Tuesday, April 21, 2015

“စာချုပ်ချုပ်ရုံ သက်သက်ပဲလား” – စည်သူအောင်မြင့်

အစိုးရနဲ့တပ်မတော်ဟာ နိုင်ငံတကာ အမြင်ကောင်းအောင် … ရည်ရွယ်ချက်ထား လုပ်မနေဘဲ တကယ့်ငြိမ်းချမ်းရေး ဆောင်ကြဉ်းတဲ့ အလုပ်တွေ လက်တွေ့လုပ်ပြဖို့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လာကပေါ်- ကဲ … အစိုးရကိုယ်စားလှယ်နဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်မှာပါမယ့် အချက်တွေကို သဘောတူညီချက် ရကြပြီနော်။ အဲထူးခြား တာက အဲဒါကို လူထုထောက်ခံပွဲဆိုပြီး အမြို့မြို့အနယ်နယ်မှာ ထောက်ခံပွဲတွေ လုပ်နေကြတယ်။ အဲဒါဘယ်လို သဘောမျိုးလဲ။ ကျွန်တော်တို့လူထုဟာ တကယ့်ငြိမ်းချမ်းရေးကို လိုချင်လို့အဲလို ထောက်ခံပွဲတွေ လုပ်နေကြတာလား။

အောင်ကျော် – ကျွန်တော် အဲဒါနဲ့ ပတ်သက်ပြီး လေ့လာကြည့်တယ်။ ကျွန်တော် သိရသလောက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းရဲ့ စေခိုင်းညွှန်ကြားချက်အရ ပြည်သူတွေက အဲလိုဆိုင်းဘုတ်ထောင် လမ်းလျှောက် လုပ်ကြရတာ။

လာကပေါ် – ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ။ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ အဆင့်တစ်ဆင့်ကို ရောက်သွားတယ်။ အဲဒီအဆင့်ကနေ နောက်တစ်ဆင့် တက်လှမ်းဖို့ တိုင်းပြည်ငြိမ်းချမ်းဖို့ တောင်းဆိုတာ၊ သဘာထား ထုတ်ပြန်တာ၊ ဘယ်သူလုပ်လုပ် ကောင်းတယ် မဟုတ်လားဗျာ။

အောင်ကျော်- အဲကျွန်တော် အဓိက ပြောချင်တာအဲဒါပဲ။ ဟုတ်တယ်။ ဘယ်သူကပဲ လုပ်လုပ်ကောင်းတယ်။ ဒါပေမဲ့ အဲဒီလူတွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောထား အစစ်အမှန်တွေ ဖြစ်ဖို့လိုတယ်။ ဥပမာ အဲဒီလို လက်မှတ် ထိုးနိုင်တဲ့ကိစ္စလွှတ်တော်က ထောက်ခံကြိုဆိုတယ်။ ဒါကောင်းတယ်။ တချို့စီးပွားရေး ကုမ္ပဏီတွေက ထောက်ခံကြောင်း၊ ကြိုဆိုကြောင်း ကြေညာကြတယ်။ ဒါလည်းကောင်းတာပဲ။

လာကပေါ် – ဒါဆိုဘာက မကောင်းတာလဲ။

အောင်ကျော် – မကောင်းတာက ဖိအားပေးစေခိုင်းတာ၊ အကျိုးအမြတ် တစ်စုံတစ်ခုအတွက် ကြေညာပေးရတာ၊ အဲဒါမျိုးကတော့ မကောင်းပါဘူး။ အခု ပြည်သူတွေရဲ့ ဆန္ဒဆိုပြီး ထုတ်ဖော်နေတာတွေဟာ စောစောက ကျွန်တော်ပြောသလို ပြည်သူတွေရဲ့ တကယ့်ဆန္ဒလားဆိုတာ သံသယ ဖြစ်စရာ အများကြီး။ အာဏာပိုင် တွေက အောက်ခြေ တာဝန်ရှိသူတွေကို တာဝန်အဆင့်ဆင့်ပေး၊ အဲဒီလူတွေက လူစုပြီး အကောင်အထည်ဖော် ဆိုတာမျိုးဟာ မကောင်းဘူးဗျ။

လာကပေါ် – ဘာကြောင့်များလဲ။

အောင်ကျော် – ဒီလို လုပ်ရပ်မျိုး ဟိုးအရင် ကွန်မြူနစ်နိုင်ငံတွေမှာ လုပ်လေ့ရှိတယ်။ နောက် ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အာဏာရှင် ဦးနေ၀င်းရဲ့ မဆလလို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မှာလည်း လုပ်ခဲ့ကြတယ်။ အဲ န၀တ နအဖ ခေါင်းစဉ်တပ်ထားတဲ့ စစ်အာဏာရှင်ခေတ် မှာတော့ ပိုဆိုးတာပေါ့ဗျာ။ ခင်ဗျား မှတ်မိဦးမလားတော့မသိဘူး။ လူထုကို အတော် ဒုက္ခပေးခဲ့တဲ့ လူဦးရေ အလွန်များပြားတဲ့ ဆန္ဒထုတ်ဖော် ပွဲကြီးတွေ လုပ်ခဲ့ကြတာလေဗျာ။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အာဏာရှင်ဒါမှမဟုတ် အစိုးရက လုပ်ချင် တာကို သူ့သဘောလို့ ရိုးရိုးသားသားမပြောဘဲ ပြည်သူလူထုရဲ့ သဘောထား ဖြစ်သယောင် အာဏာသုံးပြီး လိမ်လည်ဖို့ ကြိုးစားတာပေါ့ဗျာ။

လာကပေါ် – ခင်ဗျားဆိုလိုတာ အခု မြို့နယ်တချို့မှာ NCA ထောက်ခံပွဲလုပ်တာ အဲလိုသဘောလို့ ဆိုလို တာလား။

အောင်ကျော် – အမှန်ပဲ။

လာကပေါ် – ဘာကြောင့် ပြောနိုင်တာလဲ။

အောင်ကျော်- တကယ်တော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးချင်နေတာဟာ အစိုးရနဲ့ တပ်မတော်ရဲ့ အဓိကဆန္ဒပဲ။ အဲဒီဆန္ဒကို တစ်ချိန်လုံးပြောနေ၊ အကောင်အထည် ဖော်နေတာပဲလေ။ ဒါကို လူထုဆန္ဒဆိုပြီး အတင်းလုပ်တာကတော့ သိပ်မကောင်းဘူးပေါ့ဗျာ။

လာကပေါ်- ဟ လူထုက ငြိမ်းချမ်းရေး မလိုချင်လို့လား။

အောင်ကျော်- ကျွန်တော်တို့ လူထုဟာ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးလူထုဗျ။ စစ်ဘေးဒဏ်ဆိုတာ တပ်မတော် ကလည်း သိပ်ခံရတာ မဟုတ်ဘူး၊ လက်နက်ကိုင် အဖွဲ့တွေကလည်း သိပ်ခံရတာ မဟုတ်ဘူး။ တကယ် လက်ထဲမှာ ဘာမှမရှိ၊ ဘာသြဇာမှ မရှိတဲ့ မြေစာပင် တိုင်းရင်းသား ပြည်သူတွေက ခံရတာဗျ။ ဒါကြောင့် ငြိမ်းချမ်းရေးကို အလွန်လိုချင်ကြတာ။

လာကပေါ် – အဲ ဒါဆိုလက်ရှိ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် ချုပ်နိုင်တာဟာ ငြိမ်းချမ်းရေးဆီသွားတဲ့ ခရီးလမ်းက မှတ်တိုင်တစ်ခု မဟုတ်လားဗျာ။

အောင်ကျော် – မှတ်တိုင်တော့ ဟုတ်ပါတယ်။

လာကပေါ်- ခင်ဗျားဟာကလည်း ရှုပ်နေပြီ။

အောင်ကျော် – ဒီလိုဗျ။ လက်နက်ကိုင် တိုင်းရင်းသားတွေရော၊ ပြည်သူတွေပါ အဓိက လိုလားတာက တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် သက်သက် မဟုတ်ဘူးဗျ။ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဗျ။ ဆိုတော့ အပစ်ရပ်တာလောက်ကတော့ လွန်ခဲ့တဲ့ ၁၉၉၀ လောက်ကတည်းက လုပ်ခဲ့ပြီးပြီ။ တချို့ အဖွဲ့တွေ(၁၇) နှစ်လောက်ကြာတယ်။ တချို့အဖွဲ့တွေကတော့ ဒီနေ့အချိန်ထိ အပစ်ရပ်တည်မြဲနေတုန်း။ ဒါပေမဲ့ စစ်မှန်တဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး မရခဲ့ဘူးလေ။

လာကပေါ် – ဆိုတော့ ဘာလုပ်ရမှာလဲ။

အောင်ကျော် – ငြိမ်းချမ်းရေးအတွက် ဦးတည်တဲ့ အလုပ်တွေ လက်တွေ့ လုပ်ကြရမှာပေါ့။

လာကပေါ် – အဲဒီထဲမှာ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတာ မပါဘူးလား။

အောင်ကျော် – ပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့ပိုကျတာက ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်းသထက် လျော့နည်းအောင် လုပ်ရမယ်။ လက်ရှိ တပ်မတော်ဘက်က အဲလိုမလုပ်တဲ့အပြင် သစ်ဖမ်းတယ်ဆိုတဲ့ ကိစ္စလောက် အကြောင်းပြပြီး တိုက်လေယာဉ်တွေနဲ့ ဖောဖောသီသီ ဗုံးကြဲပြနေတယ်။ ဒါမမှန်ဘူး။ နောက် လက်ရှိ အပစ်ရပ်ထားပြီးသား လက်နက်ကိုင်အဖွဲ့တွေ အများကြီး ရှိနေတယ်။ အဲဒီအဖွဲ့တွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီး နယ်မြေသတ်မှတ်တာ၊ စစ်သည်တော်ကျင့်ဝတ် ညှိနှိုင်းတာလုပ်ရမယ်၊ အဓိကကတော့ မြေမြှုပ်မိုင်း ရှင်းတဲ့ကိစ္စတွေ၊ ဒုက္ခသည် စခန်းကနေ နေရပ်ပြန်နိုင်ရေးတွေ၊ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်တာတွေ တစ်ပြိုင်နက်တည်း လုပ်ပေးနေရမယ်။

လာကပေါ် – အင်း- ဆက်ပါဦး။

အောင်ကျော် – ဒီ့ထက် အရေးကြီးတာက တိုင်းရင်းသားတန်းတူရေးကို အာမခံတဲ့၊ တကယ့်ရေရှည် ငြိမ်းချမ်းရေးကို အာမခံနိုင်တဲ့ အနေအထားနီးပါး ရောက်အောင် ဖွဲ့စည်းပုံကို ပြင်ပေးရမယ်။

လာကပေါ် – အဓိပ္ပာယ်က။

အောင်ကျော် – အဓိပ္ပာယ်ကတော့ အစိုးရနဲ့ တပ်မတော်ဟာ နိုင်ငံတကာ အမြင်ကောင်းအောင်၊ စာရွက်ပေါ်မှာ လက်မှတ်ထိုးမယ့်ကိစ္စ၊ လက်မှတ်ထိုးနိုင်ပြီဆိုပြီး ပွဲလမ်းသဘင် ဆင်ယင်ကျင်းပ အမှတ်ယူမယ့်ကိစ္စတွေ လောက်ကိုပဲ ရည်ရွယ်ချက်ထား လုပ်မနေဘဲ တကယ့်ငြိမ်းချမ်းရေး ဆောင်ကြဉ်းတဲ့ အလုပ်တွေ လက်တွေ့ လုပ်ပြဖို့ ပြောနေတာဗျ။ ဒါမှ တိုင်းရင်းသားတွေ၊ ပြည်သူတွေ ယုံကြည်မှာပေါ့ဗျာ။

လာကပေါ် -အင်း-စဉ်းစားစရာပဲ။

အောင်ကျော်- တကယ်တော့ ဒီတစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် ချုပ်နိုင်ဖို့ ကြိုးစားခဲ့တဲ့ ၂ နှစ်ဝန်းကျင် ကာလအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီဘက်က အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒါကြောင့် ခုလိုအခြေအနေ ရောက်လာတာ။ ဒါပေမဲ့အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဘက်က အဲလို လက်တွေ့ လုပ်ပြနိုင်တာတွေကို တစ်ပြိုင်နက်တည်း အကောင်အထည် မဖော်ခဲ့ဘူး။ စေတနာမပြခဲ့ဘူး။ ဒါကြောင့် ဒီနေ့အချိန်ထိ တိုင်းရင်းသားတွေရဲ့ သံသယ ပြေပျောက်သွားတာ ကျွန်တော် မတွေ့ရသေးဘူး။

လာကပေါ် – ဆိုတော့ ခင်ဗျား ဘယ်လိုထင်သလဲ။

အောင်ကျော် – တကယ်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုရင် တကယ်လက်တွေ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း သက်သေတွေ ပြမှရမှာပေါ့ဗျာ။ စာချုပ်ချုပ်ပြချင်ရုံ သက်သက်နဲ့ဆို စာချုပ်တော့ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ နောက်ပိုင်း ပဋိပက္ခတွေ ပြန်ဖြစ်လာရင် သမိုင်းတစ်ပတ် ပြန်လည်လာနိုင်တယ်။ တစ်ဦးအပေါ်တစ်ဦး မယုံကြည်မှုတွေ ပြန်ပေါ်လာရင် နောက်ထပ် ပြေလည်ဖို့ဆိုတာ ပိုခက်သွားနိုင်တယ်လို့ ကျွန်တော်တွေးမိလို့ပါ။

လာကပေါ် – စဉ်းစားစရာပါပဲဗျာ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment