Wednesday, April 22, 2015

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကိုးကန့်ကိုမထည့်ဘဲ တခြားနည်းလမ်းစဉ်းစားမည်ဟု ဦးအောင်မင်းပြော

ငြိမ်းချမ်းရေးတွင် ပါဝင်ပတ်သက်သည့် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ခုလုံးတွင် ပါဝင်သူများကြား ယုံကြည်မှုတည်ဆောက်ခြင်းက နောက်ဆုံး မတ် ၃၁ ယာယီ အပစ်အခတ်ရပ်စဲရေးဆီသို့ အောင်မြင်စွာဦးတည်ခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြီးကြပ်ရသည့် ဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။

ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည့် နိုင်ငံရေးနှင့် ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဂျပန်၏အခန်းကဏ္ဍနှင့် အခြားအကြောင်းအရာများကို Nikkei Asian Review နှင့် ဧပြီလ လယ်ကပြုလုပ်သော အင်တာဗျူးတွင် ဆွေးနွေးပြောကြားခဲ့သည်။

မေး။  ။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်လုပ်ငန်းစဉ်မှာ နောက်တစ်ဆင့်က ဘာပါလဲ။

ဖြေ။  ။ ကျွန်တော်တို့ လက်ရှိအစိုးရအာဏာရကတည်းက ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်နေတာပါ။ ငြိမ်းချမ်းရေးမရဘဲ ဒီမိုကရေစီရှိလာမှာ မဟုတ်ဘူးဆိုတဲ့ ပြောနေကျစကား ကျွန်တော်တို့မှာရှိပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အချိန်တွေအများကြီးယူပြီး ဆောင်ရွက်နေတာပါ။ ၂၀၁၅ခုနှစ်၊ မတ် ၃၁ရက်နေ့မှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ပထမဆုံးမူကြမ်းကို အောင်အောင်မြင်မြင်နဲ့ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန် ကိုယ်တိုင် လက်မှတ်ရေးထိုးမှုကို ကြီးကြပ်ခဲ့တာပါ။ ခုအချိန်ထိ အစိုးရက နားလည်ထားကတော့ (ယာယီအပစ်အခတ်ရပ်စဲရေး) သဘောတူညီချက်ဟာ လက်ခံနိုင်ဖွယ်ရှိပါတယ်။ ကျွန်တော်တို့ပြောင်းလဲဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ဒီမူကြမ်းကို တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးရဲ့ ခေါင်းဆောင်တွေဆီ တင်သွင်းပါလိမ့်မယ်။ သူတို့က အတည်ပြုတာနဲ့တစ်ပြိုင်နက် လက်မှတ်ရေးထိုးတဲ့အခမ်းအနားတစ်ခုဖြစ်လာမှာပါ။ ဒါပြီးတာနဲ့ ချက်ခြင်းပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် မူဘောင်ကိစ္စစတင်ဆွေးနွေးမှာပါ။ ဒီတွေ့ဆုံဆွေးနွေးပွဲက နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ စက်တင်ဘာ၊ အောက်တိုဘာ မဲဆွယ်စည်းရုံးရေး ကာလမှာ ဖြစ်ပါလိမ့်မယ်။

မေး။  ။ဒီလိုနှစ်တွေအများကြီး ကြိုးစားပြီးတော့ နောက်ဆုံးအောင်မြင်မှု ရဖို့ သော့ချက်က ဘာပါလဲ။

ဖြေ။  ။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးကြီးဆုံးကတော့ ယုံကြည်မှုပါ။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့က အချိန်တွေအများကြီး ယူဖို့ လိုပါတယ်။ အဓိကအားဖြင့်တော့ တစ်ဖက်နဲ့တစ်ဖက် ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တော့ စာနာနားလည်မှုနဲ့ ပတ်သက်လို့ ရှေ့မတိုး နောက်မဆုတ် အခြေအနေမျိုးမှာတောင် ဘယ်သူမှ စေ့စပ်ညှိနှိုင်းပွဲတွေကနေ ထွက်မသွားခဲ့ပါဘူး။ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြသနာတိုင်းကို ကျော်လွှားဖို့ ကျွန်တော်တို့အားလုံး အဖွဲ့တစ်ခုအနေနဲ့ အတူတကွလုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ မတူညီတဲ့ အဖွဲ့နှစ်ခုအနေနဲ့ စခဲ့တယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့ အချိန်တန်တော့ ကျွန်တော်တို့ တစ်ဖွဲ့တည်းဖြစ်လာခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု အောင်မြင်ဖို့ဆိုတာကတော့ များပြားလှတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံရမှာပါ။ နိုင်ငံတော်အကြီးအကဲအနေနဲ့ သမ္မတကြီးဟာ ငြိမ်းချမ်းရေးရဖို့  လိုအပ်တာမှန်သမျှ ဆောင်ရွက်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။ ဒုတိယအနေနဲ့ ပါလီမန်ဟာ ငြိမ်းချမ်းရေးလိုလားပြီး လိုအပ်တာမှန်သမျှ ဆောင်ရွက်ဖို့ ပြင်ဆင်ထားရမှာပါ။ တတိယအနေနဲ့ တပ်မတော်နဲ့ တခြား အဖွဲ့အစည်းတွေဟာလည်း ငြိမ်ချမ်းရေးလိုလားဖို့လိုပါတယ်။ စတုတ္ထကတော့ တိုင်းရင်းသားတွေက လိုလားရမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေလည်း ငြိမ်းချမ်းရေးလိုလားရမှာဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်း၊ နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးလိုလားရမှာဖြစ်ပါတယ်။

အဲ နောက်ဆုံးအခြေအနေကတော့ နိုင်ငံတကာပါတနာတွေရဲ့ ရပ်တည်ချက်ပါ။ နိုင်ငံတကာ ပါတနာတွေရဲ့ တစ်ညီတစ်ညွတ်တည်း ဒါမှမဟုတ် တစ်ညီတစ်ညွတ်တည်း နီးပါး ထောက်ခံမှုမရရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။ ဒီလို အခြေအနေတွေအား တစ်ပြိုင်နက်တည်း ကိုက်ညီတဲ့အချိန်ဟာ ကျွန်တော်တို့ငြိမ်းချမ်းရေးရတဲ့ အချိန်ပါပဲ။


မေး။  ။ကိုးကန့်ဒေသမှာ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ရှိနေပါသေးတယ်။ နောက်ပြီး အဲဒီမှာရှိတဲ့ အဓိက လက်နက်ကိုင်အဖွဲ့ MNDAA (ဖုန်ကျားရှင်ဦးဆောင်တဲ့ ကိုးကန့်သူပုန်အဖွဲ့) အပြင် အဖွဲ့ဝင် ၁၆ ဦးပါ အမျိုးသား အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုကော်မတီမှာ ခင်ဗျားတို့ရဲ့အစိုးရက အသိအမှတ်မပြုတဲ့ တခြား လက်နက်ကိုင်လေးဖွဲ့လည်း ရှိပါသေးတယ်။ ဒီအဖွဲ့အစည်းတွေ အထူးသဖြင့် MNDAA က အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ရဲ့ အပြင်ဘက်မှာ ရှိနေသေးတယ်ဆိုတဲ့ အချက်က အပြီးသတ် သဘောတူရေး အလားအလာတွေကို ထိခိုက်နိုင်ပါသလား။ တကယ်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်လိမ့်မယ်လို့ ခင်ဗျားပြောခဲ့တယ်။ ဒါ(ငြိမ်းချမ်းရေးလုပ်ငန်းစဉ်) ကို ခင်ဗျားဘယ်လိုရရှိပါသလဲ။
ဖြေ။  ။ အပစ်အခတ်ရပ်စဲရေးအတွက် ကျွန်တော်တို့ဆောင်ရွက်နေတာ လေးနှစ်လောက်ရှိပါပြီ။ ကိုးကန့်ပြဿနာက လွန်ခဲ့တဲ့ခြောက်လလောက်ကမှ စတာပါ။ ဒါကြောင့် နှိုင်းယှဉ်ရရင် ဒါကအသစ်ပါ။ လက်ရှိအစိုးရဟာ အပစ်ရပ်ရေးအတွက် အဖွဲ့ ၁၆ ဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းနေပါတယ်။ အဖွဲ့၁၆ဖွဲ့စလုံးနဲ့ ဘုံရပ်တည်ချက်တွေ့ဖို့က မလွယ်ပါဘူး။ ဒါ့ကြောင့် လူသစ်တွေ ထပ်ပေါင်းနေလို့ရှိရင် ကျွန်တော်တို့ဘယ်တော့မှ ဘုံသဘောတူချက်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လုပ်ငန်းစဉ်မှာ ကိုးကန့်တွေကို ကျွန်တော်တို့ မထည့်ချင်ဘူး။ ဒါဟာသူတို့နဲ့ ကျွန်တော်တို့ အလုပ်လုပ်မှာ မဟုတ်ဘူးလို့ မဆိုလိုဘူးနော်။ ကွဲပြားခြားနားတဲ့ လုပ်ငန်းစဉ်တစ်ခုကို ကျွန်တော်တို့ အသုံးပြုမှာပါ။

