ကိုမြင့်ဇော် တက္ကစီပေါ်သို့ တက်လိုက်စဉ် သူမြေအောက်လှုပ်ရှားခဲ့သည့်
အစိုးရ ကျောထောက်နောက်ခံပြု ရေအားလျှပ်စစ် စီမံကိန်းကို ကန့်ကွက်မှုလုပ်ငန်း
အောင်မြင်သည်ဟု သိလိုက်သည်။ တက္ကစီဒရိုက်ဘာက အရိပ်ထဲမှ ကိုမြင့်ဇော်အသံကို
အကျွမ်းဝင်မှတ်မိနေသည်။

"ခင်ဗျားက Save The Irrawaddy က မဟုတ်လား" ဟု ဒရိုင်ဘာဖြစ်သူက မြန်မာနိုင်ငံ၏ အရေးကြီးဆုံးမြစ် ပျက်စီးသွားနိုင်သည့် တရုတ်ဦးစီးသော စီမံကိန်းကို ဆန့်ကျင်သည့် ကိုမြင့်ဇော်နှင့် အခြားတက်ကြွလှုပ်ရှားသူများ၏ ဗီဒီယိုကို ညွှန်းလျက် ပြောဆိုသည်။
ပို၍ ရင်သပ်ရှုမောဖြစ်ဖွယ်ကောင်းသည်မှာ သတင်းစီးဆင်းမှုများကို တင်းကျပ်စွာတားမြစ်ထားသည့် စစ်အုပ်ချုပ်ရေးနိုင်ငံတွင် အဆိုပါ ဗီဒီယိုကို မိတ္တူပွား၍ ခရီးသည်များကို ဖြန့်ဝေပေးခဲ့ကြောင်း ယာဉ်မောင်းဖြစ်သူက ပြောခြင်းဖြစ်သည်။
"ကျွန်တော်တို့လို နိုင်ငံမှာ ယဉ်ကျေးမှုအမွေအနှစ်တွေ များစွာရှိသလို လူများလုပ်ကိုင် ဆောင်ရွက်နေတဲ့အရာတွေလည်း အများအပြားရှိတယ်။ ဒါပေမယ့် ဧရာဝတီအကြောင်း ပြောရင်တော့ ဒါက တစ်ခုတည်းသော စုစည်းမှုဖြစ်တယ်။ လူတွေပိုမိုနားထောင်မိလေ ဧရာဝတီကို ကယ်တင်ရေးမှာ ပိုမိုပါဝင်လိုလာလေသာဖြစ်ပါတယ်" ဟု ကိုမြင့်ဇော်ကပြောသည်။
၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရသစ်က လူထု၏ ဆန္ဒအရ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့လိုက်သည်။ နှစ်ငါးဆယ် စစ်အုပ်ချုပ်ရေးအောက်က နိုင်ငံဖြစ်ပြီး တရုတ် ရင်းနှီးမြှုပ်နှံမှုအပေါ် အားအလွန်ထားနေရသည့် နိုင်ငံအတွက် အပြောင်းအလဲတစ်ရပ် ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ အသက် ၄၀ ရှိ ကိုမြင့်ဇော်ဦးစီးသည့် လှုပ်ရှားမှုအတွက် လိုက်လျောမှုတစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုမြင့်ဇော်သည် ပတ်ဝန်းကျင် စိမ်းလန်းရေးလှုပ်ရှားသူများအတွက် ဂုဏ်ယူစရာ အကောင်းဆုံးဆုတစ်ဆုဖြစ်သည့် Goldman Environmentl Prize ဆုကို တနင်္လာနေ့က ဆွတ်ခူးရရှိခဲ့ပြီဖြစ်သည်။
UC Berkeley School of Journalism တွင် တစ်နှစ်ကြာ စာရေးခဲ့သူ ကိုမြင့်ဇော်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက မြန်မာအစိုးရ၏ ဆင်ဆာတင်းကြပ်မှုနှင့် ဗိုလ်ချုပ်ကြီးများ အုပ်စိုးမှုအောက် လွတ်လပ်ခွင့်နည်းပါးမှုများကို မြင်တွေ့ခဲ့ကြသည်။
နိုင်ငံရေးတွေ့ဆုံမှုများကို တားမြစ်ထားပြီး အင်တာနက်သုံးစွဲမှုမှာလည်း တင်းကြပ်ထားသည်။ သို့သော် ရန်ကုန် ရုံးခန်းကျဉ်းလေးတွင်းမှ အလုပ်များက စတင်လုပ်ကိုင်ခဲ့သည်။ ကိုမြင့်ဇော်က ၂၀၀၉ခုနှစ်တွင် ပန်းချီပြပွဲနှင့် စာတမ်းဖတ်ပွဲများကို အခြားသော စာရေးသားသူများနှင့်အတူ ရေအရင်းအမြစ်ပေါ် ဦးတည်ချက်ထား၍ ကျင်းပခဲ့သည်။
ထို့အပြင် ဗိုလ်ချုပ်ကြီးများအတွက် အဓိက ပြိုင်ဆိုင်မှုဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံခဲ့သည်။ ဧရာဝတီကို ကယ်တင်လိုသူ ပညာရှင်များ စိတ်ဝင်စားမှုမြင့်တက်လာပြီးနောက် စာပေဆောင်းပါးလက်ရာမှ ဖိုရမ်တစ်ခုသို့ပြောင်းလဲခဲ့သည်။
နိုင်ငံ၏ ပြည်သူ ၇၀ရာခိုင်နှုန်းဖြစ်သည့် လယ်သမားများအတွက် နိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ကို ခြိမ်းခြောက်မှုများ သတိပြုသိရှိမှုများ မြင့်တက်ခဲ့သည်။
ကိုမြင့်ဇော်၏ လှုံ့ဆော်စည်းရုံးမှုများသည် များစွာအရာရောက်ခဲ့သည်။ မြန်မာတာဝန်ရှိသူများက နောက်ထပ် အစိုးရသက်တမ်းအထိ မြစ်ဆုံစီမံကိန်းကို ရပ်နားပစ်လိုက်ရန် ဆုံးဖြတ်ခဲ့ရသည်။
အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ လျာထားသည့် တရုတ်အစိုးရနောက်ခံပြုသော Chinese Power Investment Corp က လုပ်ဆောင်သည့် မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်ဆုံတွင် ပေ ၅၀၀မြင့် ဆည်တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ၃၀၀၀မီဂါဝပ်ကို ထုတ်လုပ်မည့် စီမံကိန်းဖြစ်သည်။
ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းမှာ နယ်စပ်ကိုဖြတ်လျက် တရုတ်ယူနန်ပြည်နယ်သို့ ပေးပို့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လယ်ကွင်းလယ်ကွက်များ ရေရရှိရေးကို တရုတ်တို့လက်ဝယ် အကုန်ထိန်းချုပ်သွားနိုင်မည်ဖြစ်၍ တက်ကြွလှုပ်ရှားသူများက စိုးရိမ်ခဲ့ကြခြင်းဖြစ်သည်။
စပါးစိုက်ဒေသဖြစ်သည့် မြစ်ဝကျွန်းပေါ်တောင်ပိုင်းတွင် မွေးဖွားခဲ့သူ ကိုမြင့်ဇော်က ပထမတွင် ကျေးလက်ဒေသနှင့် ပတ်သက်ပြီး သတင်းဆောင်းပါးများ ရေးသားခဲ့သော်လည်း တာဝန်ရှိသူများ၏ ဆင်ဆာကြောင့် သတင်းရေးသားနိုင်ရန် ခက်ခဲခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ချင်းတောင်တန်းဒေသသို့ ကိုမြင့်ဇော်က အလည်အပတ်ရောက်ရှိသွားခဲ့သည်။ ထိုအရပ်တွင် ထင်းမီးလောင်စာ ရရှိရေးအတွက် လူများမည်မျှအထိ လမ်းလျှောက်ကာ ထင်းရှာဖွေရသည့် အကြောင်းကို သတင်းဆောင်ပါးရေးခဲ့သည်။
ထိုင်းနှင့် ဘာကလေတို့တွင် လေ့လာသင်ယူပြီးနောက် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကိုမြင့်ဇော်ပြန်လည် ဝင်ရောက်လာခဲ့ပြီး နာဂစ်ဒဏ်သင့် ပြည်သူများကို ကူညီပေးရေးတွင် ပါဝင်လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။
မကြာသေးမီက ဆန္ဒပြကျောင်းသားများကို ဖြိုခွင်းမှုနှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များကို စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းအတွက် စိုးရိမ်စရာများရှိနေသော်လည်း ကိုမြင့်ဇော်က နိုင်ငံ၏ စစ်တပ်က ပြည်သူတို့၏ အမြင်သဘောထားများကို ကြားနာသင်ယူလျက်ရှိသည်ဟု ဆိုသည်။
"လူတွေက လက်ရှိမှာ ပိုပြီးတက်ကြွလှုပ်ရှားနေပါတယ်။ ၂၀၁၁ ကထက် အနေအထားများက ပိုကောင်းမွန်တယ်။ မြစ်ဆုံကို အာဏာရလာသူ ဘယ်သူမဆို လုပ်ချင်တိုင်းလုပ်လို့ ရလို့မရနိုင်တော့ပါဘူး" ဟု ကိုမြင့်ဇော်ကပြောသည်။
အခြားသော Goldman Prize ဆုရသူများမှာ ကနေဒါမှ မာရီလင်ဘတ်ပီတီစတီ၊ ဟေတီမှ ဂျင်းဝီးနား၊ ကင်ညာမှ အိုမီဒို၊ စကော့တလန်မှ ဟိုးဝပ်ဝုဒ်နှင့် ဟွန်ဒူးရပ်စ်မှ ဘာတာကာစီရီတို့ဖြစ်ကြသည်။
(ဤသတင်းဆောင်းပါးသည် အမေရိကန်အခြေစိုက် Los Angeles Times အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည့် Goldman Environmental Prize honors anti-dam campaign in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။)
Credit - Mizzima News
No comments:
Post a Comment