Tuesday, April 21, 2015

ကျောင်းသားမျိုး သေရိုးမရှိ – မဟာနွယ်

 ကျောင်းသားသမဂ္ဂသည် ပိတ်ဆို့ခံတစ်လျှောက်လုံး မုန်တိုင်းထဲကနှစ် ၈၀ ကျော် ဖြတ်သန်း လာခဲ့ပြီး ခုချိန်ထိ ကျောင်းသားထု အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြ သည်။ အမှန်တရားအတွက် လွတ်လပ်ခွင့်နှင့် ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံ တစ်ခု မွေးဖွားနိုင်ဖို့ကြီးမားသည့် စိန်ခေါ်မှုများကို နောက်မဆုတ်တမ်း ရင်ဆိုင်လာခဲ့သည့် အဖွဲ့အစည်းကား ဗကသများအဖွဲ့ချုပ် အပါအ၀င် ကျောင်းသား သမဂ္ဂများပင်ဖြစ်သည် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၅၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ABSU လို့ အမည်ရသည့် ကနဦးဗကသ ညီလာခံကို ခေါ်ယူ ကျင်းပခဲ့သည်။ ယင်းညီလာခံက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (All Burma Students Union -ABSU) ကို ဖျက်သိမ်းလိုက်ပြီး ABFSU ဟုခေါ်သည့် All Burma Federation of Students Union (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်) ကို ပြောင်းလဲ ဖွဲ့စည်းလိုက်ကြသည်။

ထိုအချိန်က ရန်ကုန်တက္ကသိုလ် အ၀န်းအ၀ိုင်းတွင် ကျောင်းသား အုပ်စု နှစ်အုပ်စု ကွဲထွက်သွားသည်။ တစ်စုက PSF ခေါ် Progressive Students Force (တိုးတက်သော ကျောင်းသားများအင်အားစု) ဖြစ်ပြီး ကျန်တစ်စုက DSO ခေါ် Democratic Students Organization (ဒီမိုကရက်တစ် ကျောင်းသားများအဖွဲ့) ဖြစ်သည်။

DSO ကျောင်းသားအဖွဲ့အား ဖဆပလ၀န်ကြီး ဦးကျော်ငြိမ်း၏ဇနီး ဒေါ်နွဲ့နွဲ့ရီတို့က လက်ခံ ထားကြသည် ဖြစ်သည့်အတွက် DSO ကို အစိုးရလက်ကိုင် ဒေါက်တိုင်အဖွဲ့အစည်း၊ ကျောင်းသားထု ညီညွတ်ရေးကို ဖြိုခွဲသူများအဖြစ် သတ်မှတ်ကြသည်။

PSF နှင့် DSO တို့သည် ကျောင်းသားအရေး တည်ဆောက်သူ၊ ညီညွတ်ရေး ဖော်ဆောင်သူဖြစ်ပြီး DSO ကတော့ ဆန့်ကျင်ဘက်ဖြစ်သည့်။ ၁၉၅၃ ခုနှစ်မှာ အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး အရေးတော်ပုံ ပေါ်ပေါက်လာပါသည်။ သမိုင်းသုတေတီများ ၏ ကောက်ချက်အရ လွတ်လပ်ရေးရပြီး ဖဆပလအစိုးရ လက်ထက် တက္ကသိုလ်နယ်မြေတွင် စစ်တပ်၏ သေနတ်သံ ပထမဦးဆုံး ပေါ်ထွက်လာသည့် နောင် ဖြစ်ပေါ်လာမည့် ကျောင်းသား အရေးအခင်းများ၏ ရှေ့ဆောင် အရေးအခင်းဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်နှင့် မန္တလေးရှိ တိုးတက်သည့် ကျောင်းသားခေါင်းဆောင် အများအပြား ဖမ်းဆီးထောင်ချခံရသည်။ ကျောင်းထုတ် ခံကြရသည် ယခုကျောင်းသား သပိတ်တိုက်ပွဲမှာ DSO ကျောင်းသားများ မပါဝင်ခဲ့ကြချေ။ အောက်တိုဘာ အရေးတော်ပုံအပြီး PFS ကို ဖျက်သိမ်းလိုက်ပြီး ““တပ်ဦး”” ဟုခေါ်သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား ညီညွတ်ရေးတပ်ဦး (Students United Front-SUF)ကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ဖွဲ့စည်းလိုက်သည်။

စစ်အာဏာရှင်များသည် မိမိတို့ စစ်တပ်ကိုပင်လျှင် DSA,OTS ၊ အလုပ်သင်ဗိုလ် စသည်ဖြင့် ခွဲခြားသကဲ့သို့ အရေးပေး ဆက်ဆံမှုတွင်လည်း စိတ်ဝမ်းကွဲစရာ ဖြစ်သည်။ ကျောင်းသား အဖွဲ့အစည်းများကိုလည်း တကသ၊ ဗကသ ရှိကြသည့် အနက် ဗကသတွင် အသက်ကြီးနေသူများ ပါဝင်နေကြောင်း၊ ဗကပ၏ မျိုးဆက်များ ရှိနေကြောင်း စသည့် ခြစ်ထုတ်ကုတ်ကော် သွေးခွဲမှုများဖြင့် ဗကသ၏ အင်းမေ့ခ်ျကို ဖျက်ဆီးဖို့ ကြိုးစားလျက်ရှိသည်။ ““သမဂ္ဂ”” စကားလုံးကို ““ယူနီယံ”” ဖြင့် အစားထိုးဖို့ ကြိုးစားနေကြသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂများကို –

(၁) လူမှုဆက်ဆံရေး နယ်ပယ်၌ ကောင်းစွာ ဆောင်ရွက်နိုင်သော ဘ၀များ ဖြစ်ထွန်းလာစေရန်၊

(၂) မိမိကိုယ်ကိုမိမိ အားကိုး၍ လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ဘ၀ကို ဖြစ်ထွန်းလာစေရန်နှင့်

(၃) တာဝန်ဝတ္တရားများကို သိတတ်သော စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊

စသည့် ရည်ရွယ်ချက်များနှင့် နယ်ချဲ့လက်အောက် ၁၉၃၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) ပေါ်ထွန်းလာသည်။ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ဒုတိယ တက္ကသိုလ်ကျောင်းသား သပိတ်ကြီးတွင် ကနဦး ဗကသဟုခေါ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ABSU) ပေါ်ထွက်လာခဲ့သည်။ တကသ၊ ဗကသ ကျောင်းသား သမဂ္ဂများသည် ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများတွင် တပ်ဦးကနေ ပါဝင်ခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှာ ကျောင်းသားများသည် အလုပ်သမား ပြည်သူများနှင့် ပေါင်းစည်းမိကြပြီ၊ ရဲဘော် သုံးကျိပ် ဆိုသည်မှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံ(ယူနီယံ) ထဲကနေ ဖြစ်တည်လာခဲ့ကြသည်။

ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများသည် ခေတ်စနစ်နှင့် တိုင်းပြည်အခြေအနေ၏ တောင်းဆို မှုကြောင့်သာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

၁၉၅၈ ခုနှစ်သည် ကျောင်းသားသမဂ္ဂနှင့် မြန်မာ့နိုင်ငံရေး သမိုင်းအတွက်အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်သည်။ ယင်းနှစ် သြဂုတ်လတွင် ကျောင်းသားသမဂ္ဂဦးဆောင်ပြီး အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ကျင်းပခဲ့သည်။ ကျောင်းသားထုက ကမောက်ကမ ပညာရေးစနစ်ကို ဖျက်သိမ်းရန်၊ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် အစိုးရကို တောင်းဆိုခဲ့ကြသည်။

၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် ကျောင်းသား အရေးအခင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဦးလှရွှေက ““၁၉၆၂ ခုနှစ် မှာ စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းခဲ့တယ်။ ကျောင်းသားသမဂ္ဂများက ပထမဦးဆုံး တပ်ဦးက ထွက်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ ဒါကြောင့် သမိုင်းတွင်ကျန်ရစ်မယ့် ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံကြီး ပေါ်ပေါက် ခဲ့ရတယ် ကျောင်းသားတွေရာချီပြီး အသတ်ခံရတယ်။ ရာချီပြီး အဖမ်းခံခဲ့ရတယ်။ ရာချီပြီး ၀ရမ်းပြေးဘ၀ ရောက်ခဲ့ကြရတယ်။ ရာချီပြီး ရာသက်ပန် ကျောင်းထုတ်ခံခဲ့ကြရတယ်။ သမဂ္ဂများ တရားဝင် ရပ်တည်မှုကို ဖျက်သိမ်းခံရတယ်။ ဗကသ၊ တကသ၊ ရကသစတဲ့ ဗဟိုကျောင်းသား ခေါင်းဆောင်တွေနဲ့ မြို့နယ်ပေါင်း ၂၀၀ ကျော်က မြို့နယ် ကျောင်းသားခေါင်းဆောင် မြောက်မြားစွာ အသက်စွန့်သွားကြ၊ အချို့ထောင်ထဲမှာ ကိုကိုးကျွန်းမှာ လူဖြစ်ရှုံးသည်အထိ ညှဉ်းပန်း ခံခဲ့ကြရတယ်”” လို့ ပြောဆိုခဲ့သည်။

သမဂ္ဂများ တရားဝင်ရပ်တည်ခွင့် မရသည့် ကာလတွင် သမဂ္ဂများကိုယ်စား ““ကျောင်းသားအခွင့်အရေး ကာကွယ်မှု ကော်မတီ (SAC- Student Affairs Committee) ကို ဖွဲ့စည်း လှုပ်ရှားခဲ့ကြသည် ဆဲဗင်းဇူလိုင် အရေးတော်ပုံ နောက်ပိုင်း ကျောင်းသား လှုပ်ရှားမှုများကို SAC ကျောင်းသား အခွင့်အရေး ကာကွယ်မှု ကော်မတီကပဲ တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ SAC က ဆဲဗင်းဇူလိုင် ၆ လပြည့်နေ့တွင် ကျောင်းသားများ ရာကျော် ကျဆုံးခဲ့သည်ကို ရည်စူးပြီး ““ရာကျော်”” ကျောက်တိုင် စိုက်ထူခဲ့ကြသည်။

ယင်းကျောက်တိုင်ကို ဗိုလ်အောင်ကျော် ကျောက်တိုင်နှင့် ဘေးချင်းယှဉ်ပြီး ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများက ညတွင်းချင်းအပြီး စိုက်ထူခဲ့ကြသည်။ ရာကျော် ကျောက်တိုင်ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အဆောက်အအုံကိုသာ ဖြိုလို့ရမယ် အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရပါဘူး””ဟု မိန့်ခွန်း ပြောကြားခဲ့သည်။

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကျင်းပသည့် ၆ ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွင် ကျောင်းသားသမဂ္ဂခေါင်းဆောင်သည့် တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားထု တစ်ရပ်လုံး သိန်းချီပြီး ပါဝင်ဆန္ဒပြကြသည်။ ၆ ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီးတွင် ကျောင်းသား ၅သိန်းခန့် တက်ရောက် ခဲ့ကြသည်။

၁၉၇၀ ပြည့်နှစ်ထဲတွင် ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် ၅၀ ပြည့် ရွှေရတုသဘင် ရောက်ရှိလာခဲ့သည်။ ၁၉၂၀ မှာ ပထမတက္ကသိုလ် သပိတ်ကြီးနှင့် စတင်ခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှု အစဉ်အလာ ကြီးမားလှသည့် ရန်ကုန်တက္ကသိုလ်ကြီး၏ ၁၉၃၆ – ဒုတိယသပိတ်၊ ၁၉၃၈ – တတိယသပိတ်၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင်(၇) ရက်၏ ပုံရိပ်များသည် ယင်းရွှေရတု သဘင်တွင် ပူပူနွေးနွေး ထင်ဟပ် လာခဲ့ပါတော့သည်။ ရွှေရတုသဘင်ပွဲတော်တွင် ၁၉၆၂ခုနှစ်၊ ဆဲဗင်းဇူလိုင် အရေးတော်ပုံ သမိုင်းကြောင်း စာစောင်များ ရိုက်နှိပ်ပြီး ဖြန့်ဝေလိုက်ကြသည်။ စစ်အာဏာရှင်များက ရွှေရတု သဘင်ပွဲမပြီးခင်မှာဘဲ တက္ကသိုလ်နှင့်ကောလိပ် ကျောင်းများကို ချက်ချင်း ပိတ်ပစ်လိုက်သည်။ ယင်းရွှေရတုသဘင် အရေးအခင်းတွင် ကျောင်းသားအများအပြား ဖမ်းဆီး ထောင်ချခံရ၊ ကျောင်းထုတ် ခံခဲ့ကြရသည်။

အမှန်တော့ ပြည်သူများ၏ဆန္ဒပြ လှုပ်ရှားမှုများနှင့် ကျောင်းသား လှုပ်ရှားမှုများသည် ချက်ကျော တစ်ခုတည်း ဆက်နွှယ်နေသည့် မိခင်၏ ၀မ်းကြာတိုက်အတွင်းမှ သားငယ်ဖြစ်သည်။ တစ်ယောက်ကိုထိလျှင် တစ်ယောက်က မချိအောင် နာတတ်ကြသည်။

၁၉၇၄ ခုနှစ် လူထု၏ အထွေထွေ အကျပ်အတည်းကြားတွင် ယင်းနှစ်မတ်လ၌ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ- (RASU) အနီး ကမာရွတ် မီးပွိုင့်မှာရှိသည့် ကမာရွတ်ရဲစခန်းကို မီးရှို့မှု ပေါ်ပေါက်ခဲ့သည်။ ကာမာရွတ် ရဲစခန်း မီးရှို့မှုဖြစ်ပြီး မကြာမတင်မှာပဲ (ဇွန်လ)တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အုံကြွမှုများ ဆက်တိုက်ဖြစ်ပေါ် လာသည်။ ယင်းအရေးအခင်းကြီး ဖြစ်ပြီးနောက် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးသန့်အရေးအခင်း ပေါ်ပေါက် လာခဲ့သည်။

စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်နှင့် တက္ကသိုလ် ကောလိပ်ပေါင်းစုံက ကျောင်း သားများ စုရုံး ပေါင်းစည်း မိသွားကြပြီး ဆဲဗင်းဇူလိုင်နောက်ပိုင်း ကျောင်းသားထု ပထမဆုံး အင်အားပြန်လည် စုစည်းနိုင်ခဲ့သည်။

ဒီဇင်ဘာလ ၁၁ ရက် နံနက်လင်းအားကြီးမှာ ဆန္ဒပြကျောင်းသားများ အိပ်မောကျနေစဉ် စစ်တပ်က ကျောင်းထဲကို အင်အားသုံး အလုံးအရင်းနှင့် ကျောင်းဝင်းအတွင်း ၀င်ရောက်စီးနင်းကြသည်။ ကျောင်းဝင်းအနှံ့ မီးမောင်းကြီးများထိုးပြီး စစ်သားများက သံချပ်ကာကားများ၊ မျက်ရည်ယိုဗုံးများ၊ နံပါတ်တုတ်များ၊ မောင်းပြန် သေနတ်များနှင့် စစ်မြေအသွင်ဖန်တီးပြီး လက်နက်မဲ့ လူအုပ်ကြီးနှင့် ကျောင်းသားတွေကို အစိတ်စိတ် အမြွာမြွာ ဖြိုခွဲပစ်ခဲ့သည်။ တက္ကသိုလ်ကျောင်း နယ်မြေသည် ဒုတိယအကြိမ် သွေးစွန်းခဲ့ပြန်သည်။

၁၉၇၄ ခုနှစ်၊ ဇွန်လ (၆)ရက် အလုပ်သမား အရေးအခင်း တစ်နှစ်ပြည့်နှစ်မှာ ကျောင်းသားနှင့် အလုပ်သမားများ ပူးပေါင်းပြီး နှစ်ပတ်လည် အထိမ်းအမှတ် မဆလဆန့်ကျင်ရေး သပိတ်ကို အစပြုလိုက်ကြသည်။ ယင်းတိုက်ပွဲသည် မဆလ စစ်အုပ်စုကို ဗြောင်စိန်ခေါ်သည့် တိုက်ပွဲဖြစ်သည်။ တက်္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမက သပိတ်စခန်းကို ရွှေတိဂုံဘုရား ရင်ပြင်ပေါ်သို့ ပြောင်းရွှေ့ လိုက်ခြင်းဖြင့် ၁၉၂၀ပြည့် နှစ်ပထမ တက္ကသိုလ်သပိတ် အထိမ်းအမှတ် ကျောက်တိုင်မှာ အထွေထွေသပိတ် အင်အားစုနေရာယူ လိုက်ကြသည်။ မန္တလေးတက္ကသိုလ်၊ မကွေးနှင့် မော်လမြိုင် ကောလိပ်အသီးသီးမှာလည်း အစိုးရဆန့်ကျင် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ဇွန်လ (၁၁)ရက် နံနက်လင်းကြီးတွင် မဆလစစ်တပ်နှင့် လုံထိန်းရဲရွှေတိဂုံဘုရား ရင်ပြင်ပေါ်တက်လာပြီး ကျောင်းသားနှင့် အလုပ်သမားများကို ရိုက်နှက် ဖမ်းဆီးကြကုန်သည်။ အသက် ၁၂၊ ၁၃ နှစ်အရွယ် အလယ်တန်း၊ အထက်တန်း ကျောင်းသားငယ်များ အပါအ၀င် ကျောင်းသား ၃၀၀ ခန့် ရွှေတိဂုံ သပိတ်စခန်းတွင် အဖမ်းခံခဲ့ရသည်။

၁၉၇၄ခုနှစ်၊ ဇွန်လ အလုပ်သမား အရေးအခင်း၊ ၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ဦးသန့်အရေးအခင်းနှင့် ၁၉၇၅ ဇွန်လ ရွှေတိဂုံ အထွေထွေသပိတ်တို့ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးသည့်နောက် ထပ်မံ ပေါ်ပေါက်လာသည့် တိုက်ပွဲ ကတော့ ၁၉၇၆ ခုနှစ် သခင်ကိုယ်တော်မှိုင်း ရာပြည့် အရေးအခင်း ဖြစ်သည်။

၁၉၇၆ ခုနှစ်သည် ငြိမ်းချမ်းရေး ဗိသုကာဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်ဖြစ်သည်။ တက္ကသိုလ်များ (ရန်ကုန်)က ကျောင်းသားများ စုဝေးတိုင်ပင်ပြီး ဆရာကြီးမှိုင်း ရာပြည့်ပွဲကို ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်ကနေ တစ်ပတ်သတ်မှတ်ကြသည်။ ကျောင်းသားများ ဆရာကြီးမှိုင်း အုတ်ဂူဆီ စတင် ချီတက်ကြသည်။ ချီတက်ရာ လမ်းတစ်လျှောက် စစ်သားများက တိုက်ပွဲဝင် အနေအထားနှင့် အထက်ကမိန့်ကို စောင့်နေသည့် အနေအထားမျိုးနှင့် ရန်လိုနေလျက်ရှိသည်။

နောက်တစ်နေ့တွင်စစ်တပ်က အလုံးအရင်းနှင့် ဘွဲ့နှင်းသဘင်ခန်းမကို ၀င်ရောက်စီးနင်းပြီး ကျောင်းသားများအား အတင်းရိုက်နှက် ဖမ်းဆီးသည်။ တစ်ပြည်လုံးက ကျောင်းသား အများအပြား ရာသက်ပန် ကျောင်းထုတ်ခံကြရသည်။ ကျောင်းသား ၂၃၀ ကျော် ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ကျခံရသည်။

အမှန်တော့ ကျောင်းသားသမဂ္ဂသည် ပိတ်ဆို့ခံ တစ်လျှောက်လုံး မုန်တိုင်းထဲက နှစ် ၈၀ ကျော် ဖြတ်သန်း လာခဲ့ပြီး ခုချိန်ထိ ကျောင်းသားထု အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည်။ အမှန်တရားအတွက် လွတ်လပ်ခွင့်နှင့် ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတစ်ခု မွေးဖွားနိုင်ဖို့ ကြီးမားသည့် စိန်ခေါ်မှုများကို နောက်မဆုတ်တမ်း ရင်ဆိုင်လာခဲ့သည့် အဖွဲ့အစည်းကား ဗကသများအဖွဲ့ချုပ် အပါအ၀င် ကျောင်းသား သမဂ္ဂများပင်ဖြစ်သည်။

အာဇာနည်ဆိုသည်မှာ တစ်ချိန်က ကျောင်းသားပါ။

ကျောင်းသားမျိုး သေရိုးမရှိပါဘူး။

မဟာနွယ်

ကိုးကား

(၁) မြန်မာ့နိုင်ငံရေးနှင့် သမဂ္ဂအဖွဲ့အစည်းများ (ဒေါက်တာမြင့်သိန်း)

(၂) မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းအကျဉ်း (အောင်ဝေး)

(၃) သမဂ္ဂကျောင်းသား (ကျော်ကိုကို)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment