Friday, April 24, 2015

ကျေးလက်ဖွံဖြိုးတိုးတက်ရေးသည် အခြေခံအကျဆုံးသော လုပ်ငန်းဖြစ်သည်

လွန်ခဲ့သော နှစ်လခန့်က ရဟန်းတော်တစ်ပါး မိမိတို့ သတင်းစာတိုက်ကို ကြွလာသည်။ ရဟန်းတော်မှာ စာတမ်းတစ်စောင်လည်း ပါလာသည်။ မိမိတို့သတင်းစာတိုက်တွင် ဖော်ပြလို့ဖြစ်နိုင်မည်ဆိုလျှင် ဖေါ်ပြပေးဖို့ လည်း မိန့်သည်။ စာမူခပင် မယူပါဘူးဟု ဆိုသည်။

သူ့အနေနှင့် သူ့ကြိုးပမ်းဆောင်ရွက်ထားမှုကို တိုင်းပြည်နှင့် တိုင်းပြည်က တာဝန်ရှိသူများ သိအောင်ဖေါ်ပြခွင့်ရလျင် ကျေနပ်ပါပြီဟု ဆိုသည်။

ရဟန်းတော်မြတ်၏ စာတမ်းမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်စစ်တမ်းဟု ခေါင်းစဉ်ပေးထားသည်။ အညာဘက်က ကျေးရွာကြီးတစ်ရွာအပေါ် အခြေခံကာ ယင်းကျေးရွာကြီးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စစ်တမ်းကောက်ယူခြင်းနှင့်
သည်အခြေခံအချက်အလက်များ အပေါ် မူတည်ကာ ယင်းကျေးရွာကြီး ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများကို အကြံပြုထားသည့် စာတမ်း ဖြစ်သည်။

သို့သော် သတင်းစာတွင် နေ့စဉ်ရက်ဆက် ဆက်တိုက်ဖော်ပြရန် အခက်အခဲရှိခြင်းနှင့် စာတမ်းမှာ တစ်ပိုင်းစီဖော်ပြရန် တချို့အချက်အလက်များက အခက်အခဲရှိနေသဖြင့် ဖော်ပြနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါ။

မိမိတို့တိုင်းပြည်သည် စိုက်ပျိုးရေး အဓိက အားထားရသည့် တိုင်းပြည်ဖြစ်သည်။ စိုက်ပျိုးရေး နိုင်ငံပင် ဖြစ်သည်။ ယင်းစိုက်ပျိုးရေးလုပ်ငန်း အားလုံးကို ကျေးလက်နေပြည်သူများကသာ လုပ်ဆောင်ကြရသည်။

ကျေးလက်ပြည်သူ အရေအတွက် နိုင်ငံ့လူဦးရေ၏ ရှစ်ဆယ်ရာခိုင်နှုန်းထက်ပင် ကျော်သည်။ ထို့ကြောင့် ကျေးလက်ဒေသနေ ပြည်သူများ စားဝတ်နေရေး စီးပွားရေး အခြေအနေသည် မိမိတို့တိုင်းပြည်၏ စားဝတ်နေရေး စီးပွားရေးအခြေအနေပင် ဖြစ်သည်။

ကျေးလက်နေ ပြည်သူများကို ကြည့်ပြီး တိုင်းပြည်၏ အခြေအနေကို မလွဲမသွေ အကဲခတ်လို့ ရနိုင်ပါသည်။

မိမိတို့ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးကြသည်ကို မည်သူမျှ မငြင်းနိုင်ပါ။ အနေအထိုင် အစားအသောက် ဒုက္ခရောက်ကြသည်မှာလည်း မည်သူမျှငြင်းနိုင်မည် မထင်ပါ။

ထို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအလုပ်သည် လုပ်ကိုလုပ်ရမည့် အလုပ်ဖြစ်သည့်အပြင် နေ့ရွှေ့ညရွှေ့ လုပ်နေလို့ မဖြစ်သည့် အလုပ်ဖြစ်သည်။ ယခင်အစိုးရများ အဆက်ဆက်က ကျေးလက် ပြည်သူများ အနေအစား မြင့်မားရေး ဆောင်ရွက်မှုများ ပြောခဲ့ဆိုခဲ့ ကြွေးကြော်ခဲ့ ဆောင်ရွက်ခဲ့သည်များ မရှိမဟုတ် ရှိတော့ ရှိခဲ့ပါသည်။

သို့သော် လက်တွေ့မှာ ယင်းကြွေးကြော်သံများ စီမံချက်များက လေထဲတွင်သာ ပျောက်ကွယ်သွား ကြရသည်။ မိမိတို့ပြည်သူများမှာ ဒုံရင်းတွင်မက ဒုံရင်းထက်ပင် ပိုပြီး အောက်သို့ဆင်းလာခဲ့ကြရသည်။

ယခုအခါ ကျေးလက်နေ လူငယ်နှင့်လူလတ်ပိုင်းများသည် မိဘလက်ငုတ်လက်ရင်း လယ်ယာ စိုက်ပျိုးခြင်း အလုပ်ကို ပစ်ချထားခဲ့ကာ တခြား အလုပ်အကိုင် အဆင်ပြေရာ ဒေသအသီးသီးသို့ ထွက်ခွာနေကြပြီဖြစ်သည်။

အများစုသည် တိုင်းတပါးသို့ ထွက်ခွာသွားကြသည်။ ကျေးရွာအများစုတွင် ပညာရေးလိုက်စားမှု အရှိန်အဟုန်မှာ ထိုးဆင်းသွားရသည်။ သားသမီး နှစ်ယောက်ရှိလျင် တစ်ယောက်သာ ကျောင်းထားနိုင်သည့် အခြေအနေမှ ယခုအခါ နှစ်ယောက်စလုံး ကျောင်းမထားနိုင်သည့် မိသားစုများ များသထက် များလာနေသည်။

ကျေးလက် လမ်းပမ်းများ၊ အိမ်သာများ၊ အိုးအိမ်များမှာ ယခင်ကထက်ပင် ပိုပြီး ဖရိုဖရဲဖြစ်လာနေသည်။ လူလတ်တန်းစား လယ်သမားများသည် မြေမဲ့ယာမဲ့ဘဝသို့ တွန်းပို့ခြင်း ခံနေရသည်။ လယ်ပိုင်ရှင်ဘဝမှ လယ်ကူလီဘဝသို့ အလုံးအရင်းနှင့် ရောက်ကုန်ကြရသည်။ လယ်ကူလီများသည် မိမိတို့ဒေသကို စွန့်ခွာကာ အစာသစ် ရေသစ် ထွက်ရှာကြရသည်။

အထက်ပါ အခြေအနေများမှာ ကျေးလက်ဒေသ ယေဘုံယျအခြေအနေများ ဖြစ်သည်။ သည်အခြေအနေများမှ မြင့်တက်ပြောင်းလဲလာဖို့ ဆိုသည်မှာ သမဝါယမမှ ငွေတိုးချေးပေးခြင်းဖြင့်လည်း မဖြစ်နိုင်သလို လယ်သမားများကို ဇိကုတ်နတ်ပြည်တင်သလို စီမံကိန်းသီးနှံနှင့် စိုက်စရိတ်ဘဏ် ငွေချေးငှား ခြင်းများဖြင့်လည်း မအောင်မြင်နိုင်ပါ။

သည်အတိုင်း အောင်မြင်အောင် ဆောင်ရွက်ခဲ့သည်မှာလည်း ရာစုနှစ် တစ်ခုနီးပါး ကြာမြင့်စွာ ဖြတ်သန်းလာခဲ့သည့် ကျေးလက်သမိုင်း အခြေအနေက အဖြေပေးထားပြီးဖြစ်သည်။

ထို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည်ဆက်လက်ရှင်သန်ရေးအတွက် အရေးကြီးသော စိန်ခေါ်မှုကြီး ဖြစ်လာခဲ့သည်။ မိမိတို့နိုင်ငံ လဲပြိုကျမသွားစေရေးမှာ ကျေးလက်ဒေသ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ်တွင် အဓိက တည်ရှိနေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။


Credit - Mizzima News

No comments:

Post a Comment