ကိုးကန့်အုပ်စုဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်ခဲ့ဖူးတယ်။ ၁၉၈၉ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့ပေမဲ့ ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်နဲ့ ယန်မိုးလျံတို့ကြားမှာ အတွင်းပဋိပက္ခတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ဖုန်ကျားရှင်ဟာ ရဲတပ်ဖွဲ့ဝင် ၁၈ ဦးကို သတ်ပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့တယ်။ ၂၀၁၂ခုနှစ်မှာ မနီလာမှာ ကျွန်တော် သူ့ကိုတွေ့တော့ သူကျွန်တော့်ကိုပြောတာက သူကိုးကန့်ကို ပြန်လာပြီး အဲဒီမှာ ရုံးဖွင့်ဖို့ ပြင်ဆင်မှုစချင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စ သမ္မတနဲ့ကျွန်တော် ဆွေးနွေးပြီးတော့ သူ့ကိုပြန်လာခွင့်ပြုဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့တယ်။ ဒါမှသာ သူ့ဒေသမှာ နိုင်ငံရေးလောကထဲ ပြန်ဝင်နိုင်မှာပေါ့။ ဒါပေမဲ့ သူက ကတိမတည်ဘူး။ နိုင်ငံရေးနည်းလမ်းနဲ့ အာဏာရဖို့ ကြိုးစားရမယ့်အစား နောက်တစ်ကြိမ် လက်နက်ကိုင်မှုကို အားကိုးခဲ့တယ်။ ဒီနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းတွေနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ သူကတော့ လက်နက်ကိုက်တိုက်ခိုက်မှုကိ အသုံးပြုဖို့ ကြိုးစားနေတုံးပဲ။ ကိုးကန့်အုပ်စုကို နိုင်ငံရေးအရ ကျွန်တော်တို့ မဆက်ဆံဘူးလို့ ကျွန်တော်မပြောဘူး။ ဆက်ဆံမှာပါ။


မေး။  ။ တရုတ်နဲ့ ခင်ဗျားတို့နဲ့ ဆက်ဆံရေးက ကိုးကန့်ပြသနာအပေါ် လွှမ်းမိုးမှုရှိနေတယ်လို့ မြင်ပါသလား။

ဖြေ။  ။ တရုတ်နဲ့ ကျွန်တော်တို့ ဆက်ဆံရေးကောင်းမွန်နေတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ မဟာဗျူဟာမြောက် မိတ်ဖက်တစ်ဦးလို့လည်း ကျွန်တော်တို့ယူဆပါတယ်။ ကျွန်တော်တို့ လေယာဉ်တစ်စင်းက ဗုံးတစ်လုံးက သူတို့ပိုင်နက်ထဲကျသွားခဲ့တယ် ဆိုတာ မှန်ပါတယ်။ (မတ်လက ကျခြင်းဖြစ်ပြီး တရုတ်ငါးဦးသေဆုံး)။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ပေကျင်းကို သွားပြီး ပြဿနာတစ်ခုလုံးကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ပေကျင်းက အဆင့်မြင့် စစ်အရာရှိတွေလည်း မြန်မာကို လာပါတယ်။ ပြဿနာကို အတူဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ အခုဆို ရှင်းပြီးသွားပါပြီ။

မေး။  ။ မြန်မာအစိုးရက ရင်းနှီးမြုပ်နှံဖို့ နိုင်ငံရဲ့နေရာအသီးသီးကို ဖွင့်ပေးဖို့နဲ့ အဲဒီနေရာတွေမှာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ကြိုးစားနေပါတယ်။ အရင်းအမြစ်တွေကို ခွဲဝေရေးနဲ့ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား စိုးရိမ်မှုတွေကို ဘယ်လို ဟန်ချက်ညီအောင် လုပ်နေပါသလဲ။
ဖြေ။  ။ တိုင်းရင်းသားလူနည်းစု ဒေသတွေမှာရှိတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အတွက် သမ္မတကြီးဦးသိန်းစိန်က အဓိက လမ်းညွှန်ပေါ်လစီကြီး နှစ်ရပ် ချပေးထားပါတယ်။ နိုင်ငံသားတွေအတွက် ဘယ်လိုဆိုးကျိုးမှ မသက်ရောက်စေရဘူး။ နောက်ပြီးတော့ ရင်းနှီးမြုပ်နှံသူတွေရဲ့ အကျိုးစီးပွားကိုလည်း ကာကွယ်ပေးရမယ်ဆိုတဲ့ ပေါ်လစီပါ။ ဒီစည်းမျဉ်းနှစ်ခုကို ကျွန်တော်တို့ လိုက်နာနေသရွေ့ နိုင်ငံမှာရှိတဲ့ ဘယ်နေရာမဆို နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုကိုမဆို ကျွန်တော်တို့ ခွင့်ပြုနိုင်ပါတယ်။

တစ်ချိန်က ပဋိပက္ခကျယ်ပြန့်ခဲ့ဖူးတဲ့ ဒေသတွေမှာ ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါလိမ့်မယ်။ တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်မှာ အရင်းအမြစ်၊ လျှပ်စစ်စွမ်းအင်းနဲ့ အခွန်ကိစ္စတွေ အများကြီး ပါပါတယ်။ ဒါတွေအားလုံးက အဖွဲ့အစည်း အသီးသီးကြားက ရန်လိုမှုနဲ့ နားလည်မှုလွဲတာအားလုံးကို အဆုံးသတ်စေမှာပါ။ ဒီအချိန်ဟာ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ စလုပ်ဖို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအတွက် အကောင်းဆုံးအချိန်ပဲလို့ ကျွန်တော်ထင်တယ်။


မေး။  ။ အထူးစီးပွားရေးဇုန်တွေအတွက် အစီအစဉ်သစ်တွေ ရှိပါသလား။ နောက်ပြီးတော့ ခင်ဗျားတို့ဘက်က လိုလားတဲ့ တိကျတဲ့ ရင်းနှီးမြုပ်နှံမှု ပုံစံတွေရှိပါသလား။

ဖြေ။  ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးရပြီဆိုတာနဲ့ ကျွန်တော်တို့ကိုင်တွယ်ရမယ့် များပြားလှတဲ့ ပြဿနာတွေ ရှိပါလိမ့်မယ်။ တိုက်ခိုက်ဖို့ မလိုတော့တဲ့ စစ်သား ၁၀၀,၀၀၀လောက်ဟာ မြို့ကြီးတွေဆီ ဝင်လာပါလိမ့်မယ်။ နောက် ဒုက္ခသည် ၃၅၀,၀၀၀လောက်နဲ့ နိုင်ငံတွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ ၄၅၀,၀၀၀လောက်ကို ကျွန်တော်တို့ပြန်ခေါ်ရမှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ မိုင်းရှင်းပေးရမယ်။ သူတို့ကို နေစရာ၊ စားစရာ ပေးရမယ်။ လမ်းစရိတ်တွေ ပေးရမယ်။ နောက်ပြီး သူတို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ အလုပ်အကိုင် ဖန်တီးမပေးနိုင်ရင် သူတို့က လက်နက်ပြန်ကိုင်ချင် ကိုင်မှာပါ။ ဒါ့ကြောင့် အလုပ်အကိုင် ဖန်တီးရေးဟာ အလွန်အလွန်ကို အရေးကြီးပါတယ်။

