ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင်အရေး တရုတ်သံရုံးရှေ့တွင်
ဆန္ဒဖော်ထုတ်ခဲ့သဖြင့် စွဲချက်တင်ခံထားရသည့် ဦးနေမျိုးဇင် အပါအ၀င် ၆ ဦးက
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအ၀င် ၂၀ ဦးကျော်ခန့်ကို တရားခံပြ
သက်သေအဖြစ် တရားရုံးသို့ လာရောက်ထွက်ဆိုပေးရန် လျှောက်တင်ထားခြင်းကို
ဒဂုံမြို့နယ် တရားသူကြီးက ဧပြီ ၂၃ ရက်တွင် ငြင်းပယ်သည်ဟု
အမိန့်ချမှတ်လိုက်သည်။

တရုတ်သံရုံးရှေ့တွင်
လက်ပံတောင်းတောင် အရေး ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံထားရသော နေမျိုးဇင်၊
ဦးသန်းဆွေ၊ တင်ထွဋ်ပိုင်၊ ဒေါ်နော်အုံးလှနှင့် ဒီမိုကရေစီအရေး
တက်ကြွလှုပ်ရှားသူအချို့တို့ ဖေဖော်ဝါရီလ ၂ ရက်က ဒဂုံမြို့နယ် တရားရုံးတွင်
ရုံးထုတ်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်စန်စန်းဝင်း၊ ဦးသန်းဆွေနှင့် ဒေါ်မြတ်နုခိုင်တို့ကို ဒဂုံမြို့နယ်တရားရုံးက ရုန်းရင်းဆန်ခတ်မှု၊ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် နိုင်ငံတော်အကြည် အညိုပျက်စေမှု ဥပဒေပုဒ်မများဖြစ်သည့် ၁၄၇/၃၅၃/၅၀၅ (ခ) တို့အပါအဝင် ငြိမ်းစုစီ ပုဒ်မ ၁၈ ဖြင့်ပါ စွဲချက်တင်ထားပြီး ဒေါ်မြတ်နုခိုင်ကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။
စွဲချက်တင်ခံထားရသူ ဦးနေမျိုးဇင် အပါအဝင် ၆ ဦးတို့က ၎င်းတို့အတွက် တရားခံပြသက်သေများကို ဆင့်ခေါ်စစ်ဆေးပေးပါရန် အသီးသီးလျှောက်တင်ကြပြီး အဆိုပါ တရားခံပြ သက်သေများတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးမြင့်ဆွေ အပါအဝင် စုစုပေါင်း တရားခံပြသက်သေ ၂၀ ဦးကျော် တင်သွင်းခဲ့သည်။
ထိုသို့ တင်သွင်းထားခြင်းကို ဒဂုံမြို့နယ် တရားသူကြီးက တရားခံပြ သက်သေများအဖြစ် တင်သွင်းထားသည့် ပုဂ္ဂိုလ်များသည် အခင်းဖြစ်ပွားရာနေရာ၌ရှိ မနေခြင်းနှင့် တရားခံပြ သက်သေများအဖြစ် ၂၀ ဦးကျော်ကို တင်သွင်းထားခြင်းကြောင့် အမှုကြန့်ကြာနေနိုင်ခြင်း စသည့်အချက်များကြောင့် တရားခံပြ အဆိုပါ ပုဂ္ဂိုလ်များကို တရားခံပြ သက်သေများအဖြစ် တင်သွင်းခြင်းကို ငြင်းပယ်သည်ဟု အမိန့်ချမှတ် လိုက်ခြင်းဖြစ်သည်။
ဒဂုံမြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက "တရားခံပြသက်သေ တင်သွင်းခြင်းကို တရားရုံးက ငြင်းပယ်လိုက်ပြီး လာမယ့်ရုံးချိန်းမှာ တရားစွဲခံထားရသူတွေရဲ့ အပြီးသတ် လျှောက်လဲချက်ကို ကြားနာသွားမှာပါ" ဟု ပြောသည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၉ ရက်က လက်ပံတောင်းအရေးနှင့် ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့မှုအတွက် တရုတ်သရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးနေမျိုးဇင် အပါအဝင် ခုနစ်ဦးကို ဒီဇင်ဘာ ၃၀ ရက်တွင် ဒဂုံမြို့မရဲစခန်းမှ အမှုဖွင့်ပြီး တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ပြီး လာမည့်ဧပြီ ၃၀ ရက်တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment