~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရင့်အရင် မဆလအစိုးရ လက်ထက်ကစလို့ စစ်အစိုးရ လက်ထက်တွေဖြစ်တဲ့ န၀တ၊ နအဖလက်ထက်အထိ ထွန်းကားခဲ့တဲ့ လက်ဆောင်ပဏ္ဏာ ယဉ်ကျေးမှု ပုံစံတစ်ခု ရှိပါတယ်။ အဲဒါကဘာလဲဆိုရင် သီးထပ် သီးညှပ်လို့ ခေါ်ရမယ့် ဘူးသွတ်၊အိတ်သွတ် ငွေသား လက်ဆောင်ပေးခြင်းပါ။ ဥပမာ အနေနဲ့ ပြောရရင် အရက်ဘူးထဲမှာ ပိုက်ဆံထည့်ပေးတာ၊ ဒါမှမဟုတ် မုန့်ဘူးထဲမှာ ငွေသား
ထည့်ပေးတာ၊ ဒါတင်လားမဟုတ်။ ကန်တော့ပစ္စည်း ဖြစ်တဲ့ ပုဆိုးတို့ ထဘီတို့ကြားမှာ အသပြာငွေကြေး ထည့်ညှပ်ပေးတာတို့ပါ။
ဒီအစဉ်အလာ ယဉ်ကျေးမှု တကယ့်ကို ထွန်းကားခဲ့တဲ့ အချိန်ကတော့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဖြစ်တဲ့ ဗိုလ်ခင်ညွန့် လက်ထက်မှာလို့ပဲ ပြောရမှာပါ။ အရာရာကို ထောက်လှမ်းရေးက ကိုင်တွယ်ထားတဲ့အချိန် ကိုယ့်လုပ်ငန်း အဆင်ပြေဖို့က ပေးမှ၊ ကမ်းမှ အဆင်ပြေတယ်ဆိုတော့ ဒီယဉ်ကျေးမှုက အတော့်ကို ရှေ့တန်း ရောက်ခဲ့တယ်လို့ ဆိုရမှာပါ။
ကန်တော့ပစ္စည်းတွေမှာ ညှပ်ကြ၊ ထည့်ကြ၊ သွတ်ကြတဲ့ တံစိုးလက်ဆောင်ကလည်း အမျိုးမျိုးပါ။ မြန်မာငွေလား၊ ဒေါ်လာလား၊ ဒါမှမဟုတ် ရွှေသားလား ဆိုတာကလည်း ကန်တော့ခံရတဲ့ သူရဲ့ အဆင့်အတန်းကို လိုက်လို့ ကွဲပြားပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီခေတ်ကာလက ရေပန်းစားခဲ့တဲ့ စကားတစ်ရပ် ရှိပါသေးတယ်။ ““အထုပ်မပါ အလုပ်မလာ၊ အထုပ်သေး အလုပ်နှေး၊ အထုပ်ကြီး အလုပ်ပြီး”” ဆို တဲ့စကားပါ။ ကိုယ့်ရဲ့အထုပ်ပေါ် မူတည်လို့ ““စိန်လိုချင်ရင်စိန်ဖြစ်ရမယ်၊ ရွှေလိုချင်ရင် ရွှေဖြစ်ရမယ်”” ဆိုတဲ့ သီချင်းစာသားအတိုင်း ““ပါမစ်လိုချင်ပါမစ်ဖြစ်ရမယ်”” ဆိုတဲ့ခေတ်ပါ။ ပါမစ်ခေတ် တစ်ခေတ်ဖြစ်တယ် ဆိုတော့ ပါမစ်လိုချင် ပါမစ်ဖြစ်ရမယ်လို့ ဆိုတာပါ။ အဲဒီအချိန်က မုန့်ဘူးထဲမှာ ကျပ်သိန်းဆယ်နဲ့ချီပြီး တွေ့ခဲ့တယ်ဆိုတဲ့ သတင်းတွေ၊ ရွှေချောင်းတွေ တွေ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း အားလုံး ကြားဖူးကြမှာပါ။
ဒီယဉ်ကျေးမှုက ဘယ်လောက်ထိတောင် ပျံ့နှံ့ခဲ့သလဲဆိုရင် ဆေးလိပ်ဘူးခွံထဲ ပိုက်ဆံထည့်ပြီး မိမိရဲ့နိုင်ငံကူး လက်မှတ်ရဖို့အတွက် ငွေခင်း ရတဲ့ ပြည်ထဲရေးဌာနမျိုးတွေ၊ ပြည်ပထွက်ခွာခွင့် ရဖို့အတွက် ဖိုင်တွဲကြားထဲ ငွေညှပ်ပြီး မြန်မြန်လုပ်ပေးဖို့ လုပ်ခဲ့ရတဲ့ သင်္ဘောသားရုံးတွေ၊ ပြည်တွင်း အခွန်ရုံးတွေထိတောင် ကူးစက်ခဲ့ ပါတယ်။ ဒါကို အဲဒီအချိန်က သင်္ဘောသား လုပ်ခဲ့ဖူးသူတိုင်း ကြုံတွေ့ခဲ့ရ၊ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေပါ။ ဒါတွေကလည်း သတင်းသမားမလုပ်ခင် သင်္ဘောသား ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုမှာ အေးဂျင့် လုပ်တုန်းက ကိုယ်တိုင်ဖြတ်သန်း လုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေပါ။ အဲဒီယဉ်ကျေးမှုပုံစံဟာ အစိုးရဌာနတိုင်းမှာလိုလို ဖြစ်ခဲ့တာပါ။ ထားချေတော့။
ဒါပေမဲ့လည်း ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေ ကုပ်စီးခံရတဲ့ အချိန်နောက်ပိုင်း အဲဒီယဉ်ကျေးမှုက အတော့်ကို လျော့သွားတယ်လို့ ဆိုရမှာပါ။ အဲဒီနောက်ပိုင်း တံစိုးလက်ဆောင်အဖြစ် ပိုပြီးတော့ အားကောင်း လာတဲ့အရာတွေက တန်ဖိုးကြီး အရက်ပုလင်း၊ နာရီ၊ ဘောပင်စတဲ့ အရာတွေပါ။ အရက်တစ်ပုလင်းကို သိန်းဆယ်ချီတန်တာတွေ၊ သိန်းဆယ်ချီတန် ဘောပင်တွေ၊ သိန်းဆယ်ချီတန်နာရီတွေက မုန့်ဘူး၊ မုန့်ပုံးတွေ နေရာမှာ အစားထိုး ၀င်လာပါတော့တယ်။ ဒီပစ္စည်းတွေက ပြန်သွင်းလို့ရတဲ့ ဆိုင်တွေကိုရောက်၊ ဆိုင် တွေကနေ ပြန်ဝယ်၊ ပြန်ပြီး လက်ဆောင်ပေး၊ ဆိုင်ပြန်ရောက်နဲ့ ချာချာလည်ပစ္စည်းတွေ ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်ကုန်ကော။
ဒီတော့ ကန်တော့ခံ မုန့်ပုံး၊ မုန့်ဘူးတွေထဲမှာ ငွေသားထည့်တာ၊ အရက်ပုလင်းထဲ ငွေသားသွတ်ထည့်ပေးတာ၊ အ၀တ်အထည်ထဲမှာ ငွေသားညှပ်တာတွေ ပပျောက်ကုန်ပြီလို့ ထင်ထားခဲ့တာပါ။ သမ္မတ ဦးသိန်းစိန်ကလည်း ငွေကျပ် ၃ သိန်းအထက် မယူဖို့ မှာထားပြီး လာဘ်စားမှုတိုက်ဖျက်ရေး ကော်မတီဖွဲ့ပြီး လုပ်တာတွေရှိ လာတယ်ဆိုတော့ ဒီယဉ်ကျေးမှုတော့ ပျောက်ပြီပေါ့။ ကျန်တဲ့ သိန်းချီတန်နာရီ၊ ဘောပင်၊ အရက်ပုလင်း ကတော့ ရှိနေသေးတယ်လို့ပဲ ထင်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အဲဒီဘူးသွတ်လက် ဆောင်ပဏ္ဏာ ဆက်တာဟာ ရှိနေပါသေးလားဆိုတာ သိလိုက်ရတယ်။
အရက်ပုလင်းထဲမှာ ပိုက်ဆံ သိန်းအုပ်တွေ ထိုးထည့်ထားတာ၊ ပုဆိုးတွေထဲမှာ သိန်းနဲ့ချီ ထည့်ထားတာကို တွေ့ခဲ့ရပါတယ်။ ဘယ်လို သိခဲ့တာလဲဆိုရင်တော့ အဲဒီလက်ဆောင်ပဏ္ဏာတွေကို လည်ပတ်ပေးနေတဲ့ အသိုင်းအ၀ိုင်း တချို့ဆီက သိရတာပါ။ တချို့ဆိုရင် အဲဒီလိုမျိုး အ၀တ်အစားထဲမှာ ပိုက်ဆံညှပ်ပြီး ပေးတာကို မသိလို့ ၀ယ်တဲ့ဆိုင်တွေ ပွသွားတာ၊ ဒါမှမဟုတ် ဆိုင်တွေက ပစ္စည်းတွေ စိစစ်တဲ့အချိန် ပိုက်ဆံတွေတွေ့လို့ ပြန်ပေးလိုက်တဲ့အခါ ပိုင်ရှင်အစစ်ဆီ မရောက်ဘဲ ကြားကနေ ပစ္စည်းလာသွင်းတဲ့သူက ပွသွားတာတွေ အများကြီး ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
ဒီဆောင်းပါးကို ရေးရတဲ့အကြောင်းရင်းကတော့ ဒီလိုမျိုး ငွေသား၊ ရွှေသားသွတ် ကန်တော့ခံဘူးသွတ် လက်ဆောင်ပဏ္ဏာ ယဉ်ကျေးမှု ရှိနေသေးတယ် ဆိုတာကို မီးမောင်းထိုးပြလိုရင်းပါ။ ဘာလို့များ အခုလိုမျိုး ငွေသား၊ ရွှေသားပါတဲ့ ကန်တော့ခံ ပစ္စည်းတွေ ဆက်သတဲ့ ယဉ်ကျေးမှုကြီးက ရှိနေသေးတာပါလဲ။ ရှင်းနေတာ တစ်ခုကတော့ လာဘ်ပေးလာဘ်ယူ ရှိနေသေးတယ် ဆိုတဲ့သဘောပါပဲ။ ဒီလိုမျိုး ယဉ်ကျေးမှုစနစ် ဆက်လက် တည်မြဲအောင် လုပ်သူတွေကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ထောက်လှမ်းရေး အကြွင်းအကျန် တွေလို့ပဲ အပြစ်တင်ရမှာပါ။ အရာရာကို ငွေလမ်း၊ ရွှေလမ်းခင်းမှ အဆင်ပြေတယ်ဆိုတဲ့ အသိတရားက အခုအချိန်အထိ ရှိအောင်လည်း စနစ်က ဖန်တီးပေးထားတုန်းပါ။
ဘယ်နေရာက ဘယ်စီမံကိန်းကိုကြည့်လိုက်၊ ဘယ်သူ့ရဲ့လုပ်ငန်းချည်းပဲ။ အဲဒီလူက အာဏာပိုင်ကို ဘယ်လောက်ထိ ရေလောင်းထားတယ်ဆိုတာ မသိလိုက်ဘူးလား ဆိုတဲ့စကားသံတွေဟာ ကြားမြဲကြား နေရတုန်းဖြစ်သလို အထက်မှာ ဖော်ပြခဲ့တဲ့ ဘူးသွတ်ကန်တော့ခံ ပဏ္ဏာဆက်သခြင်းဟာလည်း ရှိမြဲအတိုင်း ရှိနေဆဲပါ။ အထုပ်ပါမှ အလုပ်လာတဲ့စနစ်ကြီး ရှိနေသရွေ့ကတော့ ရွှေသား၊ ငွေသားသွတ် ကန်တော့ခံ လက်ဆောင်ပဏ္ဏာ စက်ဝိုင်းကြီးကတော့ လည်ပတ်နေဦးမှာပါပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment