ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဒလမြို့နယ် အတွင်းတွင်
နွေရာသီရောက်ရှိချိန်တွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရလေ့ရပြီး လက်ရှိ
အချိန်တွင် သောက်ရေပြတ်လပ်မှုသာမက သုံးရေအခက်အခဲနှင့်ပါ ကြုံတွေ့လာနေရသည်ဟု
ယင်းမြို့နယ်တွင် သောက်ရေများ လှူဒါန်းနေသည့် ရှင်ရေးကူညီမှုအသင်းမှ
အလုပ်အမှုဆောင် ဦးမြတ်ဆွေက မဇ္ဈိမကို ပြောသည်။

ဦးမြတ်ဆွေက “ဒလဘက်မှာက နွေပေါက်တာနဲ့ ရေရှားလာတော့တာပဲလေ။ ဒီဘက်ကလူတွေက သင်္ကြန်တွင်း ပျော်ဖို့ရေ မသုံးနိုင်ဘူး။ သောက်ရေအတွက်ပဲ အဓိကထားသုံးနေရတယ်” ဟု ဆိုသည်။
ဒလမြို့နယ်ရှိ ကျန်စစ်သား၊ ကမာကဆစ်၊ ညောင်တုန်း၊ ဘုရင့်နောင်(၁) (၂)နှင့် တာကြီးရပ်ကွက်စသော ရပ်ကွက် ဆယ်ခုကျော်တွင် သောက်သုံးရေရှားပါးမှု အဓိက ကြုံတွေ့နေရသည်ဟုလည်း ၎င်းက ဆိုသည်။
သုံးရေအခက်အခဲဖြေရှင်းပေးရန် ဒလမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရေတွင်းတူး၍ ရန်ကုန်မြစ်မှ ရေသွယ်လှူဒါန်းခြင်း၊ ယင်းမြစ်ရေကို ကားများဖြင့်သယ်ကာ ရပ်ကွက်များသို့ ပို့ဆောင် ပေးခြင်းဖြင့် ဆောင်ရွက်ပေးရန် စီစဉ်နေသည်ဟုလည်း ဦးမြတ်ဆွေက ဆိုသည်။
ဒလမြို့နယ်သည် သောက်သုံးရေအတွက် အဝီစိတွင်းတူးပါက ရေငန်များသာထွက်ရှိ၍ မိုးရေလှောင်ကန်များမှ ရေကိုသာ အဓိကထား သုံးစွဲနေရသည့်မြို့နယ် ဖြစ်သည်။ နွေရာသီရောက်ရှိချိန်တွင် မိုးရေလှောင်ကန်များ လည်း ခန်းခြောက်လာ၍ သောက်ရေအတွက် အခက်တွေ့လာရခြင်း ဖြစ်သည်။
ယင်းသို့ရေပြတ်လပ်မှုမှာ ဧပြီလကုန်ပိုင်းတွင် ပိုမိုခက်ခဲလာခဲ့ပြီး သောက်ရေသာမက သုံးရေပြတ်လပ်မှုကို ပါကြုံတွေ့ လာနေရသည်ဟု ဦးမြတ်ဆွေကဆိုသည်။
၎င်းတို့ အဖွဲ့မှ ဒလမြို့နယ်ရှိ ရပ်ကွက် ၁၀ ခုကျော်ကို မတ်လ လဆန်းပိုင်းမှ စတင်ကာ တစ်ရက်လျှင် ၂၀ ဂရမ်ပါရေသန့်ဘူး တစ်ရာ လှူဒါန်းနေပြီး ငါးရက်လျှင် တစ်ကြိမ်နှုန်းဖြင့် လှူဒါန်းပေးနေသည်ဟုလည်းဆိုသည်။ ဒလမြို့နယ်သို့ ရေလှူဒါန်းပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည့် နာရေးကူညီမှု အသင်းမှ ဒေါ်ဧရာမောင်မောင်က” ဒီလိုမျိုးနွေရောက်ရင် ရေရှားပါးတာက ဒီဒေသခံတွေ့ကြုံနေကြပဲလေ။ ရေတူးလည်း ရေငန်ပဲထွက်တော့ ရေချို (မိုးရေ) သိုလှောင်နိုင်ဖို့က အဓိကပဲ။ ရေသိုလှောင်တာကို နည်းပညာပိုင်းကောင်းမွန်စွာနဲ့ စနစ်တကျ လုပ်ပေးနိုင်ဖို့ လိုအပ်တယ်” ဟု ဆိုသည်။
အလှူရှင်များအနေဖြင့်အမြဲတမ်း လှူဒါန်းနိုင်ရန် အခက်အခဲရှိနိုင်ပြီး သောက်သုံးရေ ပြတ်လပ်မှုကို ရေရှည်ဖြေရှင်းပေးနိုင်ရန်အတွက် ရေချို ထွက်ရှိသော နေရာများမှ ရေပိုက်များ သွယ်တန်း၍ ပို့ဆောင်ပေးခြင်းကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ဒေါ်ဧရာမောင်မောင်က ဆိုသည်။
ဒလမြို့နယ်မှ ဒေသခံ ရေအလှူရှင် တစ်ဦးဖြစ်သည့် ဦးဝင်းချိုက” ဒလမှာ ဘုံဘိုင်ရေ မရှိဘူး၊ သောက်ရေကန် တူးရတယ်၊ ကျွန်တော်တို့တွေ ကျွဲပုခုံးထအောင် ရေထမ်းခဲ့ရတယ်။ ခုနောက်ပိုင်း လူဦးရေက တိုးလာတယ်၊ ကန်အရေအတွက်က မတိုးဘူး၊ နွေက အရမ်းပူပြီး မိုးကျတာနောက်ကျရင် ကန်ရေ မရှိတော့ဘူး၊ လာလှူတဲ့ရေကိုပဲ သုံးရတယ်” ဟု ဆိုသည်။
ရေပြတ်လပ်မှုကြောင့် ဒလ-တွံတေး ကားလမ်းဘေးရှိ ရေလျှံတွင်းများရှိသည့် ရန်ကုန်ပေါက်ရွာမှ ဒလသို့ ရေသွယ်တန်းပေးမှုများ ရှိသော်လည်း လုံလောက်မှု မရှိဟုလည်း ၎င်းက ဆိုသည်။
၎င်းအနေဖြင့် တစ်နိုင်တပိုင် လှုဒါန်းသွားရန်လည်း ရှိနေပြီး လှူဒါန်းမည့်ရေကို ရန်ကုန်ပေါက်ရွာမှ သွားရောက်သယ်ယူ လှူဒါန်းမည်ဖြစ်ပြီး မိုးမကျမခြင်း လှူဒါန်းသွားမည်ဟု ၎င်းက ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment