ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော် လွှတ်တော် အစည်းအဝေးများ ကျင်းပချိန်တွင်
သတ်မှတ်နေရာမှ အချိန်အကန့်အသတ်ဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို
လေ့လာကြည့်ရှုခွင့်ပြုသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေပြည်တော် လွှတ်တော် အဆောက်အအုံများကို ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၏ အစီအစဉ်ဖြင့် ဧည့်လမ်းညွှန်များ လိုက်ပါသည့် လေ့လာရေး ခရီးစဉ်များအတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက် လေ့လာရန် ခွင့်ပြုထားပြီး လွှတ်တော်အစည်းအဝေးများ ကျင်းပချိန်အတွင်း၌လည်း လေလ့လာရန် ခွင့်ပြုခြင်း ဖြစ်သည်။
ဧပြီလ ၉ ရက်မှ စတင်ပြီး နေပြည်တော် လွှတ်တော် အဆောက်အအုံများကို စမ်းသပ်ကာလအဖြစ် နှုန်းထားသတ်မှတ်ခြင်း မပြုဘဲ ရုံဖွင့်ရက်များတွင် ရုံးချိန်အတွင်း ခရီးသွားများကို လေ့လာကြည့်ရှုရန် ခွင့်ပြုထားသည်။
လွှတ်တော် အဆောက်အအုံများနှင့် လွှတ်တော် အစည်းအဝေးကျင်းပနေမှုများကို လေ့လာကြည့်ရှုလိုသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ၏ လေ့လာရေး ခရီးစဉ်များအတွက် ဟိုတယ်/ခရီး ဝန်ကြီးဌာနမှ တာဝန်ခံအဖြစ် ဆောင်ရွက်မည်ပြီး လွှတ်တော်ရုံးများသို့ အနည်းဆုံး သုံးရက် ကြိုတင် တင်ပြရမည် ဖြစ်သည်။
လေ့လာရေးအဖွဲ့များတွင် အဖွဲ့ဝင် ခရီးသွားများ၏ နိုင်ငံသား စိစစ်ရေးကတ်အပါအ၀င် လေ့လာမည့် ရက်၊ အချိန်တို့ကို သုံးရက်ကြိုတင် တင်ပြရမည်ဖြစ်ပြီး နိုင်ငံခြားသားများသည် နိုင်ငံကူးလတ်မှတ်များ ယူဆောင်လာရမည် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment