Tuesday, April 21, 2015

မန်းတွင် တစ်နာရီနီးပါးကြာ လောင်ခဲ့သော မီးကြောင့် အိမ်ထောင်စု ၃၆ စု အိုးမဲ့ အိမ်မဲ့ဖြစ်

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၂လမ်းနှင့် ၃၃လမ်းကြား၊ ၈၈လမ်းနှင့် ၈၉ လမ်းကြား၊ အကွက်အမှတ် (၂၆၈)၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ ဥယျာဉ်အုပ်ဝင်းရှိ ဦးစိုးဝင်းနေအိမ်မှ မီးဖြတ်စက် အပူလွန်ကဲရာမှ တစ်နာရီခန့်ကြာ လောင်ကျွမ်းခဲ့သော မီးကြောင့် အိမ်ထောင်စု ၃၆ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မန္တလေးတိုင်း၊ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Mandalay-Fire



အဆိုပါ မီးလောင်ကျွမ်းမှုမှာ ဧပြီ  ၂၀ ရက် မွန်လွဲ ၁ နာရီ ၅၀ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၃ လုံးမီး လောင်ဆုံးရှုံးခဲ့ကာ  မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

ထိုသို့မီးလောင်ခဲ့ခြင်းကြောင့် အိမ်ထောင်စု ၃၆ စု ၊ အိမ်ထောင်စုဝင်ပေါင်း ၂၅၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ ဒဏ်ရာရကာ  ဆုံးရှုံးမှုတန်ဖိုးကျပ် ၃၃ သိန်း ရှိသည်ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ တရားဝင် သတင်းထုတ်ပြန်ထားသည်။ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သူများအား အဆိုပါရပ်ကွက်ရှိ ရွှေဘုံသာဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည်။

မီးစတင်လောင်ကျွမ်းခဲ့သော အိမ်ရှင် ဦးစိုးဝင်းအား ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့က (ပ)၇၂/၂၀၁၅၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

Credit - Mizzima News

No comments:

Post a Comment