Sunday, April 19, 2015

သမ္မတရေကစားစဉ် ကြိုဆိုရေးအဖွဲ့များ လက်အုပ်ချီဦးညွတ်မှု နိုင်ငံရေး အသိုင်းအ၀ိုင်း ဝေဖန်

ရန်ကုန်၊ ဧပြီ ၁၇

၂၀၁၅ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အကျနေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံ့အကြီးအကဲ ပုဂ္ဂိုလ်များက နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ ရေကစားစဉ် ကြိုဆိုရေး အဖွဲ့ဝင်များက လက်အုပ်ချီ ဦးညွတ်ရခြင်းမှာ ယခင် စစ်အာဏာရှင် လက်ထက်က အလေ့အထ အတိုင်းသာ ဖြစ်နေကြောင်း ဝေဖန်လိုက်သည်။

““အာဏာရှင် အငွေ့အသက် မကုန်တာ မဟုတ်ဘူးဗျ။ အတုံးလိုက် အတစ်လိုက်ရှိတာ။ တကယ်တော့ ဒါက ဘာကိုပြတာလဲ ဆိုတော့ ပုဂ္ဂိုလ်တွေကို ထားလိုက်ပါတော့ဗျာ။ စစ်အာဏာရှင် စနစ်တွေက တကယ်တော့ ၆၂ ခုနှစ် ပေါ်လာပြီးကတည်းက ဒီကနေ့အထိ သူတို့ကိုယ်သူတို့ တကယ့်

ဗမာဘုရင် ခေတ်ကပဒေသရာဇ် တွေလိုပဲ သူတို့က သဘောထားနေကြတာ။ ဒါကြောင့်မို့လို့ ပဒေသရာဇ် နန်းတော်ကြီးမှာ သူတို့ပွဲတွေ လုပ် နေတာပေါ့””ဟု ၁၉၆၂-၆၄ ကျောင်းသား သမဂ္ဂခေါင်းဆောင်ဟောင်း ဦးလှရွှေက မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည့် ယင်းဖြစ်ရပ်ဓာတ်ပုံထဲတွင် သမ္မတ ဦးသိန်းစိန် ရေကစားရန် အတွက် လာရောက်ရာတွင် ကြိုဆိုရေးအဖွဲ့ဝင် အမျိုးသမီးငယ်များက လက်အုပ်ချီ ဦးညွတ်ကာ ကြိုဆိုနေခြင်းဖြစ်ပြီး ယခင်စစ်အစိုးရ ခေတ်ကလည်း စစ်ခေါင်းဆောင်များက အစိုးရ၀န်ထမ်းများ၊ ပြည်သူများနှင့် တွေ့ဆုံသည့်အခါ ယင်းကဲ့သို့ လက်အုပ်ချီ ဦးညွတ်စေခြင်းများ ပြုလုပ်ခဲ့သည့် အလေ့အထ ရှိခဲ့ဖူးသည်။

““ဒီလိုလုပ်ရပ်တွေက စစ်အရှိန်နဲ့ ဆက်လုပ်နေတာလို့ ထင်တယ်။ ပြည်သူတွေကလည်း အခုလို သမ္မတရော ဘာရော ကန်တော့နေတယ်ဆိုတာ လေးစားလို့မဟုတ်ဘူး။ လိုချင်လို့ ကန်တော့တာ။ ဒါမျိုးတွေ ဆက်ဖြစ် နေရင် အကုန်လူလိမ်တွေပဲ ဖြစ်လာမှာ။ ကိုယ့်စိတ်ထဲက မပါတဲ့ ကိစ္စတစ်ခုကို တာဝန်အရ ဆောင်ရွက်တာ ဒါ စဉ်းစားစရာပေါ့။ ဒီအတိုင်း ဆက်သွားရင် ၂၀၁၅ ရွေးကောက်ပွဲကျရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြီးမှသာလျှင် မှန်ကန်တဲ့ အစိုးရ ထွက်ပေါ်လာမှာ။ ဒီကန်တော့တဲ့ ကိစ္စတွေ လည်း ပျောက်သွားမှာပါ”” ဟု ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်ဟောင်း ဦးပီတာလင်းပင် က ဝေဖန် ပြောဆိုသည်။

ယင်းရေကစားပွဲကို သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ပြုလုပ်ခြင်းဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အပါအ၀င် ဒုသမ္မတနှစ်ဦး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါဝင်ရေကစားခဲ့ခြင်းလည်း ဖြစ်သည်။

““ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က ဆင်းရဲတဲ့ ပြည်သူတွေပါပဲ။ ဒီလို တခမ်းတနား ကျင်းပတယ်ဆိုတာ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ မကိုက်ညီဘူးလို့မြင်တယ်။ နောက် တစ်ချက်က ဒီလိုကျင်းပတဲ့ ကုန်ကျစရိတ်တွေကို ဘယ်သူတွေက ကျခံသလဲ မေးစရာရှိတယ်။ ဒါကို တိုင်းပြည် ဘဏ္ဍာထဲက သုံးတာဆိုရင် ပြည်သူ့ဘဏ္ဍာတွေထဲက သုံးတာနဲ့ အတူတူပဲ။ ပြီးတော့ လူတစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ တန်ဖိုးထားမှုက အရေးကြီးတယ်လေ။ ကိုယ်ကိုယ်တိုင်က ဂါရ၀ပြုတာက စိတ်ရင်းအမှန်ကို မဖော်ပြနိုင်ဘူးဆိုရင် တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူး။ ဒီမိုကရေစီ လည်း ပြောင်းလဲလာမှာ မဟုတ်ဘူး။ အရင်က သင်ခန်းစာတွေ ကြည့်ရင်မြင်နိုင်ပါတယ်”” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ဝတ်ရည်နွေးနွေး

ပုံညွှန်းစာ - အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော သမ္မတ အပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများ သင်္ကြန်အကျနေ့တွင် သမ္မတအိမ်တော်မြက်ခင်းပြင်၌ ရေသဘင်ပွဲဆင်နွှဲနေသည့်ပုံ 

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  
 

No comments:

Post a Comment