ယင်းအတွက် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်အတွင်း ဖြစ်ပေါ် လာနိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ရာသီဥတု၊ နိုင်ငံတကာရေးရာ စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ငံရေး သမား၊ ဗေဒင်ပညာရှင် ဆရာစံ-ဇာဏီဘိုနှင့် နက္ခတ္တဗေဒဆိုင်ရာ နိုင်ငံရေး သိပ္ပံပညာရှင် (Astor-Political Scientist) ဘဲလား လေဘာတီ တို့အား မေးမြန်း၍ မြန်မာသံတော်ဆင့်က ဖော်ပြလိုက်ပါသည်။
ဝတ်ရည်နွေးနွေး၊ ၀ိုင်းမော်
● နိုင်ငံရေးသမား၊ ဗေဒင်ပညာရှင် ဆရာစံ-ဇာဏီဘိုနှင့် တွေ့ဆုံမေးမြန်းခြင်း
သင်္ကြန်စာအရ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်အတွင်းမှာ တိုင်းပြည်အုပ်ချုပ်သူ မင်းအစိုးရ အပြောင်းအလဲ ရှိတယ်ဆိုတဲ့ နိမိတ်ကို ပြတယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● လာမယ့်နှစ် နိုင်ငံရေးကဏ္ဍမှာ တိုင်းပြည်ခေါင်းဆောင် အပြောင်းအလဲ ရှိနိုင်လား။
ပထမအချက်က တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာပေါ်မှာ ခေါင်းဆောင်ဆိုတာကို ဗေဒင်ပညာမှာတော့ တနင်္ဂနွေဂြိုဟ်လို့ သုံးလေ့သုံးထရှိတယ်။ တနင်္ဂနွေဂြိုဟ်ရဲ့ သဘာဝက ဂဠုန်ကို ယူတယ်လေ။ နောက်ပြီးတော့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ အနေအထားမှာ ရိုးရာ အယူအဆအရ မင်းတို့ရဲ့ ခေါင်းဆောင် ဒီနှစ်က မြန်မာ့ရိုးရာ အယူအဆအရ သင်္ကြန်စာအရ သိကြားမင်းက ဂဠုန်စီးပြီး ဆင်းတာရယ်၊ ဘယ်ဘက်လက်က သန်လျက် ကိုင်ထားတာရယ်။ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်အတွင်းမှာ တိုင်းပြည်အုပ်ချုပ်သူ မင်းအစိုးရ အပြောင်းအလဲ ရှိတယ်ဆိုတဲ့ နိမိတ်ကိုပြတယ်။ ဒီအကြောင်းအရာကြောင့် အပြောင်းအလဲ ရှိမယ်ပေါ့။ ဒါတစ်အချက်၊ နှစ်အချက် ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်။ သုံးအချက် ရွေးကောက်ပွဲပြီးတဲ့ အခါမှာလည်း အချုပ်အခြာ အာဏာကို အခုလက်ရှိ အာဏာရအဖွဲ့အစည်းက နောက်တက်လာမယ့် ဖွဲ့စည်းတဲ့ အစိုးရသစ်ကို လက်လွှဲပေးလိမ့်မယ်။ ဒါ အာဏာလွှဲပြောင်းမှုကိုလည်း တရားဝင်ပြုလိမ့်မယ်။ ဒါကျွန်တော်တို့ အယူအဆ ပေါ့နော်၊ အခုအခြေခံအားဖြင့် အပြောင်းအလဲက ကောင်းသောပြောင်းလဲ မှုနဲ့ ပြည်သူလူထု အတွက် မျှော်လင့် စောင့်စားထားတဲ့ အသစ်လမ်းကြောင်းတွေ ပိုမိုပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းတွေကို ဦးစားပေးပြီး ပြောင်းလဲ ဖြစ်မယ်လို့ မြင်တယ်။
● နောက် အဓိကရုဏ်းတို့လို ပဋိပက္ခတို့လို ရှိနိုင်လား။
ဖြစ်နိုင်တယ်။ နေရာ ၃ နေရာရှိတယ်။ (၁) မေ ၂၀ နဲ့ ဇွန် ၂၀ ကြား ၂၀၁၅၊ (၂) အောက်တိုဘာ ၂၀ နဲ့ နိုဝင်ဘာ ၂၀ ကြား ၂၀၁၅၊ (၃) ၂၀၁၅ ဒီဇင်ဘာလ ၂၁ ကနေ ၂၀၁၆ ဇန်န၀ါရီလ ၂၀ အထိ။ ဒီကာလ ၃ ခုမှာ ဆန္ဒပြ သူတွေ ပေါ်ထွက်နိုင်တယ်။ နောက်ပဋိပက္ခ အနေအထားတွေ ရှိနိုင်တယ်။ နောက် အုပ်ချုပ်သူအနေ အထားတွေဘက်က ဒီအယူအဆ ဖြေရှင်းမှု နည်းလမ်းမှန်ကို မသုံးနိုင်ရင် အဓိကရုဏ်း အသွင်ကို ဆောင်နိုင်တယ်။
● စီးပွားရေး အနေအထားတွေမှာကော ဘယ်လိုတွေ ရှိလာနိုင်လဲ။
တိုင်းပြည်စီးပွားရေး အနေအထားကတော့ ဗြဟ္မာ့ဦးခေါင်းကို လက်ပြောင်းတဲ့ အနေအထားနဲ့ ယူကြတယ်။ သင်္ကြန်နဲ့ နှစ်သစ်ကူး အနေအထားကို ကြည့်ပြီးတော့ အပြောင်းအလဲကို ကြည့်ကြရင် သိကြားမင်းက စီးနင်း ၀င်ရောက်တာ ၀င်တာထွက်တာ အချိန်ကို သတ်မှတ်တာပေါ့။ နှစ်တစ်ခုနဲ့ တစ်ခုပြောင်းတာ ဗြဟ္မာ့ဦးခေါင်း လက်ပြောင်းတာနဲ့ ယူတယ်။ လက်ပြောင်းတဲ့အခါမှာ လက်ခံသူပေါ့။ ဓံသီ အလှည့်စေ့ပြီ။ ဃောရဿဒေ၀ီ နတ်သမီးက လက်ခံတယ်။ ဗြဟ္မာ့ ဦးခေါင်းကို ဘယ်လိုလက်ခံတာလဲ။ တစ်ခါတလေ ငိုကြွေးပြီး လက်ခံတယ်။ တစ်ခါတလေ ထိုင်ရက်စသဖြင့် အမျိုးမျိုးသော အနေအထားမှာ ဒီတစ်ခေါက်က ခန္ဓာကိုယ်ကို မှောက်ရက် စင်းစင်းကြီး မှောက်ပြီးတော့ မြေကြီးနဲ့လက်နဲ့ထပ်ပြီး မှောက်ထားပြီးတော့ ဦးခေါင်းကို ပန်းလေးနဲ့ပြတယ်။ ဒီလိုယူတဲ့ နှစ်တွေမှာ လူထုရဲ့ စားဝတ်နေရေး တွေမှာတော့ အခက်အခဲလေးတွေ ရှိတတ်တယ်။ အဲဒီတော့ ဒီအနေအထားက ကြုံတွေ့ရမယ်။ ခုပထမဆုံးကို ဧပြီ ၂၀ နဲ့ မေ ၂၀ ကြားမှာတစ်ကြိမ်၊ နောက် ဇူလိုင် ၂၀ နဲ့ သြဂုတ် ၂၀ ကြားမှာ တစ်ကြိမ်၊ အဲဒီကာလ ၂ ခုမှာ ကုန်ဈေးနှုန်း လှုပ်ရှားမှုနဲ့ အတက်အကျ ဖြစ်တည်မှု ရှိမယ်။ ရှားပါးခြင်းကြောင့် ဖြစ်ခြင်းမဟုတ်ဘဲ ၀ိသမလောဘသားတွေရဲ့ အမြတ်အစွန်း ရလိုမှုများခြင်း အပေါ်မှာ မူတည်ပြီးဖြစ်မယ်။ ကုန်သွယ်မှုဆိုင်ရာဘက်မှာ ကိုယ့်ဘက်က ကုန်ပို့အားနည်းမယ်။ အခြားသော နိုင်ငံတကာနဲ့ ပတ်သက်တာ ၀င်ငွေလမ်းကြောင်းနဲ့ ပတ်သက်တာတွေကတော့ ခရီးသွားလုပ်ငန်းကတော့ ငွေဝင် စီးပွား ကောင်းလာနိုင်တယ်။ နောက်အခြားသော အရောင်းအ၀ယ် ကိစ္စတွေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု နည်းနည်း အားနည်းချက် ရှိဦးမယ်။ ပြည်တွင်းထုတ်လုပ်မှု ပိုင်းကလည်း နည်းနည်း လျော့နည်းမယ်။
● ဒါဆို နိုင်ငံတကာ ဆက်ဆံရေး အနေအထားကကော ဘယ်လိုရှိနိုင်လဲ။
နိုင်ငံတကာ ဆက်ဆံရေးက ထူးထူးခြားခြား ကောင်းလာမယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်လာရင် ခုမဟာသင်္ကြန်ပြီး မြန်မာနှစ်ကူး သောကြာနေ့ကူးတာကို ၁၇ ရက် ဧပြီက စပြီးတော့ ရက် ၅၀ အတော အတွင်းမှာ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ အကြောင်းအရာလေးတွေ ရှိမယ်။ အဲဒီမှာငြိမ်းချမ်းမှုနဲ့ ပတ်သက်တာ ပစ်ခတ်တာလည်း ရှိဆဲဖြစ်မယ်။ နောက် ကျွန်တော်တို့ အတန်တန်ပြောဖူးတဲ့ တတိယအုပ်စု ပေါ်ထွက်မှု လေ့လာကြည့်တယ်။ တတိယအုပ်စု ပေါ်ထွက်မှုက အကြောင်းအရာ ၂ မျိုးရှိတယ်။ တစ် အာဏာရ အဖွဲ့အစည်း၊ အတိုက်အခံ အဖွဲ့အစည်း ဒီနှစ်ခုရဲ့ကြားထဲမှာ တတိယ အဖွဲ့အစည်း ပေါ်ပေါက်လာပြီးတော့ အာဏာ ချုပ်ကိုင်မှုနဲ့ ဖြစ်ပေါ်မှုဘက်ကို နွှယ်တဲ့အုပ်စု ဒါနိုင်ငံရေးလမ်းကြောင်း၊ နောက်တစ်ခုက ဘာလဲ ဆိုတော့ အစိုးရအဖွဲ့အစည်းနဲ့ နိုင်ငံရေးသမား အဖွဲ့အစည်း၊ တိုင်းပြည် အုပ်ချုပ်တဲ့ အစိုးရလည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဥပဒေပြု လွှတ်တော်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးကိစ္စလည်း မဟုတ်တဲ့ ကြား အဖွဲ့အစည်း တစ်ခု ၀င်လာလိမ့်မယ်။ ငြိမ်းချမ်းရေး ရယူထားတဲ့ လူမျိုးစုတွေရယ်၊ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေရယ် သမ္မတ အကြံပေးအဖွဲ့လည်း မဟုတ်ဘူး။ တခြားသော အကြံပေး အဖွဲ့လည်း မဟုတ်ဘူး။ အဲဒီအုပ်စုတစ်စု ပေါ်ထွက်လာလိမ့်မယ်။ ပေါ်ထွက်လာပြီးတော့ တိုင်းရေးပြည်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေပြုမှုနဲ့ အကြောင်းအရာကို အဲဒီအုပ်စုကနေ အစိုးရ အဖွဲ့အစည်း အနေနဲ့လည်း မဟုတ်ဘူး။ အဲဒီက အုပ်ချုပ်မှုဆိုင်ရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာရယ် စသဖြင့်စသဖြင့် အနေအထားတွေကို ဆောင်ရွက်မယ်လို့ ယုံကြည်ထားတယ်။ ကြားဖြတ် အစိုးရလည်း မဟုတ်ဘူး။
● နောက်လူမှုရေးကိစ္စမှာကော ခင်ဗျာ။
တော်တော်လေးကို လေးလေးနက်နက် ရှိလာမယ်။ လေးလေးနက်နက် ရှိမယ်ဆိုတာက ကျွန်တော်တို့ ရက်ပိုင်းတွေ အတွင်းမှာ တည်ရှိနေတဲ့ ကြာသပတေးဂြိုဟ်ရယ်၊ စနေဂြိုဟ်ရယ်၊ ရာဟုဂြိုဟ်ရယ် အနေ အထားတွေက လူတွေရဲ့ အနေအထားတိုင်းမှာ ရှိရင်းစွဲ စည်းကမ်းတွေ ဖောက်ဖျက်ဖို့ ၀န်မလေးဘူး။ နောက်ပြီးတော့ လမင်းလမ်းကြောင်း စောင်းထားတဲ့ အနေအထား ပြန်ဖြောင့်လာပြီး လူတွေရဲ့ လူမှုဖောက် ပြန်မှုတွေ၊ လှုံ့ဆော်မှု စိတ်တွေက ပြီးခဲ့တဲ့နှစ်တွေထက် လျော့ပေမယ့် တည်ရှိနေဆဲဖြစ်တယ်။ အဲဒါ အရေးကြီးတယ်။ ပြည်တွင်းမှာရှိတဲ့ အမှုအခင်းများစွာသည် အဲဒီ ဖိုမဖောက်ပြန်မှုကိစ္စ၊ လူမှုရေး ဖောက်ပြန်မှု ကိစ္စကနေပြီးတော့ ဥပဒေဖောက်ပြန်မှုအထိ ဖြစ်နိုင်တယ်။ တခြားသော နိုင်ငံအကြီးအကဲတွေရဲ့ လူမှုရေး ပြဿနာတို့ ဘာတို့ကတော့ အဲဒီအထိ မရောက်ဘူး။
● နောက် ရာသီဥတုတွေမှာကော ဆရာ။
ကျွန်တော်တို့ အယူအဆအရ ဒီဘက်က လေနဲ့ ပတ်သက်တဲ့၊ လေထုနဲ့ ပတ်သက်တဲ့ ဖောက်ပြန်မှုရယ်၊ နောက်သဘာဝအရ မြေငလျင်နဲ့ ပတ်သက်တဲ့ ဖောက်ပြန်မှုရယ် ဂရုစိုက်ရမယ်။ ရေခန်းခြောက်မှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဂရုစိုက်ရမယ်။ ဗေဒင်အရ။
● နောက်ဆုံးအနေနဲ့ တစ်နှစ်တာလုံးရဲ့ ထူးခြားချက်တွေက ဘာများဖြစ်လာနိုင်မလဲ။
သူ့လနဲ့သူတော့ ရှိနေတာပါပဲ။ အဲဒီထဲမှာတော့ ထူးထူးခြားခြား မျှော်လင့်စရာကောင်းတဲ့ အနေအထား လေးတွေနဲ့ သတင်းအချက်အလက် ကောင်းလေးတွေ ပေါ်ထွက်နိုင်တာ ဒီ ဧပြီ ၂၀ နဲ့ မေ ၂၀ ကြာ၊ ဥပမာ မီဒီယာလို ဖမ်းဆီးခံ ပုဂ္ဂိုလ်တွေ ပြန်လွှတ်တာမျိုးတွေ၊ နောက်ပြီးတော့ ဖမ်းချုပ်ခံ ကလေးတွေလည်း ဒီသင်္ကြန်ဝန်းကျင်မှာ လွတ်ဖို့လမ်းကြောင်း ရှိပါတယ်။ သာယာဝတီအုပ်စုတွေ၊ နောက်ဇွန် ၂၀ နဲ့ ဇူလိုင် ၂၀ ကြားမှာ ကောင်းတဲ့ ဖြေလျှော့မှု ရှိနိုင်တယ်။ သြဂုတ် ၂၀ နဲ့ စက်တင်ဘာ ၂၀ မှာလည်းရှိမယ်။ လူတွေအားလုံး မျှော်လင့်ချက် ပြည့်စုံဖို့က ၂၀၁၆ ဇန်န၀ါရီ ၂၁ က စပြီးတော့ မတ် ၂၁ အထိကတော့ လူတွေလိုလားတဲ့ ကောင်းတဲ့ သတင်းစကားတွေ ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● နက္ခတ္တဗေဒဆိုင်ရာ နိုင်ငံရေးသိပ္ပံပညာရှင် (Astor-Political Scientist) – ဘဲလားလေဘာတီ
တိုင်းပြည်က ဆူပူခြင်း၊ ပြောင်းလဲခြင်း တွေ့ကြုံနိုင်တဲ့အတွက် အထူးသတိထားရမယ်။ သမ္မတကြီးလည်း ဘုန်းကံ လျော့ပါးလာပြီ ဖြစ်တဲ့အတွက် တိုင်းပြည်တွင်း မငြိမ်မသက်မှုကို ထိန်းသိမ်းနိုင်ဖို့လို . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေး – သင်္ကြန်ကာလအပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကို သုံးသပ်ပေးပါဦးဆရာ။
