Tuesday, April 21, 2015

မန္တလေး စည်ပင်ကော်မတီဝင်လောင်းတွေ ဘာရည်ရွယ်ချက်ရှိကြသလဲ

မန္တလေးစည်ပင်သာယာရေး ကော်မတီဝင်လောင်း ရွေးကောက်ပွဲနှင့် ဒုတိယမြို့တော်ဝန်လောင်းလျာ ရွေးကောက်ပွဲ ကို ၂၀၁၅ ခုနှစ် မေလတွင် ကျင်းပတော့မည်ဖြစ်ရာ ဗဟိုကော်မတီဝင် ၆ နေရာအတွက် ၁၂ ဦး ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

သို့ဖြစ်ရာ ၄င်းတို့၏ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။

● ဦးရွှေဝင်း (သီရိရွှေရည်ရွှေဆိုင်/မဟာအောင်မြေမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်-၃)

မေး – မန္တလေးစည်ပင် ရွေးကောက်ပွဲမှာ ရွေးချယ်ခံရမယ်ဆိုရင် ဘာတွေများ လုပ်ဆောင်သွားမလဲ။


ဖြေ – ကျွန်တော့်ရဲ့ ဆောင်ပုဒ်က ““မန္တလေးမြို့တော် ဖွံ့ဖြိုးဖို့ ပြည်သူ့အားနဲ့ ဆောင်ရွက်စို့””ကျွန်တော့်ရဲ့ ယူဆချက် ကတော့ ပြည်သူတွေ မပါဝင်ဘဲ စည်ပင်လုပ်ငန်းတွေ အောင်မြင်မှု မရနိုင်ဘူး။ အကယ်၍ ရွေးချယ်ခံရမယ် ဆိုရင် ပြည်သူ့အသံကို နားထောင်မယ်။ ပြည်သူ့ဆန္ဒကို လေးစားမယ်။ ပြည်သူနဲ့အတူ ခေတ်မီ မန္တလေး မြို့တော်ကို တည်ဆောက်မယ်။ နောက်တစ်ခုက ကျွန်တော်ဟာ မဟာအောင်မြေအမှတ်(၃) မဲ ဆန္ဒနယ်က ရွေးခံရမယ့် လူဆိုတော့ မဟာအောင်မြေမြို့နယ်ကို စံပြမြို့နယ်ဖြစ်အောင် ပြည်သူနဲ့ လက်တွဲပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ရည်မှန်းထားပါတယ်။

ကျွန်တော့် ယုံကြည်ယူဆချက်ကတော့ စည်ပင်ကပြည်သူနဲ့ ထိတွေ့မှု အားနည်းတယ်လို့ ထင်တယ်။ ပြည်သူတွေရဲ့ ဆန္ဒက ဘာတွေရှိလဲ ဆိုတာကို စည်ပင်ကနေ လေ့လာဖို့ လိုတယ်။ ပြည်သူတွေကို စည်ပင် ၀န်ထမ်းတွေက ဆက်ဆံတဲ့အခါမှာ ယဉ်ကျေးသိမ်မွေ့စွာနဲ့ ဆက်ဆံဖို့လိုတယ်လို့ ထင်လို့ပါ။ ကျွန်တော်တို့ ပြည်သူတွေက စည်ပင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှု အားနည်းနေတယ်လို့ ထင်ပါတယ်။ အဲဒါကို တတ်နိုင်သလောက် ပြည်သူတွေ ပူးပေါင်းဆောင်ရွက် လာအောင်လို့ ကျွန်တော်တို့ အချိန်ပြည့် စည်းရုံး လှုံ့ဆော်ပါတယ်။ နားလည်အောင် ““ဒီရွေးကောက်ပွဲကလည်း ပြည်သူတွေအတွက် အရေးကြီးတယ် ဆိုတာကိုလည်း သိအောင် လှုံ့ဆော်ပေးနေပါတယ်။

● ဒေါ်ခင်လေးမြင့် (စိန်ရွှေရတနာကုန်သည်/သဇင်ပန်း ဟိုတယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂)

ပြည်သူနဲ့ တသားတည်းကျအောင်နေပြီး ပြည်သူနဲ့ စည်ပင်ပေါင်းစပ်လို့ရမယ့် အလုပ်တွေပဲ လုပ်မှာပေါ့။ မန္တလေးမြို့ အနောက်ပိုင်း တချို့ဆင်းရဲတဲ့ ရပ်ကွက်တွေမှာ ရေမရဘူး။ သောက်သုံးရေ ရှားပါးတယ်။ အဲဒါ လေးတွေ လုပ်ပေးချင်ပါတယ်။

နည်းနည်းလေး Link ပျက်နေတယ် ထင်တယ်။ ပြည်သူဘက်ကလည်း လုပ်ရမယ့်ကိစ္စလေးတွေ ရှိမှာပေါ့။ စည်ပင် တစ်ဖက်တည်းနဲ့တော့ မပြီးနိုင်တဲ့ဟာတွေ ရှိမှာပေါ့။

ကျွန်မရဲ့ဆောင်ပုဒ်က ““မိခင်စိတ်ဖြင့် ပုခက်လွှဲသောလက်ဖြင့် စောင့်ရှောက်မယ်။

● ဦးမြင့်သိန်း (တရားလွှတ်တော်ရှေ့၊ ““စန်းမန္တလာ””သင်္ကန်းတိုက်၊ ချမ်းအေးသာစံမြို့၊ မဲဆန္ဒနယ်မြေ အမှတ်-၂)

ဝင်ပြိုင်တဲ့ရည်ရွယ်ချက်ကို ပြောရမယ်ဆိုရင် မိမိကိုတာဝန်ပေးခဲ့ရင် မိမိစွမ်းသလောက် လုပ်ပြချင်တဲ့ ရည်ရွယ်ချက်ပဲ။ မန္တလေးမြို့တော်ကြီး သာယာရေး၊ ရေရရှိရေးနှင့် လျှပ်စစ်မီးလုံလောက်စွာ ရရှိရေး၊ ရေစီးရေလာ ကောင်းမွန်ရေးတို့ လုပ်ရမယ်၊ ရေစီးရေလာ ကောင်းမွန်ရေးဆိုတော့ ရေရရှိတဲ့နေရာကို စဉ်းစားရင် နည်း ၂ နည်း ရှိတယ်။ (၁)က ကျုံးအပြင်ကနေသွားတဲ့ ပိုက်တွေကို အကောင်းစားတွေနဲ့ မှုတ်ထုတ်လိုက်ရင် လူတွေရေ ကောင်းကောင်းရမယ်။ (၂)ကတော့ ဧရာဝတီ မြစ်ရေကို ရေစက်ကန်ထဲထည့်၊ ရေစက်ကန်ထဲကနေ မန္တလေးတောင်ပေါ်ကိုတင်၊ မန္တလေး တောင်ပေါ်ကနေ အောက်ကို ဆင်းလိုက်ရင် ရနိုင်တယ်။ စစ်ကိုင်းမှာ စစ်ကိုင်းတောင်ပေါ်မှာ ရေတင်ပြီးပေးနေတာ တစ်တောင်လုံးရတယ်၊ မန္တလေးတောင် အဲဒီလောက် မမြင့်ဘူးဗျ၊ ရေစီးရေလာ ကောင်းမွန်ရေးဆိုရင်လည်း ဘယ်တော့မှ မကောင်းဘူး။ အမှိုက်တွေကို ရေမြောင်းထဲ ပစ်ချလိုက် ရေမြောင်းတွေကပိတ်နေ။ အစိုးရဆိုတာ ပြည်သူတွေကောင်း မှပဲ ကောင်းတာ ကော်မတီဝင် ဖြစ်ရင်လည်း ပြတ်ပြတ်သားသား အဲဒီလိုမြောင်းထဲ အမှိုက်ချရင် ချတဲ့လူကိုအရေးယူရမှာ၊ စင်ကာပူနိုင်ငံလည်း ဒီလိုပဲ ပြောင်းလဲသွားတာ။ ကိုယ့်မုန်းမှာ ကြောက်နေရင်တော့ အစကတည်းက ဒီနေရာကို ၀င်လုပ်ဖို့မသင့်ဘူး။ ပြတ်ပြတ်သားသားပေါ့၊ အမှိုက်ချတဲ့ သူကိုအရေးယူ တရားစွဲတစ်ခါတည်း။ ရစ်ခံရတာ မရစ်ခံရတာက ဒုတိယကဏ္ဍပဲ။ ဒါဆို မြို့သာယာ သွားမယ်(၁)ရေရှိရေး (၂) လျှပ်စစ်မီး လုံလောက်စွာ ရရှိရေး (၃) ရေစီးဆင်းမှု ကောင်းမွန်ရေး အဲ့ဒီအချက် (၃)ချက်ပဲ။

ကော်မတီဝင်ဖြစ်လာရင် ရည်ရွယ်ချက်တွေ ဖြစ်မြောက်အောင် လုပ်နိုင်မယ်လို့တော့ တထစ်ချ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ နပိုလီယံရဲ့ စကားတစ်ခွန်းရှိတယ်။ (Ability is little account without opportunity) opportunity ဆိုတဲ့ အခွင့်အလမ်းမှမရှိရင် Ability ဆိုတဲ့ အရည်အချင်းဆိုတာ အလကားပဲ ဥပမာ တာဝန်မပေးရင် ဘာမှ အကောင်အထည် ဖော်လို့မရဘူး၊ တာဝန်ပေးမှ ခင်ဗျား ဒါလုပ်လိုက်စမ်းပါဆိုမှ လုပ်လို့ရမှာကိုး။ တာဝန်ပေးရင်တော့ အဲ့ဒီအတိုင်း လုပ်ချင်တာ အခုလက်ရှိ မန္တလေးစည်ပင်နဲ့ ပတ်သက်ပြီးတော့ အားနည်းချက် အဓိကဝေဖန် ခံနေရတာက ဘယ်လိုဟာမျိုးလည်း ကိုယ်ကိုယ်တိုင် ထဲထဲဝင်ဝင် မသိရတော့ အားနည်းသလား အားသာသလားဆိုတာ မသိရသေးဘူးလေ။ ကိုယ်ကိုယ်တိုင် အထဲထဲ ရောက်သွားမှ အားနည်းသလား၊ အားသာသလားဆိုတာ သိရမှာ။

မန္တလေးမှာ စည်ပင်နဲ့ပတ်သက်ပြီး မြေယာအရှုပ်အထွေးဖြစ်တယ် ဆိုတာက ပိုင်ဆိုင်မှုမရှင်းတာပဲ။ ပိုင်ဆိုင်မှု မရှင်လို့ ရောထွေးနေလို့ ရှုပ်တာလေ။ အဲ့ဒီတော့ ပိုင်ဆိုင်မှု ရှင်းတယ်ဆိုရင် ရှုပ်စရာကို မရှိ တော့ဘူး။ ပိုင်ဆိုင်မှုရှင်းတာ မရှင်းတာကို သိနိုင်တာက ဥပဒေ ပညာရှင်တွေပဲဖြစ်တယ်။ အဲ့ဒီတော့ဥပဒေ ပညာရှင်တွေ လာပြီး ဆောင်ရွက်တဲ့အခါမှာ ဆောင်ရွက်တယ် ဆိုတာက ကော်မတီဝင်တွေ မဟုတ်ဘူး ပြင်ပကလာပြီး မြေယာ ကိစ္စမှာ ဆောင်ရွက်နေတဲ့ ရှေ့နေတွေပေါ့ သူတို့နဲ့ ညှိညှိနှိုင်းနှိုင်း တလေးတစား ဆက်ဆံမယ်ဆိုလို့ရှိရင် အဲ့ဒီ ပြဿနာတွေ လုံးဝရှင်းသွားမှာ။ ကိုယ့်သဘောနဲ့ကိုယ် လည်နေလို့ ရှုပ်နေတာပါ။ ဥပဒေပညာရှင်တွေက Title Clear ဖြစ်တယ်။ အဲဒါတွေ နားလည်ပါတယ်။ ဦးချိုကို မညှစ်နဲ့ နို့တိုင်ကိုလည်းညှစ်။ နို့တိုင်ညှစ်မယ့် အစား ဦးချိုသွားညှစ်တော့ ရှုပ်နေတာပေါ့။ အဲ့သဘောပဲ။

ဆောင်ပုဒ်ကတော့ သဒ္ဓါစတော ဥပ္ပသင်္ခပတိ သဒ္ဓါစတော ယုံကြည်မှုရှိမှသာလျှင် ဥပ္ပသင်္ခပတိ နောက်က လိုက်လာမှ ဘယ်လောက် တော်တယ်ပြောပြော ဘယ်လောက်တတ်တယ် ပြောပြော ဘယ်လောက် ပိုက်ဆံရှိတယ်ပြောပြော လူမယုံရင် နောက်က ဘယ်သူမှလိုက်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ လူယုံအောင် ဘယ်လိုလုပ်မလဲ။ လူယုံကြည်အောင် လျှောက်လုပ်မနေပါနဲ့ လူယုံကြည်အောင်နေပါ။ ကျွန်တော်ရဲ့ ပန်းဖလက်မှာ အရက်၊ ဘီယာ၊ ဆေးလိပ်ရှင်းတယ်လို့ ရေးထားတယ် ဒါကတော့ ခန္ဓာကိုယ်ပိုင်းက လူမြင်တဲ့ အပိုင်းသန့်ရှင်းတဲ့ အကြောင်းတော့သိပြီ။ အတွင်းစိတ်ကလေးကို ရှင်းအောင် ကျင့်ကြံနေတယ်ပေါ့။ ကိုယ်ကောင်းတယ်ဘာတို့ မဆိုလိုပါဘူး၊ ပြည်သူတွေကိုလည်း မဲထည့်ပါလို့ မဆိုလိုပါဘူး။ ဘာကြောင့်မဆို လိုလည်းဆိုတော့ ပြည်သူတွေဟာ အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ မှန်ကန်တာ ကိုရွေးချယ်တတ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့ကိုစည်းရုံးစရာ မလိုဘူးယူဆတယ်။ ကျွန်တော့်ကို မဲထည့်ကြပါလို့ ပန်းဖလက်မှာ လုံးဝ မရေးထားဘူး။

သဇင်လှိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

No comments:

Post a Comment