အထူးစီးပွားရေးဇုန်တွေ တည်ဆောက်တာကိုတော့ ဗဟိုအစိုးရက တိုက်ရိုက်ကိုင်တွယ်ပါတယ်။ စည်းမျဉ်းတွေက အရမ်းရှုပ်ထွေးပါတယ်။ တစ်ခုခုပြီးအောင်လုပ်ဖို့ အချိန်ယူရပါတယ်။ သီလဝါမှာ စီးပွားရေးဇုန်တစ်ခု လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဆက်သွားနေတဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ်သာ ရှိနေပါသေးတယ်။ အဲဒီနေရာမှာ တိုးတက်မှု အများကြီးကို မမြင်ရသေးပါဘူး။ ဒါ့ကြောင့် ကျွန်တော့် အခွင့်အာဏာနဲ့ ကျွန်တော် လုပ်နိုင်တာကတော့ စက်မှုဇုန်တွေ ထောင်ဖို့ပါပဲ။ ဒါအတွက်တော့ အချိန်တွေအကြာကြီး စောင့်ဖို့မလိုပါဘူး။

အဆင့်မြင့် နည်းပညာစက်ရုံတွေ ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်ရည်ရွယ်တာက စိုက်ပျိုးရေး အခြေခံနဲ့ တခြားစက်ရုံတွေပါ။ ကျွန်တော်တို့ ဖန်တီးချင်တာက ထိုင်းမှာလိုမျိုးပါ။ အဲဒီမှာ အနိမ့်ဆုံးလုပ်ခက တစ်နေ့ကို ဘတ် ၃၀၀ (၉ဒသမ၂၅ဒေါ်လာ)ပါ။ ကျွန်တော်တို့ရဲ့ ရွှေ့ပြောင်းလုပ်သားတွေကတော့ တစ်နေ့မှ ဘတ် ၁၀၀ ပဲရပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့ဘက်ခြမ်းမှာ စက်ရုံတွေဆောက်နိုင်တဲ့ အခြေအနေတစ်ခု ဖန်တီးချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့အလုပ်သမားတွေကို တစ်နေ့ကို ဘတ် ၁၅၀ ရစေချင်ပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်နိုင်ရင် နှစ်ဘက်အကျိုးရှိတဲ့ အနေအထားပါ။

အထူးစီးပွားရေးဇုန်တွေလုပ်ဖို့ ဒီလိုအချိန်တွေယူနေမဲ့အစား စက်မှုဇုန်တွေလုပ်ဖို့ အာရုံစိုက်ရေးပါ။ လောလောဆယ် အထူးစီးပွားရေးဇုန်တွေလုပ်ဖို့ မစဉ်းစားသေးပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာနဲ့ စမယ်။ ပြီးတော့မှ အထူးစီးပွားရေးဇုန်တွေအဖြစ် အဆင့်မြင့်ဖို့ ကျွန်တော်တို့ စဉ်းစားနိုင်မယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာ စီးပွားရေးစီမံကိန်းတွေ ကျွန်တော်တို့ တာဝန်ယူနိုင်ချိန်မှာ တိုင်းရင်းသား အဖွဲ့တွေနဲ့ တိုင်ပင်ပြီး အဲဒီလိုလုပ်မှာပဲ။ ဒါ့ကြောင့် အထူးစီးပွားရေးဇုန်တွေနဲ့ အခြားဇုန်တွေ ဖန်တီးရာမှာ အစိုးရဟာ တိုင်းရင်းသားတွေနဲ့ အမြဲ လက်တွဲသွားနိုင်ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အရင်းအမြစ် ခွဲဝေရေးဟာ သဘောတူညီချက်ထဲမှာ ပါပါတယ်။


မေး။  ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြားနိုင်ငံတွေမလုပ်နိုင်တာကို ဂျပန်က ဘာတွေလုပ်ပေးနိုင်မလဲ။


ဖြေ။  ။ ဂျပန်ဟာ မြန်မာကို ပုံစံအမျိုးမျိုးနဲ့ အကူအညီပေးနေပါတယ်။ ငြိမ်းချမ်းလုပ်ငန်းစဉ်လည်း ပါပါတယ်။ ဒီမှာ ငြိမ်းချမ်းမှု ကျယ်ကျယ်ပြန့်ပြန့် ရလာတာနဲ့ ဂျပန်ရင်းနှီးမြုပ်နှံသူတွေအတွက် အခွင့်အလမ်းတွေ ပိုရလာပါလိမ့်မယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဂျပန်က အဓိကပံ့ပိုးနိုင်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်နေတာ လေးနှစ်ရှိပါပြီ။ ဘယ်သူကတော့ လေ့လာသူ ဖြစ်သင့်တယ်ဆိုတာ အစိုးရတစ်ခုတည်းဆုံးဖြတ်လို့မရပါဘူး။ လေ့လာသူတစ်ဦးအဖြစ် ဘယ်သူကိုဖိတ်မယ်ဆိုတာ ဆုံးဖြတ်ဖို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အတူတွဲပြီးလုပ်ဖို့လိုပါတယ်။ တရုတ်နဲ့ ကုလကိုဖိတ်မယ်လို့ စကတည်းက နှစ်ဖက်စလုံးက သဘောတူခဲ့တာပါ။ ဂျပန်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပတ်သက်နေတာ တစ်နှစ်ခွဲလောက်ရှိပါပြီ။ ဒါ့ကြောင့် အလားအလာရှိတဲ့ လေ့လာသူတစ်ဦးအဖြစ် လေးလေးနက်နက် စဉ်းစားမှုကို လက်မခံရသေးပါဘူး။

ဒါပေမဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် လက်မှတ်ထိုးတဲ့ အခမ်းအနားမှာ ဂျပန်ကိုဖိတ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို လေ့လာသူအများကြီးကို ဖိတ်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးဟာ ရိုးသားဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ သမ္မတက ပြောကြားထားပါတယ်။ ဒါ့ကြောင့် လေ့လာသူအများကြီး ဖိတ်မှာပါ။

လုပ်ငန်းစဉ်မှာ ကျွန်တော်တို့ ဂျပန်ကိုပါစေချင်ပါတယ်။ ဂျပန်လူမျိုးတွေနဲ့ ဂျပန်အစိုးရအတွက် သတင်းစကားကတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဂျပန်ရဲ့ကဏ္ဍ တိုးမြင့် ပါဝင်စေရေး ကျွန်တော်တို့ လေးလေးနက်နက် ဆောင်ရွက်နေတယ်ဆိုတာပါပဲ။ ဒါဟာ ကျွန်တော်တို့ ဂျပန်အပေါ် ဘယ်လောက် အလေးထားတယ်ဆိုတာ ကျွန်တော်တို့အစိုးရရဲ့ ပြသမှုပါ။ ဂျပန်ဟာ မြန်မာအတွက် အလွန်မိတ်ဆွေပီသပြီး အလွန်အရေးပါတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း နွေးထွေးတဲ့ ဆက်ဆံရေးမရှိခဲ့ရင်တောင်ပါ။


မေး။  ။ (တရုတ်ဦးဆောင်တဲ့) အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြုပ်နှံမှုဘဏ် (AIIB) အတွက် ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေက ဘာပါလဲ။ ဒီဘဏ်နဲ့ အေဒီဘီဘဏ်ကို ဘယ်လိုအသုံးပြုဖို့ ရည်ရွယ်ထားပါသလဲ။

ဖြေ။  ။AIIBဘဏ်က အခုထိ သိပ်ကိုအကဲဆတ်နေသေးတဲ့ အကြောင်းအရာတစ်ခုပါ။ ဂျပန်နဲ့ အမေရိကန်တို့ခိုပဲ ကျွန်တော်တို့ သတိကြီးကြီးနဲ့ ချဉ်းကပ်နေပါတယ်။ အေဒီဘီနဲ့ပတ်သက်လို့ကတော့ သူက တည်ထောင်ထဲ့တာ သိပ်ကြာပါပြီ။ ဒါ့ကြောင့် AIIBကို အနီးကပ်လေ့လာနေပါတယ်။

လက်ရှိအစိုးရလက်ထက် စတင်ခဲ့တဲ့ ကြီးမားတဲ့ စီမံကိန်းသစ်ကြီးတွေ အများစုမှာ ဂျပန်ရဲ့ ရင်းနှီးမြုပ်နှံမှုပါပါတယ်။ ဒါကြောင့် ဒါဟာ ဂျပန်ရဲ့ပတ်သက်မှုကို ကျွန်တော်တို့အများကြီး တန်ဖိုးထားတယ်ဆိုတာ သက်သေပြချက်ပါ။

တရုတ်ဘက်ကို ယိမ်းသွားအောင် စပြီးတွန်းပို့လိုက်တာ ဂျပန်နဲ့အနောက်နိုင်ငံတွေပါ။ တရုတ်နဲ့လုပ်ထားတဲ့ စီးပွားရေးသဘောတူညီချက်တွေ၊ စီမံကိန်းတွေကို ကျွန်တော်တို့ ပြန်သုံးသပ်နေပါတယ်။ ဒါပေမဲ့ အတိတ်ကတော့ လုပ်ငန်းလုပ်ဖို့ ကျွန်တော်တို့မှာ ဘယ်သူမှမရှိပါဘူး။ တရုတ်သာ ကျွန်တော်တို့နဲ့အလုပ်လုပ်ခဲ့တာပါ။

ကျွန်တော်တို့အပေါ် သတ်မှတ်ထားတဲ့ ချေးငွေအတိုးနှုန်းက သိပ်မြင့်ပါတယ်။ ခြောက်ရာခိုင်နှုန်းပါ။ ကြီးမားတဲ့ အစိုးရစီမံကိန်းကြီးတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေလုပ်ရာမှာ သူတို့ဟာ ကြီးမားတဲ့ငွေပမာဏကို ယူဖို့ ကြိုးစားပါတယ်။ ဘယ်သူက ဘယ်အရာက ကျွန်တော်တို့ကို အကျိုးပိုပြီးဖြစ်စေသလဲ။ အဲဒီလမ်းကြောင်းအတိုင်းသွားမှာပါ။


မေး။  ။ရွေးကောက်ပွဲပြီးရင် ခင်ဗျားအငြိမ်းစားယူနို်င်တယ်လို့ ပြောဖူးတယ်နော်။ ခင်ဗျား လက်ရှိရာထူးမှာ ဆက်ရှိလိမ့်မယ်ဆိုတာ ဖြစ်နိုင်ခြေရှိလား။

ဖြေ။  ။ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပါဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သမ္မတအပေါ်မှာ အလွန်ခိုင်မာတဲ့ ယုံကြည်မှုရှိပါတယ်။ နောက်ဆုံးတော့ ကျွန်တော်က သမ္မတရဲ့အမိန့်ကို လိုက်နာရမှာပါ။

မေး။  ။ တိုင်းရင်းသား အဖွဲ့အစည်းတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် right to self-governance တောင်းနေတာကြာပါပြီ။  နောက်ဆုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးတဲ့နောက် အစိုးရက တိုင်းရင်းသားအုပ်စုတွေကို ပိုမိုကြီးမားတဲ့ နိုင်ငံရေး ပြောရေးဆိုခွင့် ပေးရေး ဖြစ်နိုင်ခြေအတွက် ညှိနှိုင်းဖို့ အစိုးရဘက်က ပြင်ဆင်ထားပါသလား။

ဖြေ။  ။ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခုကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲရဲ့ ရလဒ်ကို အခြေခံပြီး တည်ဆောက်မယ်ဆိုတာ ကျွန်တော်တို့သဘောတူထားပြီးပါပြီ။ ဖက်ဒရယ်စနစ်နဲ့အတူ အာဏာခွဲဝေရေး၊ အရင်းအမြစ်ခွဲဝေရေးနဲ့ အခွန်ခွဲဝေရေးတို့ကို ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ အာဏာခွဲဝေရေးနဲ့ ပတ်သက်လို့ကတော့ သူတို့နယ်တွေမှာ သူတို့အုပ်ချုပ်ချင်သလား ဆိုတာ ပြည်နယ်က နိုင်ငံသားတွေရဲ့အပေါ်မှာပဲ မူတည်ပါတယ်။


Credit - Mizzima News

aungmin 
 

No comments:

Post a Comment