ဖြေ – မြန်မာနှစ်သစ်ကူးက တစ်ခြားနိုင်ငံတွေနဲ့ မတူဘူး။ အတာသင်္ကြန် ကျပြီးမှပေါ့။ နှစ်သစ်ကူးရဲ့ အတိတ်နိမိတ်အရ ပျော်ရွှင်ချမ်းမြေ့ခြင်း၊ အေးချမ်းခြင်း၊ သန့်ရှင်းခြင်း အတိတ်နိမိတ်နဲ့ ကျတာပေါ့။ ဗေဒင်အရ ပြောရရင် ဇာတာပေါ်မှာရှိတဲ့ ဂြိုဟ်တွေ အနေအထားတွေက အပြောင်းအလဲတွေ ရှိတတ်တယ်။ မြန်မာနိုင်ငံ အနေနဲ့က ဇာတာပေါ်မှာကြည့်ရင် လက်ရှိအပေါ်မှာရှိတဲ့ ဂြိုဟ်တွေရဲ့ တည်နေရာနဲ့ အချိုးကျနေတာတွေကို ကြည့်ရင် မြန်မာပြည် အနေအထားက တခြားနိုင်ငံတွေနဲ့ မတူဘူး။ အရှေ့နဲ့အနောက်မှာ သန်းပေါင်း တစ်ထောင်ကျော်ကြားမှာ ညပ်နေတဲ့အပြင် နယ်နိမိတ်အားဖြင့် ၅ ခုကြား ညပ်နေတော့ တိုင်းပြည်က အုပ်ချုပ်ရ ခက်တယ်။ ဒီနှစ်က မြန်မာပြည်က နှစ်စကတည်းက ဖုန်ကြားရှင်နဲ့ နယ်နိမိတ်ကြား စစ်ဖြစ်တယ်ဆိုတော့ မြန်မာနိုင်ငံက အနိဋ္ဌာရုံတွေ နှစ်စမှာ ဖြစ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော် လွတ်လပ်ရေး ဇာတာအရ တိုင်းပြည်က လွတ်လပ်ရေး ရကတည်းက ရောင်စုံ သောင်းကျန်းသူတွေနဲ့ ဖက်မွေးလာခဲ့ရတော့ တိုင်းပြည် အရေးအခင်း အဖုံဖုံနဲ့ ပြည်တွင်းစစ်အပါအ၀င် မငြိမ်းချမ်းခြင်းတွေကိုသာ ခေတ်အဆက်ဆက် သရုပ်ဆောင်လို့ နေရခြင်းသာဖြစ်သလို ရာဇပလ္လင် ပါပကတ္တိရိယုဂ် သင့်နေတာကြောင့် တိုင်းပြည်မှာ ဘယ်လိုမင်းပဲ တက်တက် မင်းနဲ့ပြည်သူ ကြည်ဖြူဖို့၊ သဟဇာတကျဖို့ အလွန်ခက်ခဲမယ်။ အနိဋ္ဌာရုံ ကင်းနိုင်လေ တိုင်းပြည်အတွက် ကောင်းလေဖြစ်တယ်။
ယနေ့ကောင်းကင်မှာ ဖွဲ့စည်းနေတဲ့ Chief Planet တို့ရဲ့ Combination တစ်ခုက နှစ်အတော်ကြာ နိုင်တာမို့ ယနေ့တိုင်းပြည်မှာ အနိဋ္ဌာရုံတွေကိုသာ ဖန်တီးနေတာမို့ ပြည်သူတွေကို လမ်းမပေါ် ဆွဲတင်ပေး နေတာ မျိုးလည်း လုံးဝ မဖြစ်သင့်သလို အဲဒီလိုပဲ ပြည်သူတွေကို လမ်းမပေါ် တွန်းချနေလို့လည်း တိုင်းပြည်မှာ အနိဋ္ဌာရုံတွေကို ဖန်တီးလာရုံကလွဲလို့ ဘာမှဖြစ်လာစရာ အကြောင်းမရှိနိုင်ဘူး။ ပြည်သူတွေကို လမ်းမပေါ် တွန်းပို့နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ဘယ်တော့မှ တိုင်းပြည်မှာ မင်းဖြစ်ခွင့်ရမှာ မဟုတ်သလို ဖြစ်ရင်လည်း ဇာတ်သိမ်းမလှ ဖြစ်တတ်တယ်။
မေး – နှစ်သစ်ကူးပြောင်းပြီး ၂၀၁၅ မှာ တက်လာမယ့် အကြီးအကဲတွေက ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ဖြစ်နိုင်သလဲ။
ဖြေ – မြန်မာနိုင်ငံရဲ့ မင်းအုပ်ချုပ်သူတွေရဲ့ ဘုန်းကံတွေက တစ်နှစ်ထက်တစ်နှစ် ကျလာတာကို တွေ့ရတယ်။ ဘယ်သူပဲတက်တက် တိုင်းပြည်က အကြောင်းအရာ တစ်ခုမဟုတ် တစ်ခုဖြစ်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ဆိုတာ နိုင်ငံတော်ဆိုတာ ဒီအုပ်ချုပ်သူမင်းတွေရဲ့ ဘုန်းကံနဲ့လည်း သက်ဆိုင်နေတာမို့လို့။ တစ်ခု ရှိတာက သမ္မတကြီး ဦးသိန်းစိန်က နောက်ထပ်နှစ်နှစ် ကံကောင်းနေသေးတယ်။ သူသာ သမ္မတဆက်ဖြစ်ဖို့ များတယ်။ သူသမ္မတဖြစ်ရင် နောက်ထပ် ၂ နှစ် တိုင်းပြည်က ဒီလို အနေအထားလေးပဲ ဖြစ်နိုင်တယ်။ ၂၀၁၈ ရောက်ရင် တိုင်းပြည်က ဆူပူခြင်း၊ ပြောင်းလဲခြင်းတွေ ကြုံနိုင်တဲ့အတွက် အထူး သတိထားရမယ်။ အဲဒီအချိန်က သမ္မတကြီးလည်း ဘုန်းကံ လျော့ပါးလာပြီ ဖြစ်တဲ့အတွက် တိုင်းပြည်တွင်း မငြိမ်မသက်မှုကို ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။
မေး – မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း အနေအထားအရ နိုင်ငံတည်ငြိမ်မှုက ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲ။
ဖြေ – ယနေ့ နိုင်ငံတော် ဇာတာအရနဲ့ နိုင်ငံတော်သမ္မတ ဇာတာတော်တို့အပြင် အတိုက်အခံ ဇာတာတို့အရ တိုင်းပြည်က စိုးရိမ်မှတ်တစ်ခုကို ရောက်နေတယ်။ ထူးခြားနေတာ တစ်ခုက နိုင်ငံတော် ဇာတာအပြင် တိုင်းပြည်မှာ အဓိကကျတဲ့ နိုင်ငံတော်သမ္မတနဲ့ အတိုက်အခံ ခေါင်းဆောင်တို့ ဇာတာ ၃ ခု လုံးနဲ့ ငြိသွားတာမို့ တိုင်းပြည်မှာ ဖြေရှင်းမရတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ရခြင်းဖြစ်တယ်။ အထူးသဖြင့် ၂၀၁၅ နှစ်ဦးမတိုင်ခင် နိုဝင်ဘာလလောက်ကတည်းက အာကာသမှာ ပလူတိုရယ်၊ ယူရေးနပ်စ်နဲ့ စနေဂြိုဟ်တို့က နိုင်ငံတော် ဇာတာရယ်၊ သမ္မတကြီး ဇာတာနဲ့ အတိုက်အခံ ခေါင်းဆောင်ဇာတာ ၃ ခုလုံးနဲ့ ငြိသွားခဲ့တယ်။ ဒါကြောင့် တိုင်းပြည်က ၂၀၁၅ နှစ်ဦးပိုင်းကတည်းက တရုတ်နယ်ခြား စစ်ပွဲကြီးကို ဆင်နွှဲရတဲ့အဆင့်ကို ရောက်သွားခဲ့ရ သလို အစိုးရအနေနဲ့ ကိုင်တွယ်ရန် ခက်ခဲတဲ့ ကျောင်းသား သပိတ်ကြီး တစ်ခုကို ဖန်တီးလာခဲ့ပြီး တိုင်းပြည်မှာ မငြိမ်းချမ်းမှု၊ အနိဋ္ဌာရုံတွေနဲ့ နယ်ခြားစစ်ပွဲကြီးတွေကို ပီပီပြင်ပြင် သရုပ်ဖော် ပေးလာခဲ့သည့်အပြင် ယနေ့ တရုတ်တွေက မြန်မာပိုင်နက်ကို ဗြောင်ကျူးကျော် ၀င်ရောက်လာလို့ တရုတ်အလံတွေကို မြန်မာ့မြေပေါ်ကို စိုက်ထူ လာကြတာတွေ မြင်နိုင်ကြမှာပါ။ တိုင်းပြည်တစ်ခုမှာ ပြည်တွင်းငြိမ်းချမ်းရေးက တိုင်းပြည်နဲ့ အမျိုး၊ ဘာသာ၊ သာသနာတို့ရဲ့ လုံခြုံရေးဆိုတော့ ပြည်တွင်း မငြိမ်းချမ်းမှုတွေနဲ့ အနိဋ္ဌာရုံတွေသာ လွှမ်းမိုးနေမယ် ဆိုရင် ဟင်္သာကိုးသောင်း ပျက်ကိန်းလို ဖြစ်သွားစေနိုင်တယ်။
မေး – ဒီမိုကရေစီစနစ်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်မလား။
ဖြေ – ဖြစ်ခြင်းပျက်ခြင်းတို့မှာ အကြောင်းတရားက ပေးထားတဲ့ Timeline တွေက ရှိနေတော့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ အနေအထားအရရော နိုင်ငံတော်ဇာတာပါ အကြောင်းတရားတွေအရရော ဒီတိုင်းပြည်က Fully ပြည့်ဝတဲ့ ဒီမိုကရေစီကို ဘယ်လိုမှ သွားလို့ မဖြစ်နိုင်ပါဘူး။ ဒီမြန်မာနိုင်ငံဆိုလည်း စစ်အစိုးရကနေ ဒီမိုကရေစီ ကို ပြောင်းလာတာပေါ့။ စစ်အစိုးရကနေ ဒီမိုကရေစီ ပြောင်းတဲ့နိုင်ငံတွေ၊ ကွန်မြူနစ်ကနေ ဒီမိုကရေစီ ပြောင်းတဲ့ နိုင်ငံတွေကို ကြည့်ရင် သွေးချောင်းတွေ စီးနေတယ်။ ရုရှားဆို ပြိုကွဲသွားတာပေါ့နော်။ အီရတ်ဆို အခုချိန်ထိ သွေးချောင်းစီးနေတယ်။ အီဂျစ်၊ လစ်ဗျား၊ ပါကစ္စတန် အားလုံးက ပြိုကွဲသွားတယ်။ မြန်မာပြည် တစ်ခုပဲ on the margin မှာ ရှိနေတယ်။ ဒါတွေမဖြစ်အောင်၊ မပြိုကွဲအောင် အတိုက်အခံ ခေါင်းဆောင်ပေါ် အများကြီး မူတည်တယ်။ နိုင်ငံရေးကို နိုင်ငံရေးနဲ့တူအောင် လှုပ်ရှားရတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ တည်နေရာ အရ ကျဉ်းထဲကျပ်ထဲ ရောက်နေတာမို့လို့ အားလုံးက နားလည်ပေးရမယ်။ Fully ဒီမိုကရေစီကို သွားလို့ကို မရဘူး။ အခု မြန်မာပြည်မှာ ဒီမိုကရေစီ ၅ နှစ် သက်တမ်းမှာ ဘယ်သူမှ သတိမထားမိကြဘူး။ စတုတ္ထ လူတန်းစားဆိုတဲ့ အခြေမဲ့ အနေမဲ့လူတွေ မွေးဖွားသွားပြီ။ အိန္ဒိယလို ဖြစ်နေပြီ။ ပြီးတော့ ကိုယ့်နိုင်ငံရဲ့ဇာတာ၊ တည်နေရာအရ အမေရိကန် ပေတံလို၊ စင်ကာပူလို စံတိုင်းလို့မရဘူး။ တိုင်းပြည်မှာ ဘယ်သူသမ္မတ ဖြစ်လာမလဲ ဆိုတာထက် ဘယ်သူဖြစ်သင့်တယ်၊ ဘယ်သူဖြစ်မှ တိုင်းပြည် လုံခြုံမှုရှိမှာ။ ဘုန်းကံရှိတဲ့မင်းတွေ မရှိရင် တိုင်းပြည်က ယိုင်သွားမယ်။ ၂၀၁၈ ဆိုရင် ပိုဆိုးသွားနိုင်တယ်။ သမ္မတဖြစ်ဖို့ကို မလုပ်ဘဲ လွှတ်တော်မှာ အင်အားရှိအောင် လုပ်ဖို့လိုတယ်။ ဒါမှအတိုက်အခံက အင်အားရှိမှ တိုင်းပြည်မှာ မဟုတ်တာ မလုပ်ရဲတော့ဘူး။ အတိုက်အခံက အဲဒီလိုထိန်းရမှာ။
မေး – ဒီနှစ်ထဲ ဆန္ဒပြတာတွေ ဟစ်တိုင်တွေ တောင်းဆိုမှု များလာရင် ဘယ်လိုအခြေအနေ ဖြစ်သွားနိုင်မလဲ။
ဖြေ – အထူးသဖြင့် လာမယ့်မေလ ၄ ရက်ကနေ ဇွန်လ ၁၆ ရက်အတွင်း တစ်ကြိမ် ပြဿနာတက်နိုင်တယ်။ လူတွေ လမ်းပေါ်တက်ရင်ပေါ့။ စက်တင်ဘာကနေ အောက်တိုဘာလအတွင်း လူတွေ လမ်းမပေါ်တက်ရင် မကောင်းဘူး။ လှုပ်ရှားမှုတွေ လုပ်ကြမယ်ဆိုရင် ရွေးကောက်ပွဲတောင် ရပ်သွားနိုင်တယ်။ ရွေးကောက်ပွဲ လုပ်မယ့်အချိန်က ဒေါ်စုဇာတာနဲ့ စေတန်တို့၊ မားစ်တို့နဲ့ ငြိတဲ့အတွက်ကြောင့် ဆန္ဒတွေစောမယ်။ ဒေါသဖြစ်စရာ တွေဖြစ်မယ်ဆိုရင် မကောင်းဘူး။ ၀င်မယ် မ၀င်ဘူး။
မေး – မြန်မာနိုင်ငံရဲ့စီးပွားရေး အနာဂတ်က ဘယ်လိုရှိလဲဆရာ။
ဖြေ – တကယ်တော့ မြန်မာပြည် စီးပွားရေးကို တိုးတက်တယ်ထင်တာ။ ဆုတ်ယုတ်နေတာ။ အားလုံးက import သွင်းကုန်တွေပဲ။ နိုင်ငံတစ်ခုက သွင်းကုန်များရင်မွဲပြီ။ မြန်မာပြည်ပစ္စည်းကို ဘယ်သူဝယ်မလဲ။ ကိုယ့်ဆီက ၀ယ်မှ ချမ်းသာမှာ။ အဲဒီတော့ စီးပွားရေးက ကျဆင်းနေတာပဲ။ ပြည်တွင်းစက်မှု လက်မှုလုပ်ငန်းရှင်တွေ ရှင်သန်ဖို့လိုမယ်။ ကိုရီးယားက အနှိပ်သည်ကအစ ဖွင့်ခွင့်ပြုတော့ မြန်မာပြည်မှာ ကိုယ့်လူမျိုးတွေ လုပ်စားစရာ မရှိတော့ဘူး။ နောက်နှစ်နှစ်ဆိုရင် ဘဏ်တွေပါ ယိုင်လာနိုင်တယ်။
နိုင်ငံတကာကိုပဲ လုပ်ခွင့်ပြုပြီး ပြည်တွင်းထုတ် ရှားလာရင် အလုပ်လက်မဲ့ကအစ များလာမယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေမှာဆိုရင် အနိဋ္ဌာရုံမရှိဘူး။ အနိဋ္ဌာရုံကင်းရင် တိုင်းပြည်ချမ်းသာမယ်၊ အမျိုးဘာသာ သာသနာ တည်မြဲမယ်။ လူတွေလည်း စိတ်ချမ်းသာမယ်။
မေး – လာမယ့် တစ်နှစ်တာ ကာလအတွက် အနာဂတ်နိုင်ငံတကာ ဆက်ဆံရေးက ဘယ်လိုမျိုး ဖြစ်လာမလဲ။
ဖြေ – မြန်မာပြည်အနေနဲ့က နိုင်ငံတကာ ဆက်ဆံရေးက ဘာမှတော့ ထွေထွေထူးထူးတော့ မရှိဘူး။ ဖိအားပေး တာပဲ ရှိမယ်။
မေး – ရာသီဥတုနဲ့ ပတ်သက်လို့ သုံးသပ်ပေးပါဦး။
ဖြေ – ရာသီဥတုဆိုရင် တစ်ကမ္ဘာလုံး အတိုင်းအတာပါပဲ။ လာမယ့်နှစ်နှစ်အတွင်း ရာသီဥတု ကြီးကြီးမားမား ပြောင်းလဲတာ မတွေ့ရဘူး။ နက္ခတ်ဗေဒအရတော့ ကမ္ဘာကြီးက ပိုပြီး ခြောက်သွေ့လာပါမယ်။ ရေကြော မြေကြော ပြောင်းလဲတာတွေဖြစ်မယ်။
မေး – တစ်နှစ်တာလုံးအတွက် ထူးခြားမှုတွေအတွက် ဆရာရဲ့သုံးသပ်ချက်လေး ပြောပေးပါ။
ဖြေ – ရှေ့က ပြောခဲ့သလိုပါပဲ။ တိုင်းပြည်က တည်ငြိမ်ဖို့ လိုပါတယ်။ အနိဋ္ဌာရုံ ကင်းဖို့ လိုပါတယ်။ တိုင်းပြည်က အခုချိန် အရမ်းကို ထိရှလွယ်တော့ ခေါင်းဆောင်ပိုင်းတွေရော၊ ပြည်သူရော အားလုံးနားလည်ဖို့ လိုတယ်။ အဲဒီလိုမဟုတ်ဘဲ အခုအတိုင်း အတိုက်အခိုက်တွေနဲ့ ရှေ့ဆက်မယ် ဆိုရင် လာမယ့် ၂၀၁၈ မှာ ပြည်ထောင်စုကြီး ပြိုကွဲတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment