ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဧရာဝတီ သပိတ်စစ်ကြောင်း၏ သင်္ကြန်သံချပ်အဖွဲ့ဖြစ်သော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့နှင့် ဧရာဝတီသပိတ်စစ်ကြောင်း စတင်ထွက်ရှိရာနှင့် စောင့်ကြည့်သပိတ် စခန်းစတင်ဖွင့်လှစ် ထားရှိရာ နေရာဖြစ်သော ပညာပါရမီ အခမဲ့ပညာ ဒါနကျောင်း၏ ခွပ်ဒေါင်းပျိုသင်္ကြန် သံချပ်အဖွဲ့တို့၏ ပုသိမ်မြို့နယ်အတွင်း သံချပ်ထိုး၍ လှည့်လည် ဖျော်ဖြေမှုကို ဧပြီလ ၁၄ရက် (သင်္ကြန်အကျနေ့)ညနေ ၅ နာရီက ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူသတိပေးခဲ့ကြောင်း ခွပ်ဒေါင်းပျိုသံချပ်အဖွဲ့ ဦးဆောင်သူ ကိုကျော်နန်္ဒက ဧပြီ ၁၇ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
““ကျွန်တော်တို့ကို ၁၄ ရက် နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီး သတိပေးပါတယ်၊ ခွင့်ပြုမိန့် တောင်းခံဖို့နဲ့ ခွင့်ပြုမိန့် မရှိရင် မလှည့်လည်ဖို့၊ ခွင့်ပြုမိန့်မရှိဘဲ လှည့်လည်မယ် ဆိုရင် ဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်၊ ကျွန်တော်တို့ သံချပ်အဖွဲ့က ၀င်ပြိုင်တဲ့ အဖွဲ့မဟုတ်ပါဘူး၊ ဖျော်ဖြေရေးသက် သက်ပါပဲ၊ ငွေဆောင်နဲ့ပုသိမ်မြို့နယ် အတွင်းမှာပဲ ကားနဲ့လှည့်လည် ဖျော်ဖြေတာပါ။ မနှစ်ကလည်း ကျွန်တော်တို့ ဒီလိုပဲ ဖျော်ဖြေခဲ့ပါတယ်၊ ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး၊ ဒီနှစ်ကျမှ ခေါ်ယူ သတိပေးခံရတာပါ။ အခုအချိန်အထိတော့ တရားစွဲတဲ့ အကြောင်းကြားစာ မရောက်လာသေးပါဘူး””ဟု ကိုကျော်နန္ဒက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးအား မေးမြန်းရာ ““သူတို့အဖွဲ့က ခွင့်ပြုချက်မရှိဘဲနဲ့ သံချပ်ထိုးလို့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းပြီး သံချပ်အဖွဲ့ကို ခေါ်ယူသတိပေးတာ ဖြစ်ပါ တယ်၊ နောက်နောင် ဒီလိုမလုပ်ဖို့၊ လက်မှတ်ထိုးတာတို့ ဘာတို့လုပ်ခဲ့ ပါတယ်”” ဟု ပြန်လည်ဖြေကြား သည် ။
ဧရာဝတီ သပိတ်စစ်ကြောင်းမှ ကျောင်းသားများပါဝင်သော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သည် ဧရာဝတီတိုင်း အတွင်း မြို့နယ်အချို့သို့ လှည့်လည် ဖျော်ဖြေ ရာတွင် မြို့နယ်အသီးသီးရှိ ရဲတပ်ဖွဲ့မှူးများက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်တင်ရန် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ထံသို့ လာရောက် ပြောကြားမှုများ ရှိခဲ့သည်။
““ပုသိမ်က စထွက်ပြီး ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံမြို့တွေက မိဘပြည်သူတွေကို သွားရောက် ဖျော်ဖြေပေးခဲ့ပါတယ်၊ မြို့နယ်တိုင်းက ရဲမှူးတွေက ငြိမ်းစုစီတင်ဖို့ပြောတယ်၊ ကျွန်တော်တို့ကလည်း သင်္ကြန်နဲ့ သံချပ်ဆိုတာ ဒွန်တွဲနေတာပါ၊ သံချပ်အဖွဲ့တွေ အနေနဲ့ ငြိမ်းစုစီတင်ဖို့ မလိုပါဘူး၊ ဆင်ဆာအဖွဲ့ကို တင်ဖို့ ဆိုတာကလည်း ကျွန်တော်တို့အဖွဲ့က ၀င်ပြိုင်တဲ့အဖွဲ့လည်း မဟုတ်ပါဘူး၊ တင်ရင်ရော မဖြတ်တောက်ဘဲ ခွင့်ပြုပေးမှာလား၊ ကျွန်တော်တို့ သံချပ်အဖွဲ့တွေ ထဲမှာလည်း ပုဂ္ဂိုလ်ရေး ထိခိုက်စေတဲ့ စကားလုံး မပါပါဘူး၊ သင်္ကြန်မှာ သံချပ်ထိုးတာ၊ ကားနဲ့ လှည့်လည်တာကို ငြိမ်းစုစီ တင်ရမယ်ဆိုတာ မဖြစ်သင့်ပါဘူး””ဟု ဧရာဝတီ သပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်ပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်ခန့်ဇော်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အဆိုပါကိစ္စအား ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းပြန်ကြားရေး တာဝန်ရှိသူ ဒုရဲမှူးဦးစီး အောင်လှိုင်မိုးအား ဧပြီ ၁၇ ရက်တွင် မေးမြန်းရာ အဆိုပါ သံချပ်အဖွဲ့များအား မည်သည့် မြို့နယ်တွင်မျှ ယခုအချိန်အထိ အမှုဖွင့် တရားစွဲဆိုထားခြင်း မရှိကြောင်းနှင့် တရားစွဲဆိုရန်လည်း ညွှန်ကြားထားခြင်း မရှိကြောင်း မြန်မာသံတော်ဆင့်သို့ ဖြေဆိုသည်။
ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment