Thursday, April 23, 2015

သတင်းထောက်ကိုပါကြီး အသတ်ခံရ၍ အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆိုသူကို အလုပ်ကြမ်း နှင့် ထောင် ၆လချခံရ

man-bb004 copy copy

မန္တလေး (မဇ္ဈိမ) ။ ။ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး မန္တလေးတွင် တောင်းဆိုဆန္ဒပြသူ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအသင်း (MDCF) မှ ကိုသိန်းအောင်မြင့်ကို ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)ဖြင့် ဧပြီ ၂၃ရက်က အလုပ်ကြမ်း နှင့် ထောင် ၆လ အမိန့်ချမှတ်လိုက်သည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တရားရုံးက ၁၉ကြိမ်မြောက် ရုံးချိန်းတွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပြီး ရုံးချိန်းများအတွင်း တရားလို သက်သေ ၇ဦး၊ တရားခံသက်သေ ၄ဦးကို စစ်ဆေးခဲ့သည်။

"တရားစီရင်ရေးက ယိမ်းယိုင်နေတာမဟုတ်ဘူး။ တရားစီရင်ရေးက မရှိတော့တာ။ ကျွန်တော်တို့ကို ရည်ရွယ်ချက်ရှိရှိ ထောင်ချလိုက်တာ။ ဒီတရားရုံးက ကျွန်တော့်ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်တယ်။ ဒါဆို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်အိမ် မီးလောင်တုန်းက ဘာဖြစ်လို့ တရားသူကြီးတွေရော ရဲဘက်ကရော တရားစွဲဆို ဆောင်ရွက်တာမရှိဘူး။ ကျွန်တော်ကတော့ ဒီတရားစီရင်ရေးကို လုံးဝ အယုံအကြည်မရှိပါဘူး။ ဒီလာမယ့် ၂၀၁၅ မှာ နိုင်ငံရေးသမားတွေကို ရည်ရွယ်ချက်ရှိရှိ ထောင်ချနေတယ်လို့ ကျွန်တော်မြင်တယ်။" ဟု ကိုသိန်းအောင်မြင့်က မဇ္ဈိမကိုပြောသည်။

တရားသူကြီးက အမိန့်ချရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများဖြစ်သည့် "နိုင်ငံရေးသမားဆိုတာ စည်းကမ်းရှိရမယ်" စသည့် မိန့်ခွန်းများပြော၍ အမိန့်ချမှတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

"ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းနဲ့ အမိန့်ချတာကို ဘယ်တရားရုံးမှာမှ မမြင်ဘူးဖူး။ ကျွန်တော့်ကို စော်ကားတာမှ ခံသာသေးတယ်။ ဒါက တကယ်ဆို ဗိုလ်ချုပ်ကိုပါ ထပ်ပြီးစော်ကားလိုက်သလိုဖြစ်တယ်။ ဒါ့အပြင် မတရားအသတ်ခံခဲ့ရတဲ့ သတင်းထောက်ကိုပါကြီး အမှုကိုတောင် အမှုမှန်ဖော်ထုတ်မပေးနိုင်သေးဘူး။ ဒီအချိန်မှာ အမှုမှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုတဲ့ သူကိုကျတော့ ထောင်ချတယ်။ ဒါကလွဲမှားနေတာပါ။"ဟု ကိုသိန်းအောင်မြင့် က ဆက်လက် ပြောကြားသည်။

ကိုသိန်းအောင်မြင့်သည် သတင်းထောက် ကိုပါကြီး သေဆုံးမှုအတွက် အမှုမှန်ဖော်ထုတ်ပေးရန် ၂၀၁၄ခုနှစ် အောက်တိုဘာလက မန္တလေးမြို့တွင် ဆန္ဒပြခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထောင်ချခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ(၁၈) ဖြင့် တရားစွဲဆို အမိန့်ချမှုအနက် ယခုချမှတ်သည့် ပြစ်ဒဏ်သည် အများဆုံးလည်း ဖြစ်သည်။

"ငြိမ်းစုစီအရ သက်ဆိုင်ရာကို ခွင့်ပြုချက်မယူတဲ့အပြင် အစိုးရကို အလိုမရှိကြောင်း ပြောတဲ့အချက်။ အာဏာရူးတွေထွက်သွား ဆိုတဲ့ စကားတွေ သမ္မတ သိန်းစိန်၊ မင်းအောင်လှိုင် တာဝန်ရှိသည် ဆိုတဲ့ စကားအသုံးအနှုန်းနဲ့ ရိုင်းပြတဲ့ အနေအထားကို သုံးသပ်တွေ့ရှိရတဲ့ အတွက် တရားသူကြီးရဲ့ ဆင်ခြင်တုံတရား နဲ့ ဆုံးဖြတ်ပါတယ်။ တခြား တစ်စုံတစ်ရာ ဖိအားပေးခြင်းမရှိဘဲ တရားသူကြီးရဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်နဲ့ပဲ အမိန့်ချခဲ့ခြင်းဖြစ်ပါတယ်။"ဟု အာင်မြေသာစံမြို့နယ် တရားရုံးပြန်ကြားရေး အရာရှိ ဦးလွှမ်းမိုးအောင် က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအင်အားစု (MDCF) မှ ကိုသိန်းအောင်မြင့်သည် ၂၀၁၄ ခုနှစ် မတ်လက လျှပ်စစ်မီးတာခ တိုးမြှင့်ကောက်ခံမှုကို ဆန္ဒပြ၍ လွန်ခဲ့သည့် မတ်လအတွင်းက အလုပ်ကြမ်း နှင့် ထောင်ချခံထားရသူလည်း ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment