Tuesday, April 21, 2015

လက်ပတ်နီကိစ္စ ရှင်းကြရအောင် – မြိုင်-တင်လှိုင်

 ကျောင်းသားများနှင့် ၎င်းတို့ကို ထောက်ခံဆန္ဒပြသူများ၏ လုပ်ရပ်နှင့် ၎င်းတို့ကို အကြမ်းဖက်ဖြိုခွဲ သူများတွင် မည်သူသည် အခြေခံဥပဒေပုဒ်မ ၃၅၄ ကို ဖောက်ဖျက်သူဖြစ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လက်ပတ်နီဝတ် အရပ်သားများသုံး၍ ရွှေပြည်သာ အလုပ်သမား ဆန္ဒပြမှုနှင့် ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့တွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ထောက်ခံဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီး၍ လူစုလူဝေးကို ကိုင်ကွယ် ဖြေရှင်းခဲ့ကြသည်။ ထိုသို့ လက်ပတ်နီဝတ် အရပ်သားများကို အသုံးပြု၍ ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းပုံသည် ဥပဒေနှင့် ညီမညီ စဉ်းစားနိုင်ကြစေရန်နှင့် မည်သူ့တွင် တာဝန်ရှိသည်ကို ဆုံးဖြတ်နိုင်ရန် ဥပဒေပြဋ္ဌာန်းချက်ကို တင်ပြလိုပါသည်။

အကြမ်းအားဖြင့်ကြည့်လျှင် ထိုပြဿနာကို ဥပဒေနှင့်ညီကြောင်း ရှင်းပြနေသူများတွင် တာဝန်ရှိပါသည်။ ထိုသို့ ရှင်းပြနေသူမှာ ၎င်းတွင် တာဝန်ရှိ၍သာ ရှင်းပြနေခြင်း ဖြစ်ပါသည်။ သို့သော် ခံရသူများနှင့် မကျေနပ်သော ပြည်သူများသည် မည်သူက ထိုလက်ပတ်နီများကို ၀တ်စေ၍ ဆန္ဒဖော်ထုတ်သူများကို ဖြိုခွဲရန်ခိုင်းသည်ကို အတိအကျ မသိကြပါ။ ထို့အတွက် ဖော်ထုတ်ပေးမည့်သူမှာ ဥပဒေသာ ဖြစ်ပါသည်။ ပထမဦးစွာ ဆန္ဒထုတ်ဖော် ကြသူများသည် ဥပဒေပါ အခွင့်အရေးဖြစ်ပါသလား၊ မဖြစ်ဖူးလားဆိုသည့် မေးခွန်းဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် ““နိုင်ငံသားတိုင်းသည်၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်””ဟု ပြဋ္ဌာန်းထားပါ သည်။ အဲဒီသုံးစွဲခွင့်တွေကတော့ (က)မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်။ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်နှင့် အခြားကိစ္စများ ပါဝင်ပါသည်။ (က) (ခ)မှာ ယခု ဆန္ဒဖော်ထုတ်မှုများနှင့် သက်ဆိုင်၍ ကျန်အချက်များကို မဖော်ပြတော့ပါ။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်ဟု ယုံကြည်ချက်၊ ထင်မြင်ယူဆချက် များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းသည်၊ ပုဒ်မခွဲ(က)အရ အညီအညွတ် မဖြစ်သလော။ ကျောင်းသားများသည် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်နှင့် အညီအညွတ် မဖြစ်ပါ သလော။ မေးခွန်းများ မေးရန်ရှိ ပါသည်။ ကျောင်းသားများကို လက်ပတ်နီများဖြင့် အကြမ်းမဖက်ခင် လက်နက်ပါမပါ ရှာဖွေခြင်း ပြုပါသလား၊ သို့မဟုတ် မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများကို ထောက်ခံ သူအစုအဖွဲ့ လူစုလူဝေးတွင် လက်နက်ပါ မပါ ပထမစစ်ဆေးပါသလား၊ ပိုစတာများတွင် မိမိတို့၏ဆန္ဒကို ရေးသားပြီး ကိုင်ပြထားခြင်းသည် ငြိမ်းချမ်းစွာစုဝေးခြင်း၊ လှည့်လည်ခြင်း မဟုတ်ပါသလား၊ ထိုအချက်များကို ပြည့်စုံမှုရှိမရှိ စိစစ်ခဲ့ကြပါသလား။ ထိုသို့ မဟုတ်ပါဘဲ လူစုခွဲကြ၊ ခွဲရင်ဆိုပြီး လက်နက်ကိုယ်စီ၊ ဒိုင်းကိုယ်စီ ကိုင်ထားကြသူ ရဲများက ယူဆောင်လာသော တုတ်များဖြင့် အတင်းဝင်+ရိုက်၊ လက်ပတ်နီများက မိန်းကလေးများကို လည်ပင်းညှစ်၊ ယောက်ျားကလေးများကို အတင်းဝင်၍ လက်သီးဖြင့် ထိုး၊ ပါးရိုက်၊ ကန်ကျောက် လုပ်ကြခြင်းသည် ဥပဒေနှင့် အညီအညွတ်ဖြစ်ပါသလား၊ ထိုသို့ ပြုလုပ်ခြင်းသည် လက်နက်မပါ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို မငြိမ်းချမ်းအောင် အကြမ်းဖက်ပြုလုပ်ခြင်း မဟုတ်ပါလော။ ထိုသို့ ပြုလုပ်ခြင်းသည် ဥပဒေနှင့်အညီ ဖြစ်ပါသလား၊ အခြေခံဥပဒေကို ဖောက်ဖျက်သူက မည်သူဖြစ်ပါသနည်း။ ဤသည်မှာ ကျောင်းသားများနှင့် ၎င်းတို့ကို ထောက်ခံဆန္ဒပြသူများ၏ လုပ်ရပ်နှင့် ၎င်းတို့ကို အကြမ်းဖက် ဖြိုခွဲသူများတွင် မည်သူသည် အခြေခံဥပဒေပုဒ်မ ၃၅၄ကို ဖောက်ဖျက်သူ ဖြစ်သည်ကို စဉ်းစားနိုင်ရန် ဖြစ်ပါသည်။

မြန်မာသံတော်ဆင့် အတွဲ(၄)အမှတ်(၄)၌ လက်ပတ်နီကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး နယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့် ဆွေးနွေးရာတွင် ဥပဒေ ၁၂၇၊ ၁၂၈ ထဲမှာ ပါပြီးသားပဲဟု သာမန်ဆွေးနွေး ပြောပြသွားပါသည်။ ထို့ပြင်““နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတချို့ လုပ်နေတယ်။ အရင်တုန်းကလို အပေါ်ကနေ (Top-Down) ပုံစံမျိုး မဟုတ်တော့ဘူး။ တကယ့်အောက်ခြေကနေ လုပ်ရမယ့် အနေအထား၊ အောက်ခြေမှာ လွတ်လွတ်လပ်လပ်၊ ငါတို့ကတော့ အုပ်ချုပ်ရေးမှူးတွေ၊ အောက်ခြေမှာရှိတဲ့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်သူ့ အဆင့်နဲ့သူ (Decentralization) လျှော့ချတဲ့ အနေအထားကို လုပ်ခိုင်းတာ လုပ်တတ် ကိုင်တတ်အောင်”” စသည်ဖြင့် ပြောပါသည်။ ထိုနောက် ဆက်ပြောသည်မှာ ““အထက်က ညွှန်ကြားမှ လုပ်တယ်ဆိုတာ၊ ဒါမဟုတ် ဘူး ..ဥပဒေနဲ့အညီ ဆောင်ရွက်ပါဆိုပြီး တို့ညွှန်ကြားပြီးသားဖြစ်တယ်”” ဆိုတော့ အဲဒီအချိန် အဲဒီနေ့က အဲဒီနေရာမှာ ကွပ်ကဲညွှန်ကြားသော အနီးကပ်ပုဂ္ဂိုလ်ဆိုတာ ပြောသွားသလို ဖြစ်နေပါသည်။

ဤတွင် ဗိုလ်မှူးကြီးတင်ဝင်း ပြောပြသည့် ဥပဒေ ၁၂၇၊ ၁၂၈ ဆိုသည်မှာ မည်သည့်ဥပဒေဟု ပြောမသွားပါ။ သို့သော်လည်း ဥပဒေပညာ သင်ဖူးပြီး လူစုလူဝေးကိစ္စဖြစ်၍ ပြစ်မှုကျင့်ထုံး ဥပဒေတွင် ရှာဖွေကြည့်ပါသည်။ ထိုဥပဒေတွင် ၎င်းပြောသော ပုဒ်မ ၁၂၇၊၁၂၈ တို့ကို ဖတ်ကြည့်ပါသည်။ အခန်း ၉ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးများ ခေါင်းစဉ်အောက်၌ ပုဒ်မ ၁၂၇(၁)ကိုတွေ့ရပါသည်။ ပြဋ္ဌာန်းချက်ကတော့ ““မည်သည့်ရာဇ၀တ် တရားသူကြီး၊ သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိက မဆို တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေး တစ်စုံတစ်ရာကို သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်း ကို နှောင့်ယှက် ဖျက်ဆီးရန်ရှိသော လူ ၅ ဦးဖြစ်စေ၊ ယင်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေး တစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့ အမိန့်ပေးသည့် အခါတွင်လည်း ၎င်းအစုအဝေးတွင် ပါဝင်သူတို့သည် အမိန့်ပေးခဲ့သည့်အတိုင်း လူစုခွဲရန် တာဝန်ရှိသည်””။ ထိုအခါ ဥပဒေအရ ကြည့်လျှင် ဥပဒေ နှင့် ဆန့်ကျင်သော အစုအဝေးဖြစ်ရမည်။ ပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက် ဖျက်ဆီးရန်ရှိသော ဆိုသည့် အတွက် လက်နက်မပါဘဲ ဆိုင်းဘုတ်ကိုင် လျှောက်လာခြင်းသည် လည်းကောင်း၊ ပြည်သူများက ထောက်ခံ သည်ကို လည်းကောင်း နှောင့်ယှက်ခြင်း၊ ငြိမ်းချမ်းခြင်းကို ဖျက်ဆီးခြင်း ဖြစ်မဖြစ် စဉ်းစားရန်သာ ရှိပါသည်။ ထို့ကြောင့် အများပြည်သူ ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးမှသာ လူစုခွဲဖို့ အမိန့်ပေးရမည်။ ထိုသို့မဟုတ်က လူ ၁၀၀၊ ၁၀၀၀၀ ဖြစ်စေခါမူ လူစုခွဲရန် အမိန့်မပေးနိုင်ပါ။ အခြေခံဥပဒေပုဒ်မ ၃၅၄(က) (ခ)တို့က ခွင့်ပြုထား၍ ဖြစ်သည်။ သို့ဖြစ်လျှင် တာဝန်ရှိသည် ဆိုသူတို့၏ ပြုလုပ်ချက်က ပြည်သူ့ ငြိမ်းချမ်းရေးကို နှောင့်ယှက် ဖျက်ဆီး သလား၊ အေးအေးချမ်းချမ်း သူ့ဆန္ဒသူ ဖော်ထုတ်သူက ဖျက်ဆီးသလား စဉ်းစား၍ရမည် ဖြစ်ပါသည်။

ထို့ပြင် အများပြည်သူ ငြိမ်းချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးသူဖြစ်ပါက ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၁၂၈တွင် ““အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင်၊ သို့မဟုတ် ထိုသို့ အမိန့်မပေးပါက လူစုလူဝေးကို မုချဖျက်မည့် အကြောင်း ထင်ရှားစေသည့် အမူအရာကို ပြုလုပ်လျှင် မည်သည့်ရာဇ၀တ် တရားသူကြီး၊ သို့မဟုတ် မည်သည့် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူး၊ သို့မဟုတ် ဒုရဲအုပ် အောက်အဆင့် မနိမ့်သော ရဲအရာရှိကမဆို ထိုအစုအဝေးကို လူစုကွဲအောင် အင်အားသုံး၍ ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ကြည်း၊ ရေ၊ လေ တပ်သားအရာရှိ မဟုတ်သူ၊ သို့မဟုတ် မြန်မာနိုင်ငံ နယ်ခြားတပ် အက်ဥပဒေ၊ သို့မဟုတ် မြန်မာနိုင်ငံ အရန်တပ် အက်ဥပဒေအရ လက်နက်ကိုင် မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီ တောင်းနိုင် သည်။ ထိုသူများကို အင်အားပြုလုပ်၍ လူစုခွဲရမည်။ လိုအပ်လျှင် အစုအဝေးတွင် ပါဝင်သူတို့ကို လူစုခွဲရန်၊ သို့မဟုတ် တရား ဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်သည်””။ ဤပုဒ်မတွင် ““မုချမဖျက်မည့်အကြောင်း ထင်ရှားစေသည့် အမူအရာကို ပြုလုပ်လျှင်”” ဆိုသည့်အတွက် လူစုခွဲဆိုလျှင် ခွဲရန်ဟန်ပြုပါက၊ ကတိပေးပါက ဖမ်းဆီးချုပ်နှောင်ရန် မလိုပါ။ ထို့ပြင် ပုဒ်မ ၁၃၀၊ ပုဒ်မခွဲ (၂)တွင် ပြဋ္ဌာန်းထားသည်မှာ- ““ထိုတပ်မတော် အရာရှိတို့သည် ဆိုခဲ့သည့်အမိန့်ကို သင့်သည့်ထင်မြင်သည့် နည်းအတိုင်း လိုက်နာ ဆောင်ရွက်ကြရမည်။ သို့သော်လည်း လိုက်နာ ဆောင်ရွက်ရာတွင် အစုအဝေးကို လူစုခွဲရာတွင်ဖြစ်စေ၊ ထိုသူတို့ကို ဖမ်းဆီး ချုပ်နှောင်ရာတွင်ဖြစ်စေ၊ အင်အားအနည်းငယ်သာ သုံးပြီး လူများ၊ ပစ္စည်းများကိုလည်း အနည်းငယ်မျှသာ ပျက်ဆီးစေရမည်””ဟု ပြဋ္ဌာန်းထားဩ၍ အလွန်အကျွံ အငြိုးအတေးဖြင့် လွန်လွန်ကျူးကျူး မပြုလုပ်ရပေ။ ဤပုဒ်မတွင် အမိန့်ပေးသူမှာ ပုဒ်မ ၁၃၀ ပုဒ်မခွဲ(၁)အရ ရာဇ၀တ် တရားသူကြီးသာ ဖြစ်သည်။ ဗိုလ်မှူးကြီး တင်ဝင်းနှင့် မြန်မာသံတော်ဆင့်တို့ ဆွေးနွေးချက် အရလည်းကောင်း၊ ဥပဒေအရလည်းကောင်း အနီးကပ် အမိန့်ပေးနိုင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်တပ်မှ(ရှိပါက) အရာရှိ၊ မြို့နယ်တရားသူကြီး(တစ်ဦးဦး) တို့တွင်သာ တာဝန်ရှိနိုင်ပေသည်။

ထို့နောက် ပုဒ်မ ၁၃၂တွင် ““နိုင်ငံတော်သမ္မတ၏ အမိန့်မရှိဘဲ ဤအခန်းအရ ဆောင်ရွက်ရာ ရောက်သော မည်သည့် လုပ်ဆောင်ချက် အတွက်မဆို မည်သူတစ်ဦး တစ်ယောက်ကိုမျှ ရာဇ၀တ်တရားရုံး တစ်ရုံးတွင် တရားစွဲဆိုခွင့် မရှိစေရ။ ထို့ပြင် (က) ဤအခန်းအရ သဘောရိုးဖြင့် ဆောင်ရွက်သည့် ရာဇ၀တ်တရားသူကြီး၊ သို့မဟုတ် ရဲအရာရှိ။ (ခ)ပုဒ်မ ၁၃၁ အရ သဘောရိုးနှင့် ဆောင်ရွက်သည့် တပ်မတော်အရာရှိ။ (ဂ) ပုဒ်မ ၁၂၈ အရဖြစ်စေ ပုဒ်မ ၁၃၀ အရဖြစ်စေ ဆိုခဲ့သည့်အမိန့်နှင့်အညီ သဘောရိုးနှင့် လုပ်ဆောင်ခဲ့သူ။ (ဃ) လိုက်နာရန် တာဝန်ရှိသည့် အမိန့် တစ်စုံတစ်ရာကို လိုက်နာ၍ လုပ်ဆောင်ခဲ့သည့် လက်အောက်အရာရှိ၊ သို့မဟုတ် တပ်မတော်သား၊ သို့မဟုတ် စေတနာ့ဝန်ထမ်း တစ်ဦးတစ်ယောက်၊ မည်သူ့ကိုမျှ ဆိုခဲ့သည့်အတိုင်း ဆောင်ရွက်သည့် ပြစ်မှုအတွက် ပြစ်မှုကျူးလွန်သည်ဟု မမှတ်ယူစေရ”” ဟုပြဋ္ဌာန်းထားရာ အရေးကြီးဆုံး အချက်မှာ (သဘောရိုးနှင့် ဆောင်ရွက်သည့်)ဆိုသော ပြဋ္ဌာန်းချက်ပင်ဖြစ်ပါသည်။ သမ္မတက ခွင့်ပြုလျှင်လည်း စွဲနိုင်ပါသည်။

““ကဲ. . .မည်သူ့တွင် တာဝန်ရှိပါသနည်း။ စာရှုသူ။”” ပထမ တာဝန်ရှိသူမှာ မတရားသဖြင့် ဖြိုခွဲခံရသူများ ဘက်မှ တာဝန်ရှိပါသည်။ ဂျာနယ်ပေါင်းစုံမှ ဖော်ပြချက်များအရ ဓာတ်ပုံများမှာ ကျောင်းသား တစ်ဦးကို ရဲများက နံပါတ်တုတ်များဖြင့် ၀ိုင်းရိုက်နေ၍ ပုဆိုးကျွတ်နေပုံ၊ သံဃာတော်တစ်ပါးအား ရဲများက ၀ိုင်းရံထားပုံ၊ အမျိုးသမီးငယ် တစ်ဦးအား လည်ပင်းကို လက်ပတ်နီ ၀တ်ထားသူတစ်ဦးက လက်မောင်းဖြင့် တင်းကျပ်စွာ ဖက်ထားပုံများက သက်သေခံ ဓာတ်ပုံများ ဖြစ်နေပါသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၃၀(၂)အရ အစုအဝေးကို လူစုခွဲရာတွင်ဖြစ်စေ၊ ထိုသူတို့ကို ဖမ်းဆီး ချုပ်နှောင်ရာတွင်ဖြစ်စေ အင်အား အနည်းငယ်သာ သုံးပြီး လူများ၊ ပစ္စည်းများကို အနည်းငယ်သာ ပျက်စီးစေရမည်ဟု ပြဋ္ဌာန်းထားသည့်နှင့် လုံးဝဆန့်ကျင်ကာ မတရားသဖြင့် လူကိုရိုက်ခြင်း၊ လက်ပံတန်း ဖြစ်စဉ်တွင် သူနာပြုယာဉ်ကို အငြိုးတကြီး ဖျက်ဆီးခဲ့ကြပါသည်။ ၁၉၄၉-ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်း ဆုံးဖြတ်ချက်အရ ကြက်ခြေနီတံဆိပ်၊ လခြမ်းနီတံဆိပ်၊ သို့မဟုတ် ၎င်းတံဆိပ်ပါ ၀တ်စုံ ၀တ်ဆင်ထားသူဖြစ်စေ ဟန့်တားခြင်း၊ ပစ်ခတ်ခြင်း၊ အသက် အန္တရာယ်ပြုခြင်း၊ ဖျက်ဆီးခြင်းတို့ကို မည်သူမျှ မကျူးလွန်ရဟု ဖော်ပြထားပါသည်။ ထိုဂျီနီဗာကွန်ဗင်းရှင်း ဆုံးဖြတ်ချက်ကို ၁၉၉၂ ခုနှစ်၊ သြဂုတ်လ ၂၅ရက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ကြောင့် အဖျက်အဆီးခံရသော ကြက်ခြေနီကား ပိုင်ရှင်နှင့် ရိုက်နှက် ညှဉ်းပန်းခံရသော လူများက ထိုနေ့က ဥပဒေမဲ့ ကျူးလွန်ခဲ့သော ၂၀၁၅ မတ်လ ၁၀ရက်က လက်ပံတန်းတွင် ကြမ်းဖက်ဖြိုခွင်းခဲ့ကြသော လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှ ပါဝင်သူများ ရဲတပ်ရင်း (၁)၊ (၁၀)၊ (၁၁)၊ (၂)တို့မှ လုံထိန်းရဲတို့ကို တရားစွဲကြရပါမည်။ ထိုသို့တရားစွဲလျှင် နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်အမိန့် တောင်းခံရပါသည်။ ထိုအခါ ဒုတိယတာဝန်ရှိသူမှာ သမ္မတဖြစ်ပါသည်။ သမ္မတက ထိုဖြစ်စဉ်များတွင် ထိုသို့ အကြမ်းဖက် ဖြိုခွင်းသူများသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၃၀(၂)နှင့် မညီကြောင်း၊ နိုင်ငံတော် အထွတ်အထိပ် သမ္မတဆိုသော ဂုဏ်အင်္ဂါနှင့်အညီ မိမိဂုဏ်သိက္ခာအရ ခွင့်ပြုသင့် မသင့် ဆုံးဖြတ်ရပါမည်။ ထိုဖြစ်စဉ်ကို စုံစမ်းရေး ကော်မရှင်ဖွဲ့ထား၍ စစ်ဆေးမည် ဆိုသော်လည်း (ယခု စာရေးနေချိန် ၄-၄-၁၅) နေ့ထိ ၃ ပတ်ကျော် ကြာလာသော်လည်း မည်သို့ ဆောင်ရွက်နေကြောင်း သတင်းစာ၊ ဂျာနယ်တို့တွင် ပြည်သူသိရန် ဖော်ပြနိုင်ခြင်း မရှိသေးပါ။ အမှန်တကယ်တော့ ရဲတပ်ဖွဲ့များ၊ လုံထိန်း ရဲတပ်ရင်းများကို အမည်၊ ကိုယ်ပိုင်အမှတ်နှင့်တကွ ဖွဲ့စည်းထားရာ ထိုနေ့များက မည်သူတွေ မည်သည့် နေရာတွင် တာဝန်ချထားကြောင်း၊ စည်းကမ်းရှိသော လက်နက်ကိုင် တပ်ဖွဲ့များဖြစ်၍ အတိအကျ စာရင်းများ သက်ဆိုင်သူများထံတွင် ရှိနေပါသည်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွင်း ခြင်းသည် ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ပါသည်ဟု ပြောခြင်းမှာ ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၁၃၀(၂) ကိုမဖတ်ဘဲ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၃၁၊ ၁၃၂ တို့ကိုသာ လူပြောသူပြော၊ အနားပြာများပြောသည့် အတိုင်း ပြောနေဟန် ရှိပါသည်။ ဥပဒေကို လိုရာဆွဲမပြောသင့်ပါ။ မိမိသည် ၀န်ကြီးတစ်ဦး ဖြစ်သည်ကို သတိထား၍ ပြောသင့် ပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

No comments:

Post a Comment