Friday, April 24, 2015

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ဒေါက်တာ အေးမောင်က တိုင်းရင်းသား ကိုယ်စားပြု အဖြစ် ပါဝင်သည့်အပေါ် တိုင်းရင်းသားတို့ အမြင်များ

ရန်ကုန် (မဇ္ဈိမ)။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လက်ကျန် နိုင်ငံရေးအခြေအနေတို့ကို တိုင်းရင်းသား ကိုယ်စားပြုအဖြစ်
ဒေါက်တာ အေးမောင်ပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပေါ် တိုင်းရင်းသား ခေါင်းဆောင်တို့အကြား သဘောထား ကွဲပြားမှုများ ရှိနေသည်။

ခြောက်ပွင့်ဆိုင်တွင် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ဆွေးနွေးရန် ဒေါက်တာ အေးမောင်ကို လွှတ်တော်တွင်း နေရာရရှိထားသည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)ဝင် တိုင်းရင်းသား ပါတီဝင် ကိုယ်စားလှယ်တို့မှ မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ရွေးချယ်ခဲမှုများ၊ ကိုယ်စားပြုရွေးချယ်ခဲ့မှုများအပေါ် တိုင်းရင်းသား ခေါင်းဆောင်အချို့၏ သဘောထား မှတ်ချက်များကို ဖော်ပြလိုက်သည်။


u-Sai-Nyi-Lwinဦးစိုင်းညွှန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး၊)
ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုမှာ တိုင်းရင်းသားကိုယ်စားပြုတဲ့အပေါ် အစိုးရနဲ့ လွှတ်တော်က လုပ်တာကို၊ ကျွန်တော် မှတ်ချက်မရှိပါဘူး၊ ကန့်ကွက်ဖို့လည်းမရှိဘူး၊ တိုင်းရင်းသားကိုယ်စားပြုမှုဆိုတာတော့ အားလုံးရဲ့ လိုအပ် ချက်တွေ၊ ကျွန်တော်တို့ရဲ့ လိုလားမှုတွေလည်း ရှိတယ်၊ ပြောချင်တာတွေတော့ အများကြီးပါပဲ၊ အခုဟာက လွှတ်တော်ထဲကပေးတဲ့ အခွင့်အာဏာ (Mandate) ပဲရှိတယ်။ တိုင်းရင်းသားကိုယ်စားပြုကို ပြောမယ်ဆိုရင် တိုင်းရင်းသားဆိုတဲံ ဝေါဟာရကို စတင်ပြီး အဓိပ္ပါယ်ဖွင့်ရမယ်။ ဗမာလည်း တိုင်းရင်းသားပဲလေ၊ ပါရမှာပေါ့၊ မပါရပဲ သူများဆွေးနွေးတာက ကောင်းတယ်မကောင်းလည် မသိရဘူးလေ။ ကျွန်တော်တို့ကတော့ အခုတွေ့ဆုံမှုကို ကန့်ကွက်မှာ မဟုတ်ပေမယ့် တွေ့ဆုံမှုရလာဒ်က အားလုံးအတွက်ကောင်းတဲ့ အကျိုးရှိရင်တော့ သဘောတူရမှာပဲ။ အကျိုးရလာဒ်ကောင်းမထွက်ရင်တော့ ကန့်ကွက်ရမှာပဲ။

Daw-Nan-War-Nuဒေါ်နန်းဝါနု (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ)
ဒေါက်တာ အေးမောင်ကို ရွေးချယ်လိုက်တယ်ဆိုတာက လွှတ်တော်အနေနဲ့လုပ်တာ မဟုတ်ဘူး။
လွှတ်တော်တွင်းမှာ ရှိတဲ့ NBF အဖွဲ့တွေကနေ မဲစာရင်းနဲ့ရွေးတာ ဒေါက်တာ အေးမောင်ကို
ထောက်ခံတဲ့သူများတယ်၊ အဲဒီအတွက် ဒေါက်တာ အေးမောင်က သွားဆွေးနွေးတာပါ။ သူတို့က မနက်ဖြန်ဆွေးနွေးမယ်ဆို ဒီနေ့လိုမှာ ပြောပြီး ရွေးချယ်ခိုင်းတယ်၊ ဘယ်လို အနေအထားတွေ ပါတယ်ဆိုတာ မပြောဘူး၊ တိုင်းရင်းသားတိုင်းမှာတော့ ပြသနာတွေရှိနေတယ်။ ရခိုင်၊ ရှမ်း၊ ကချင် ပြသနာတွေတော့မတူဘူး၊ ငြိမ်းချမ်းရေးကို သိသူတွေကို ရွေးချယ်စေချင်တယ်။ အခုအဓိကက ဖွဲ့စည်းပုံကို ပြင်ဆင်တာနဲ့ အဓိက သက်ဆိုင်တာလို့ သိရတာပဲ၊ ခြောက်ဦး ထဲနဲ့တော့ နိုင်ငံပြဿနာတွေက ပြီးမှာမဟုတ်ဘူး၊ အများပေါင်းပြီးဆွေးနွေးရမယ် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဒီထက်ပိုပြီး နက်နက်နဲနဲ ဆွေးနွေးစေချင်တယ်။

U-Aye-Thar-Aungဦးအေးသာအောင်(ရခိုင်အမျိုးသားပါတီ- ဗဟိုအလုပ်မှုဆောင်)
ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုမှာ ကိုအေးမောင်ကို ကိုယ်စားလှယ် ဆွေးနွေးတဲ့အပေါ်ထက်၊ ဘယ်လိုပုံစံ
ရွေးချယ်ခဲ့လဲ၊ ဒီတိုင်းရင်းသားတွေ ပါဝင်မှု အတွက် ရွေးချယ်ခဲ့တယ်ဆိုတာကို သိတုန်းက ရန်ကုန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့တုန်းက UNA (တိုင်းရင်းသား လူမျိုးမှာ မဟာမိတ်)၊ တိုင်းရင်းသားခေါင်းဆောင် အချို့တွေက ကန့်ကွက်ခဲ့ကြတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေဆိုရင် တိုင်းရင်းသားလူမျိုး ၇ မျိုးရှိလို့ ၇ ဦး ပါသင့်တယ်လို့ ပြောတာရှိတယ်၊ တွေ့ဆုံတာကို လိုလားကြတယ်။ တစ်ကယ်ပြည်သူတွေ လိုလားတယ်။ တွေ့ရုံသက်သက် မဖြစ်သင့်ဘူး။ အဖြေကို အကောင်အထည်ဖော်ရ မယ်နိုင်မယ့် ရလာဒ်ပါလာရမယ်၊ အဲဒီအတွက် အဖွဲ့တွေကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေပါသင့်တယ်။ တိုင်းရင်းသားကိုယ်စားပြုမှုက အရေးကြီးတယ်၊ တိုင်းရင်းသားလူမျိုးတွေက အများအပြားရှိနေတယ်။ NBF ၊ UNA ၊ UNFC စသည့်ဖြင့် အများအပြားရှိတယ်၊ ဒီလိုရှိဒါမှာ တိုင်းရင်းသား ကိုယ်စားပြု တစ်ဦးတည်းထက် ပိုပြီးပါဝင်သင့်တယ်၊ တိုင်းရင်းသားအရေးက ထိလွယ်တယ် အရေးပါတယ်၊ ဒါကြောင့်ကိုယ်စားလှယ်က တစ်ကယ် တိုင်းရင်းသား အရေးကို ထိထိရောက်ရောက်လုပ်နိုင်သူ၊ သိတဲ့သူဖြစ်ဖို့လိုတယ်။ ဒါမှ အများယုံကြည်လက်ခံသူ ဖြစ်လိမ့်မယ်။ လွှတ်တော်က ရွေးရုံနဲ့ မပြီးဘူး၊ ဒီနေ့ နိုင်ငံရေး အကျပ်အတည်းတွေရှိတယ်၊ လွှတ်တော် နိုင်ငံရေးသားမက၊ လွှတ်တော်ပြင်ပ
နိုင်ငံရေး လုပ်နေသူတွေလည်း ရှိနေပါတယ်လို့ ဆိုချင်ပါတယ်။


U-Malan-Too-Gyarမနာမ်တူးဂျာ (ကချင်ပြည်နယ် ဒီမိုကရေစီပါတီ - ဥက္ကဋ္ဌ)
တိုင်းရင်းသား ကိုယ်စားလှယ်အနေနဲ့ ဘယ်သူပါတာ ပြဿနာ မဟုတ်ပေမယ့်။ အများကြီးထဲက တစ်ဦးထဲပါတယ်ဆိုတော့ တိုင်းရင်းသားတွေ သဘောထားတွေ ရယူဖို့လိုတယ်။ တစ်ကယ့်
ဆွေးနွေးမှုတွေ မတိုင်မီ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး သဘောထားတွေရယူ၊ ပြီးရင် ရတာတွေကို ဆွေးနွေးတဲ့အခါ ပွင့်ပွင့်လင်းလင်း ဆွေးနွေး
တင်ပြနိုင်ရမယ်၊ ပြန်လာတဲ့အခါလည်း အားလုံးကို တင်ပြ ပြန်ဖလှယ်၊ ရလာဒ်တွေအပေါ်
ဝေဖန်ပေါ့ ဒီလိုမျိုးတွေလုပ်နိုင်ရပါမယ်။ ဒါဆို လုံလောက်တယ်၊ ဒီလိုမလုပ်ရင် လွှတ်တော်အနေနဲ့ ဒေါက်တာ အေးမောင်ကိုပဲ
ရွေးတယ်လို့ အများစုက ပြောနိုင်တယ်။ အမှန်တစ်ကယ် လွှတ်တော် ပြင်ပမှာလည်း နိုင်ငံရေးပါတီတွေ ရှိနေသေးတယ်။ ခေါင်းဆောင်တွေ ရှိနေသေးတယ်၊ ဒါတွေကို ညှိရမယ်၊ ဆွေးနွေးတိုင်ပင် အကြံဉာဏ်ယူရမယ်၊ စုနိုင်သလောက် လူတွေ့တာပဲ ဖြစ်ဖြစ် အတက်နိုင်ဆုံး ဖုန်းဆက်ပြီး ပြောကြတာပဲဖြစ်ဖြစ် ဒါတွေလုပ်ရမယ်။ ကျွန်တော်တို့လို ကချင်ပြည်နယ်မှာ ရှိတဲ့သူတွေကျတော့ အတက်နိုင်ဆုံး ဖုန်းဆက်ပြီး မေးတာဖြစ်ဖြစ် လုပ်ပေးနိုင်ရပါမယ်။ ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ ကချင်တွေကလည်း ဘယ်သူဆွေးနွေးသည်ဖြစ်စေ၊ ကိုယ်တင်ပြချင်တာ ပါတဲ့အတွက် ရလာတဲ့ ရလာဒ်အပေါ် ကျေနပ်ကြမှာပါပဲ။

U-Naingနိုင်ငွေသိန်း (မွန်အမျိုးသား ပါတီ ဒုတိယဥက္ကဋ္ဌ -၂ )
အခြေခံသဘောတစ်ရား အရပြောရင် ဒေါက်တာ အေးမောင်ကို ရွေးပြီး သွားဆွေးနွေးနေတဲ့အပေါ်မှာ တစ်ချို့တွေက UNA လိုအဖွဲ့တွေနဲ့ တိုင်ပင်တာ၊ ဆွေးနွေးတာ မရှိလို့ အယုံအကြည် နည်းကြတာ ရှိတယ်။ ကျွန်တော်တို့ မွန်အမျိုးသားတွေကလည်း အဲဒီလိုပါပဲ၊ ဒေါက်တာ အေးမောင်က NBF ထဲမှာ အသွက်အလက် ဆုံ့းဖြစ်တဲ့အခါ လွှတ်တော်တွင်းမှာ လူအများစု ထောက်ခံပြီး ရွေးခံရတယ်။ သွားဆွေးနွေးတယ်၊ ဒေါက်တာအေး မောင်က စိတ်ရှည်ရှည်ထားပြီး လုပ်သွားသင့်တယ်။ တိုင်းရင်းသားအားလုံးကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ် လိုချင်တာတွေက ယေဘူယျအားဖြင့်တူညီကြတယ်၊ အကယ်၍ ဒေါက်တာ အေးမောင်သာ အားလုံးကို ချန်မထားသွားပဲ UNA နဲ့ သေချာ ပူးပေါင်းပြီးသွားရင် ပိုကောင်းပါတယ်။ ရွေးသူဖြစ်စေ၊ လွှတ်တော်တွင်း မရှိသူဖြစ်စေ အားလုံးနဲ့ ညှိုနှိုင်းပြီးလုပ်ရင် ပိုကောင်းပါတယ်။ အခုဟာက ဆွေးနွေးပွဲက ရလာဒ် တစ်ခုခုကြောင့်  ပြသနာတစ်ခုခု ဖြစ်လာရင် ဒေါက်တာ အေးမောင်မှာ တာဝန်ရှိလာနိုင်တယ်။ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကပဲ သွားတယ်ဆိုရင် တစ်ခြမ်းထဲဖြစ်သွားမယ်။ တစ်ကယ်လို့ ခြောက်ပွင့်ဆိုင်က ပြေလည်ရင် တစ်မျိုးဖြစ်နိုင်သလို၊ မပြေလည်ခဲ့ရင် တစ်ခြားတစ်မျိုးပြောင်းဖြစ်လာ နိုင်ပါတယ်။

Credit - Mizzima News

No comments:

Post a Comment