မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် ကုန်ဆုံး၍ ၁၃၇၇ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိလာပြီ ဖြစ်သည်။ ၁၃၇၇ ခုနှစ်သည် မြန်မာ့နိုင်ငံရေးအတွက် လွန်စွာ အရေးကြီးသော နှစ်တစ်နှစ်ဖြစ်သည်။ ယခုနှစ်အတွင်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် တစ်စုံတစ်ရာ အဖြေထွက်လာ နိုင်သကဲ့သို့ ပိုမိုဆိုးဝါးသော ပဋိပက္ခများဆီသို့လည်း ဦးတည် သွားနိုင်သည်။ နှစ်သစ်အစပိုင်း ကာလတွင် ဖြစ်ပေါ်လာ မည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများ လွှတ်တော်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေး အကောင်အထည်ဖော်မှုနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စတို့က ၁၃၇၇ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ပုံဖော်သွားလိမ့်မည်။ နှစ်ဦးကာလ အဆိုပါ နိုင်ငံရေးဖြစ်စဉ်များက ၂၀၁၅ ရွေးကောက်ပွဲအပေါ် များစွာ အကျိုးသက်ရောက် စေလိမ့်မည်။
ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုအတွက် ဟန်ပြသက်သက် မဟုတ်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများမှ ရလဒ်ကောင်းများ ပေါ်ထွက်လာရန် လိုအပ်သည်။ နိုင်ငံရေး တွေ့ ဆုံ ဆွေးနွေးမှုများမှနေ၍ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နှစ်ဖက်သဘောတူညီချက် တစ်စုံတစ်ရာ ရရှိမည်ဆိုပါက ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ကို ပြင်ဆင်ကောင်း ပြင်ဆင်နိုင်ပေလိမ့်မည်။ ဒီမိုကရေစီ ဘက်တော်သားများနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအတွက် အတိုင်းအတာ တစ်ခုအထိ ကျေနပ်မှု ရရှိသွားအောင် ပြင်ဆင်ပေးနိုင်မည်ဆိုလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု အာမခံ နိုင်လိမ့်မည်။
ရွေးကောက်ပွဲ မတိုင်မီကြားကာလ ဖြစ်သော ၁၃၇၇ ပထမနှစ်ဝက်၌ အကောင်အထည် ဖော်ရမည့် အဆိုပါ မျှော်မှန်းချက်များသည် ရွေးကောက်ပွဲ အလားအလာကို ပြဋ္ဌာန်းသွားမည်ဖြစ်သည်။ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုသည် မြန်မာပြည်သူလူထုက တစ်ခဲနက် တောင်းဆိုနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေးနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ၁၃၇၇ ပထမနှစ်ဝက်တွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်း အတန်အသင့် ပြေလည်မှုရရှိခဲ့မှသာ ၂၀၁၅ ရွေးကောက်ပွဲ ခရီးက ချောမွေ့ နိုင်ပေလိမ့်မည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးနှင့် ရွေးကောက်ပွဲ အလွန်၌ ထွက်ပေါ်လာမည့် ရွေးကောက်ခံ ပုဂ္ဂိုလ်များနှင့် တပ်မတော်တို့အကြား သဟဇာတ ဖြစ်ရေးတို့အတွက် အရေးပါသော နိုင်ငံရေး ခေါင်းဆောင်များ အကြား တွေ့ဆုံဆွေးနွေးမှုများကို ကြားကာလအတွင်း အကြိမ်ကြိမ် ပြုလုပ်ထားရန် လိုအပ်သည်။ ထို့ပြင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်၏ အနေအထားကို ပြန်လည်သုံးသပ်ကာ အများယုံကြည်သော ကော်မရှင်တစ်ရပ်ဖြစ်ရန် ပြင်ဆင် သင့်သည်။
ဆိုရလျှင် ၁၃၇၇ အတွင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ညင်သာ ချောမွေ့စေရေးသည် လက်ရှိ အာဏာရပါတီ ခေါင်းဆောင်များနှင့် တပ်မတော် အကြီးအကဲတို့၏ နိုင်ငံရေး အာသီသပေါ်တွင် မူတည်နေသည်။ မည်သို့ပင်ဖြစ်စေ နှစ်သစ်တွင် နိုင်ငံရေး အပြောင်းအလဲ တစ်စုံတစ်ရာ တွေ့မြင်ရရန် ပြည်သူအပေါင်းက မျှော်လင့်နေကြသည်။ ပြောင်းလဲလာနိုင်သည်ဟူ၍ ယုံကြည်နေသူများလည်း ရှိသည်။ အရေးကြီးသည်မှာ ပဋိပက္ခများဖြင့် အားလုံးအထိနာစေမည့် အပြောင်းအလဲမျိုး မဖြစ်စေရေးပင်။ ညင်သာ ချောမွေ့သော နိုင်ငံရေး အပြောင်းအလဲဖြစ်၊ မဖြစ် ဆိုသည်မှာ ရွေးကောက်ပွဲ မတိုင်မီ ကြားကာလဖြစ်သော ၁၃၇၇ ပထမနှစ်ဝက်၏ နိုင်ငံရေး အခင်းအကျင်းက အဆုံးအဖြတ် ပေးသွားနိုင်သည်။
အယ်ဒီတာ
(၁၇-၄-၂၀၁၅)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment