~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လွန်ခဲ့သော ၁၉၉၂ နှစ်လောက်မှာ ကွယ်လွန်သွားတဲ့ စာရေးဆရာ ထွန်းညွန့်ဦးဟာ ကျွန်တော့်ရဲ့ မိတ်ဆွေကောင်း တစ်ဦးပါ၊ သူဟာကြေးမုံ သတင်းစာ ပုဂ္ဂလိက လက်ထက်ကနေပြီး ပြည်သူပိုင်သိမ်းခံရတဲ့ အချိန်အထိ ဆောင်းပါးများ ရေးခဲ့သူပါ။ အတွေးအခေါ်ကောင်း သွက်သွက်လက်လက်ရှိလို့ သတင်းစာ ဆရာကောင်းတစ်ဦး ဖြစ်နိုင်တဲ့သူ တစ်ယောက်ပါ။
သို့သော် အကြောင်းအားလျော်စွာ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့မှာ စာရေးကြီးဖြစ် နေရပါတယ်။ သူဟာ စာရေးသွက်လို့ ၀တ္ထုတို၊ ၀တ္ထုရှည်များစွာ ရေးသွားနိုင်ခဲ့ပါတယ်။ ရုတ်တရက် သွေးတိုးရောဂါနဲ့ ကွယ်လွန် သွားရရှာတယ်။ သူ့ကိုမကြာခဏ သတိရမိတယ်။ အထူးသဖြင့် သတင်းစာတွေ ဖတ်တဲ့အခါမှာ ဖြစ်ပါတယ်ဗျာ။
သူဟာ ဖဆပလခေတ်၊ပြီးတော့ စစ်အာဏာရှင်တို့ခေတ်မှာ လူဖြစ်လာရပြီး မဟုတ်တာ မမှန်တာတွေ့ရင် ပြောရဲရေးရဲသူပါ။ ဟိုတုန်းက စာနယ်ဇင်းတွေက ပြည်သူ့ဘက်ကနေပြီး အာဏာရှင်တွေကို ထိပါးရေးသားလို့ မရပါဘူး။ ရေးရင်လည်း အပယ်ခံ ထိတာပါပဲ။ အဲဒီအခါမှာ ကိုထွန်းညွန့်ဦးက ကျွန်တော့်ကို ပြောလေ့ပြောထ ရှိတဲ့စကားကတော့ “ကုလားထိုင်နဲ့ဖိတာပေါ့ကွာ၊ ကုလားထိုင်နဲ့ဖိတာ” စသည်ဖြင့်ပါပဲ။
ကုလားထိုင်ဆိုတာ ရာထူးအာဏာကို ခေါ်တာပါပဲ။ ရိုးရိုး ပလတ်စတစ်ကုလားထိုင်၊ သစ်သားကုလားထိုင်၊ ပန်းပုလက်ရာ အပြောက်အမွှမ်းတွေနဲ့ ရွှေချထားတဲ့ကုလားထိုင် စသည်ဖြင့်ရှိကြပါတယ်။ သည်တော့ ကုလားထိုင်နဲ့ ဖိတယ်ဆိုတဲ့ စကားဟာ အလွန်ထိရောက်ပါတယ်။
စစ်အာဏာရှင်တွေ ခေတ်ကကုလားထိုင်နဲ့ ဖိတာလောက်တော့ မဆန်းတော့ပါ။ ပြည်သူတွေဟာ အမျိုးမျိုး အဖိနှိပ်ခံခဲ့ ကြရတာပဲ မဟုတ်လား။ ယနေ့ထက်ထိလည်း အာဏာရှင်တို့ရဲ့ အငွေ့အသက်အဖြစ် အနိုင်ယူမှု၊ ကုလားထိုင်နဲ့ ဖိမှုတွေ တွေ့နေရဆဲပါပဲ။
ကျွန်တော်ဟာ သတင်းစာမှာ နှစ်အတော်တန် လုပ်လာခဲ့တော့ သတင်းစာနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းပဲ ပြောပါရစေ။ သတင်းစာတွေမှာ ဘယ်လိုပုဂ္ဂိုလ် ဆောင်းပါးရေးရင် ဘယ်လို ထည့်ပေးရတယ် ဆိုတာကိုတော့ မပြောချင်တော့ပါ။ မြင့်လွန်းပါတယ်။
ကြော်ငြာကဏ္ဍမှာ ကုလားထိုင်နဲ့ဖိမှု၊ ကုလားထိုင်ကို ရိုသေကိုင်းရှိုင်းမှုတွေ တွေ့နေရတယ်ဗျာ။ သာမန် ပြည်သူတွေ မရတဲ့ အခွင့်အရေးရကြ ယူကြတာကိုသာ ကြည့်တော့။ ရိုးသားသော ပြည်သူတွေက သတင်းစာမှာပါတဲ့ စာဆိုလျှင် ဘုရားဟောလို၊ ဘုရားစာလို ယုံကြည် ထင်မှတ်ကြပါတယ်။ သတင်းစာကို အထင်မသေးတဲ့ သဘောထားပါ။ ဟိုတစ်ခေတ် သတင်းစာတွေပုဂ္ဂလိကအဖြစ် လုပ်ဆောင်ခွင့်ရတဲ့ အချိန်တည်းကပါ။
အဲဒီထဲက ကြော်ငြာများ ထည့်သွင်းရာမှာ မူရှိပါတယ်။ ကြော်ငြာအသေး၊ ကြော်ငြာ အငယ်တွေ အပေါ်မှာထား၊ ကြော်ငြာကြီးတွေအောက်ခြေမှာ နေရာပေးရတဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ထို့နောက်ပိုင်း နိုင်ငံပိုင် သတင်းစာ တွေ ဖြစ်လာတော့ ကြော်ငြာမူလည်း ပျက်လာပါတော့တယ်။
အာဏာရှင်၊ ပါဝါရှင်ကြီးတွေရဲ့ ကြော်ငြာကြီးတွေ အပေါ်မှာ နေရာယူလာကြပြီး ငွေကြေး မတတ်နိုင်တဲ့ ပြည်သူတွေ ရဲ့ ကြော်ငြာ ကလေးတွေ အောက်မှာဖြစ်သလို ထည့်ပါတယ်။ လွန်ခဲ့သော တစ်နှစ်လောက်က ရာထူးမရှိတော့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းရဲ့ သားလက်ထပ်မင်္ဂလာ ကြော်ငြာကြီး အထက်ကြီးက နေရာ ယူထားတာ တွေ့ရပါတယ်။ ၄ ကော်လံ ၁၀ လက်မ ကြော်ငြာကြီးပါဗျာ။
အဲဒါတွင် မကမကြာခဏ ကွယ်လွန်သူလူကြီးကို လွမ်းဆွတ်နေ တဲ့ ကြော်ငြာတွေကိုလည်း တွေ့ရပါတယ်။ ကဗျာမကျ စကားပြေမကျ ငွေပေးလို့ရတဲ့ ကြော်ငြာမျိုးကိုလည်း မကြာခဏ အရုပ်ဆိုးစွာ တွေ့ရပါတယ်။ သတင်းစာမှာ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေရဲ့နာရေးကြော်ငြာကို အပေါ်ကထားရတဲ့ မူရှိပေမယ့် မကြာခဏ တစ်စုံတစ်ရာ အစွမ်းရှိတဲ့ ငယ်ရွယ်သူ နာရေးကြော်ငြာက အပေါ်ဆုံးမှာ ရောက်နေတာ တွေ့ရပါတယ်။
တစ်ခါကဆိုရင် သက်ကြီးဝါကြီးနာရေးပါပဲ။ သို့သော် ၃ လက်မ၊ ၃ ကော်လံပေါင်းပြီး အပေါ်ဆုံးမှာနေရာပေး ထားတာ အမြင်မတော်လှပါ။ သို့သော်ထို ကွယ်လွန်သူ အမျိုးသမီးကြီးရဲ့ မိသားစုမှာ နိုင်ငံတော်ထိပ်ပိုင်းရဲ့ ဒုတိယတန်းလောက်မှာရှိတဲ့ ပုဂ္ဂိုလ်ကြီး ပါဝင်နေတာ တွေ့လိုက်ရပါတယ်။ သည်တော့မှန်စီရွှေချ ကုလားထိုင် နှင့်ဖိခြင်းလောလို့ တွေးတော စရာဖြစ်ရတယ်ဗျာ။ ယနေ့ အစိုးရသစ် လက်ထက်မှာ ဒီမိုကရေစီ လမ်းကြောင်းကို ရှေးရှုပြီးပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုပါတယ်။ အချို့သော အစိတ်အပိုင်းတွေ ပြောင်းလဲမှုကိုလည်း တွေ့ရပါတယ်။ သို့သော် အောက်ခြေအတော် နေရာများများမှာ အာဏာရှင်ခေတ်က လုပ်နည်းလုပ်ဟန်တွေ တွေ့နေဆဲပါ။
ကျွန်တော်တင်ပြတဲ့ သတင်းစာကြော်ငြာ ကိစ္စက အသေးအဖွဲပါပဲ။ ဘယ်သူ့ထိခိုက်လို့လဲဗျာလို့ စောဒက တက်လို့ရပါတယ်။ အသေးအဖွဲတွေ စုပေါင်းလိုက်ရင် ကြီးမားတဲ့ အဖျက်လက္ခဏာကို ဆောင်စေပါတယ်ဗျာ။ ဒီတော့ အောက်ခြေ အသေးအဖွဲက စပြင်ကြပါစို့။ ကုလားထိုင်နှင့်ဖိခြင်း သည်းခံပါလို့ ဆိုပါရစေဗျာ။ ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment