဒီလောက်က လူထု မဟုတ်ဘူးလေ။ ဟိုးအောက်က လှုပ်ရှားတဲ့ လူတွေဘာတွေ မေးမြန်းရမယ်။

● အဘ ကျောက်ပန်းတောင်ကို တော်တော်လှူတယ်နော်။ အဘလှူထားတာ ကျွန်တော်တွေ့တယ်။

မွေးတဲ့နေရာ ကျေးဇူးဆပ်ရမယ်ဗျာ၊ ကျွန်တော့်ကို ကြီးပွားအောင် လုပ်ပေးတဲ့မကွေး ကျေးဇူးဆပ်ရမယ်ဗျာ၊ အခုနေတဲ့ ရန်ကုန် ကျေးဇူးဆပ်ရမယ်ဗျာ။ ဒီကျေးဇူး ၃ မျိုး။

လင်းယုန်မပါဘူးလား။

● လင်းယုန်လည်းပါတယ်။

မပြောချင်လို့ပါ ဟဲ .. ဟဲ ..ဟဲ အဲဒါက အများကြီး။ ကောင်းတယ်။

● အဲဒါ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကနေ ဂိုက်လိုင်းပေးသွားတာပါ။ သရော်စာပေါ့ခင်ဗျာ။

အဲဒါပိုပြီးတော့ စိတ်ဝင်စားတယ်။ သူ ဟဲဟဲဟဲ လုပ်လိုက်ရင် ဘာတုန်းဆိုပြီးတော့။

● ကျွန်တော်လူကြီးတွေအသံ နားစွင့်တယ် ဘယ်လူကြီးတွေ ဖတ်လဲဆိုတာ။

ကျွန်တော် ခုနပြောသလို အခမ်းအနားလေး ဖွင့်ပြီးတော့ ပါနေကျလူပဲ ပါနေတာက လူထုမဟုတ်ဘူးလေ။ အိမ်ကိုရောက်သွားမှ ဘယ်လောက် ဆင်းရဲတယ်ဆိုတာ သိတာ။ အဲဒါကြောင့် ကျွန်တော် လုပ်နိုင်သလောက်။ ကျွန်တော်ကလည်း ကျွန်တော့်ပိုက်ဆံတွေလည်း အများကြီးစိုက်တာပဲ။ ဟိုတုန်းကတော့ တတ်နိုင်တာပေါ့ အခုက ပင်စင် ယူလိုက်တာကိုး။ ကျွန်တော်က ဘာလုပ်ပေးရမလဲ ဆိုတာပဲ စဉ်းစားတာ။ အခုကျတော့ ပါလာပြီလေ အဖွဲ့တွေ ဖွဲ့လိုက်တယ် မဟုတ်လား။ စည်ပင်အဖွဲ့တို့၊ အထောက်အကူပြုအဖွဲ့တို့၊ သူတို့ပါလာတဲ့အခါ သူတို့ဆီက ကျွန်တော်ရတယ် သတင်းတွေ။ အခုကျမှ လုပ်ဖော်ကိုင်ဘက်ရတယ်။ အရင်က တစ်ယောက်တည်းနဲ့ လက်ညှိုးထိုးပြီးတော့ ဒီဘက်က လမ်းဖောက်လိုက်ပါလား။ ဒါလုပ်လိုက်ပါလား ဆိုပြီးလုပ်တာ ဒါလူထု မဟုတ်ဘူး တကယ့်လူထုက အောက်ခြေမှာ ကုန်းရုန်းပြီးတော့ စားကြရတာ။

● အဘအခုတော့ စိတ်ချမ်းသာတယ် မဟုတ်လား။ အခုလိုနေရတာ အေးအေးချမ်းချမ်းလည်း ရှိတယ်လေ။

စိတ်ချမ်းသာတယ်။ ကျွန်တော်ခုန ပြောသလိုပေါ့ အဲဒါကိုမလုပ်နိုင်ဘဲနဲ့ ကျွန်တော်နေလို့လည်း မကောင်းတော့ဘူးဆိုရင် ဘာလို့ ဆက်လုပ်နေမှာလဲ။ ဆက်လုပ်နိုင်မယ့်သူ လွှဲမှဖြစ်မယ်။ ဒါကြောင့်ထွက်စာ တင်ဖို့ လုပ်တယ်။

● ပါတီမှာတော့ အဘက အကြံပေးအနေနဲ့ ဆက်ရပ်ပေးနေဦးမှာပေါ့။

ကျွန်တော်ကတော့ ယုံကြည်တယ်။ ပြောနေကြတာလည်း သူ့ဘာသာသူ ဘယ်လိုပြောနေနေ စစ်သားတွေ ပြောတာပဲလေ။ ဦးတင်အေးတို့ဘာတို့၊ ဦးသိန်းစိန်တို့ ကျွန်တော်ကတော့ လုပ်ပေးမယ်လို့ ထင်တယ်။ ကျွန်တော်ထင်တာ ပြောတာပါ။

● အဘကရော ၀င်ရွေးဦးမလား။

မရွေးတော့ဘူးလေ။ ကျွန်တော် ၇၆၊ ၇၇ လောက်ဆိုရင်။ ကျွန်တော် မညာချင်ဘူး။ ကျွန်တော်အောက်ပဲ သွားတော့မယ်။

● အဘဇာတိ ကျောက်ပန်းတောင်း မသွားတော့ဘူးလား။

ဆိပ်ကြီးခနောင်တို ပိုချစ်တယ်။ ကျွန်တော် အဲဒီလုပ်ရတာလည်း ဂုဏ်ယူတယ်။ အဲဒါကိုသံသရာအထိ ယူသွားမှာလေ။ ဆိပ်ကြီး ခနောင်တိုကို။ သူ့ကိုစွဲပြီးတော့ သူ့ဆီပဲ ကလေးပြန်ဖြစ်နေမှာ ကြောက်ရတယ်။

ကျွန်တော်လည်း ကိုယ့်ခန္ဓာကိုယ်နဲ့ အခုလည်း ရုန်းကန်နေတာ၊ အပေါ်လည်း လွှတ်တော်မတက်ရ၊ အဲဒီ လူထုဆီလည်း မသွားရဆိုရင်။ ဖြစ်အောင်ကိုသွားမယ်။

ကျွန်တော်က သဘောက ဒီမှာနေတာ တပ်ထဲက ရဲဘော်တွေလေ။ ရဲဘော်ဆိုတော့ အိမ်မှာမိန်းမ ထားခဲ့ရတာပေါ့။ အဲဒီတော့ သူတို့လည်းပဲ အရင်တုန်းက ကိုယ်က တပ်ရင်းမှူးမဟုတ်လား၊ မိန်းမနဲ့နေချင်သေး တာပေါ့။ ၄ ရက်လောက် ဆိုရင်တော့ သွားတယ်လေ။ ၂ ရက် ဆိုရင်တော့ ဓာတ်ဆီဖိုး မတတ်နိုင်ဘူး။

● မြန်မာသံတော်ဆင့်နဲ့ ကျွန်တော်တို့ လူငယ်တွေကို အဘသြ၀ါဒ ပေးလိုက်ပါဦးခင်ဗျာ။

ကျွန်တော်ကတော့ ခင်ဗျားကိုပြောတာပဲ သင်တန်းများများတက်။ ကြိုးစားပြီးတော့လုပ်။ ခင်ဗျား ပထမချည်း ရတာပဲ။ ဒီ့ထက် ကောင်း သည်ထက် ကောင်းသွားပြီးတော့ ဒီ့ထက်တိုင်းပြည်ကို အလုပ်အကျွေး ပြုနိုင်ဖို့။ ကျွန်တော်တို့ ဘာလုပ်လဲဆို ကိုယ့်တိုင်းပြည်ကို အလုပ်အကျွေး ပြုနိုင်ဖို့ပဲ။ ကျွန်တော်တို့ စစ်သားတွေက သစ္စာ၎ချက်ပဲလေ။ အဲဒါက အမြဲတမ်းရှိတာပဲ။

အခုန ကျွန်တော် ပြောတယ်နော်၊ ဘာသာရေးကိုလုပ်ပါ။ ကျွန်တော်ပြောသလိုပေါ့ ကံဆိုတာ ဒီဟာချည်းပဲ မြဲမနေဘူး။ ကျွန်တော်ဆိုရင် ၁၁ နှစ်လောက် တောထဲမှာ ကချင်ပြည်နယ်မှာ။ တိုင်းတို့ဘာတို့မနေဘူး။ လူကြီးလည်း သိပ်မသိဘူး ကျွန်တော့်ကို။ ကျွန်တော်ကလည်း နေတာခပ်အေးအေး။ ဒါပေမဲ့ တာဝန်တော့ ကျေတယ်။ အထက်က ပေးတဲ့ဟာတွေလည်း ခံစားရမှာပဲ။ ကိုယ်မဟုတ်တာ လုပ်ခဲ့ရင်လည်း ဒီမှာ ကိုယ်လုပ်တော့ အကျိုးကရတာ နည်းသွားတာပေါ့။ အဲဒါအပြင် နောက်ဘ၀ဆိုတာ ကျွန်တော်တို့ဆီမှာ ရှိတဲ့အတွက်ကြောင့် ခင်ဗျားလည်း နောက်ဘ၀အတွက် အခုကောင်းအောင်လုပ်။ ဘုန်းကြီးကျောင်းတွေ သွားပြီးတော့ ဘုန်းကြီးတွေနဲ့ဗျူးတာ ကျွန်တော်သိပ်ကြိုက်တယ်။

ကျွန်တော်လည်း ရန်ကုန်အိမ်မှာလည်း ခင်ဗျားဂျာနယ်ပဲ တိုက်ဆိုင်သွားတာ။ သိစေချင်လို့။ သူတို့ကလည်း အရင်လို မဟုတ်တော့ဘူးနော် လူတွေက သိချင်နေတယ်။ ခင်ဗျားရေးတာလေးတွေကို ပိုသိချင်တယ်။ အဲဒါကြောင့် လိမ္မာပါးနပ်စွာ ကိုယ်လိုချင်တဲ့ဟာလည်း ပြောင်းသွားအောင်၊ အပေါ်ကလည်း ခံရမခက် အောင်ပေါ့။

● ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပုံညွှန်းစာ (၂) - တပ်မတော်အစိုးရလက်ထက် ရန်ကုန်တိုင်းကြံ့ခိုင်ရေး အသင်း သွေးလှူဒါန်းပွဲသို့ ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးကြီးမောင်ပါ လာရောက်အားပေးခဲ့စဉ်

ပုံညွှန်းစာ (၃) - ကြံ့ခိုင်ရေးအသင်း ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးကြီးမောင်ပါ ရန်ကုန်အရှေ့ပိုင်းခရိုင် ကြံ့ခိုင်ရေးရုံးသို့ စည်းရုံးရေးဆိုင်ရာအခမ်းအနား တက်ရောက်ခဲ့စဉ်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

 

 

No comments:

Post a Comment