Tuesday, April 21, 2015

ဖမ်းဆီးခံ ကျောင်းသားများ လွှတ်မြောက်ရေး သွေးဆေးကန်တွင် ငါးလွှတ်

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတန်းတွင် ပင်မ ကျောင်းသားသပိတ် ဖြိုခွင်းစဉ်နှင့် ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများ၊ ဝန်းရံသူ ပြည်သူများ လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ ရွှေတိဂုံဘုရား မြောက်ဘက်မုဒ် သွေးဆေးကန်တွင် ဧပြီ ၂၀ ရက် ညနေ ၄ နာရီက ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြုပွဲကို ကျောင်းသားများ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများက ဦးစီး  ပြုလုပ်ခဲ့ကြသည်။

Fish
အဖမ်းဆီးခံ ဒီမိုကရေစီ ပညာရေးလှုပ်ရှားသူ ကျောင်းသားများနှင့် ဝန်းရံ ပြည်သူများ လွတ်မြောက်ရေး ဇီဝိတဒါန ငါးလွတ် ကုသိုလ်ပြု ဆုတောင်းပွဲကို ဧပြီလ ၂၀ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ ရွေတိဂုံဘုရား မြောက်ဘက်မုဒ် သွေးဆေးကန်တွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)



ယင်းငါးလွှတ်ပွဲတွင် ငါးကောင်ရေ ၁,၀၁၀ ကောင် လွှတ်ခဲ့ပြီး ဖမ်းဆီးခံကျောင်းသားများ လွှတ်မြောက်ရေးအတွက် ဆုတောင်းခဲ့သည်။

လှည်းတန်းတွင် ဖမ်းဆီးခံကျောင်းသားများ လွှတ်မြောက်ရေး ဆန္ဒပြမှုကြောင့် ပုဒ်မ လေးခုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် မပိုပို၏ အစ်မဖြစ်သူ မအိပုံက “ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ လွှတ်မြောက်ရေးအတွက် ရည်ရွယ်ကျင်းပတာပါ။ ခရိုင်ပေါင်းစုံက ကျောင်းသားတွေနဲ့ လူမှုကွန်ရက်တွေကနေ စုစည်းပြီးတော့ ချိတ်ဆက်ပြီး လုပ်ဆောင်တာပါ” ဟု ပြောသည်။

CSO Forum မှ ကိုကျော်ကျော်လွင် “ဒီလိုမျိုး ငါးလွှတ်တယ်ဆိုတာကတော့ ယုံကြည်မှုတစ်ခုနဲ့ လုပ်တာပါ။ ဗုဒ္ဓဘာသာ အယူအဆ ကောင်းသော ရိုးရာဓလေ့ပုံစံနဲ့ လုပ်ခဲ့တာပါ” ဟု ပြောသည်။

ယင်းအပြင် တောင်ကြီးမြို့၊ ပြည်မြို့၊ သံတောင်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ နတ္တလင်း မြို့နယ်များတွင် နှစ်ဆန်းတစ်ရက်နေ့က ဖမ်းဆီးခံကျောင်းသားများ လွှတ်မြောက်ရေးအတွက် ရည်ရွယ်၍ CSO Forum က ငါးလွှတ်ပွဲများကို ဦးစီးကျင်းပခဲ့သေးသည်ဟု ကိုကျော်ကျော်လွင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ငါးလွှတ်ပွဲကို  နှစ်ဆန်း တစ်ရက်နေ့တွင် ပြုလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း သွားလာရေး အခက်အခဲကြောင့် ဧပြီလ ၂၀ ရက်ကျမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငါးလွှတ်ပွဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့(ဗကသ)၊ လူငယ်အဖွဲ့ဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ CSO Forum မှ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဒီမိုကရေစီ ပညာရေးသပိတ် ပင်မစစ်ကြောင်းမှ ကျောင်းသားနှင့် ထောက်ခံသူများသည် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့မှ ရန်ကုန်သို့ ချီတက်ရန်ကြိုးပမ်းစဉ်  အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖမ်းဆီးခံထားရသူများကို  လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းမြင့်က တရားစွဲဆိုထားခြင်းဖြစ်ပြီး စွဲဆိုထားသည့် ပုဒ်မများမှာ ပုဒ်မ  ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြစ်သည်။

ယင်းအပြင် အဆိုပါ သပိတ်စစ်ကြောင်းကို ဖြိုခွင်းမှုကြောင့် ရန်ကုန်မြို့၊ လှည်းတန်းတွင် ဆန္ဒပြခဲ့သည့် ကျောင်းသားအချို့ကိုလည်း ဖမ်းဆီးထားသေးသည်။

Credit - Mizzima News

No comments:

Post a Comment