~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၉-၈-၁၉၈၈ ရက်နေ့
ဤနေ့တွင် စစ်ကိုင်းတိုင်း၊ တန့်ဆည် (ဒဇယ်)မြို့တွင် ရဲစခန်းကို လူထုတစ်သောင်းကျော်က ၀ိုင်းဝန်း၍ လက်နက်များကို ၎င်းတို့အား အပ်နှံရန် တောင်းဆိုသည်။ လူထုခေါင်းဆောင် လုပ်သူက လက်နက်များကို အပ်နှံပါက ရဲတပ်သားများ၏ အသက်အိုးအိမ်ကို တာဝန်ယူကြောင်း အာမခံပြော ကြားသောကြောင့် ယုံကြည်စိတ်ချပြီး လက်နက်များ အပ်လိုက်ကြသည်။ လူအုပ်ကြီးသည် လက်နက်များ ရရှိပြီးနောက်
ရဲသားများကို ခေါင်းဖြတ် သတ်လိုက်ကြသည်။ အရေးအခင်းပြီး၍ စစ်အစိုးရ တက်လာသောအခါ သတ်ဖြတ် သူများကို စုံစမ်းဖော်ထုတ်၍ အရေးယူ သေဒဏ်ချမှတ်လိုက်သည်။ ထိုအခါ သေဒဏ်ကျခံရသူများ၏ မိဘဆွေ မျိုးများက တန့်ဆည်မြို့နယ် သံဃနာယက အဖွဲ့အား မျက်ရည်ခံထိုး၍ ငိုကြွေးကြသည်။ တန့်ဆည်မြို့နယ် သံဃာနာယကအဖွဲ့သည် သေဒဏ်ကျခံရသူများအား သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မြင်းခြံဆရာတော်ထံသို့ ချဉ်းကပ်ပြီး အသနားခံခဲ့ကြသည်။ ထိုအခါ မြင်းခြံဆရာတော်ကြီးက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးသို့ တင်ပြပြီး သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မေတ္တာရပ်ခံရေး အဆိုလွှာ တင်သွားမည် ဖြစ်ကြောင်း အမိန့်ရှိပါသည်။
ညွှန်ကြားရေးမှူးချုပ်က ၄၇ ပါးစုံညီအစည်းအဝေးကို တင်ပြခြင်း မပြုသင့်ပါကြောင်း၊ အကြောင်းမူ ယင်းသေဒဏ် ကျခံရသူများမှာ အထက်အထက်ရုံးများသို့ အယူခံခွင့် ရှိပါကြောင်း၊ အကယ်၍ အယူခံတွင် ပယ်ချခံရသော်လည်း နောက်ဆုံးတွင် နိုင်ငံတော်၏ အကြီးအကဲဖြစ်သူက သေဒဏ်ကို အတည်ပြုကြောင်း လက်မှတ်ရေးထိုး ပေးမှသာလျှင် သေဒဏ်ကျခံရမည် ဖြစ်ပါကြောင်း၊ အစဉ်အလာအရ မြန်မာနိုင်ငံတွင် သမ္မတဦးနေ၀င်း၊သမ္မတဦးစိန်လွင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်ကြီးသန်းရွှေ တို့သည် သေဒဏ်ကို အတည်ပြုသည့် လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြဘဲ သေဒဏ်ကျသူများကို ကြိုးတိုက်အတွင်း၌ ချုပ်နှောင် ထားလေ့ရှိပါကြောင်း၊ နောင်တစ်ချိန်တွင် အခြေခံဥပဒေ အတည်ပြုခြင်း၊ ရွေးကောက် ပွဲအောင်မြင်ခြင်း စသောအကြောင်း တစ်ခုခုကြောင့် သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ပေးထ ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် အချိန်ကို စောင့်ဆိုင်းသင့်ပါကြောင်း၊ အကယ်၍ ၄၇ ပါးစုံညီ ဆုံးဖြတ်ချက်ဖြင့် မေတ္တာရပ်ခံခြင်း ပြုလုပ်ပါက နိုင်ငံတော် အစိုးရအနေဖြင့် အခက်အခဲ တွေ့နိုင်ပါကြောင်း မေတ္တာရပ်ခံချက်ကို အစိုးရအဖွဲ့က မလိုက်နာလျှင် အတိုက်အခံများ အနေဖြင့် အစိုးရအဖွဲ့နှင့် သံဃမဟာနာယက အဖွဲ့ကို သပ်ရိုက်ခွဲနိုင်ပါကြောင်း၊ အကယ်၍ မေတ္တာရပ်ခံချက်ကို လက်ခံပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါကလည်း ဤကဲ့သို့ အလားတူ အမှုအခင်း များမှာ ရာဂဏန်းခန့် ရှိပါကြောင်း၊ ထိုကဲ့သို့ လာလာသမျှ အမှုအခင်းများကို တစ်ဦးစီတစ်ဦးစီ လိုက်လျောပြီး ဆောင်ရွက် ပေးနိုင်ပါက ကောင်းမွန်နိုင်ပါကြောင်း၊ ထိုသို့ မလိုက်လျောဘဲ““ဒီလူကိုတော့ကို မေတ္တာ ရပ်ခံပေးမယ် ဟိုလူကိုတော့ မေတ္တာရပ်ခံ မပေးနိုင်ဘူး”” ဟုဆိုပါက ဆရာတော်ကြီးများအပေါ် ပြည်သူလူထုက ဘက်လိုက်သည်ဟု အမြင်စောင်း သွားနိုင်ပါကြောင်း စသည်ဖြင့် ညွှန်ကြားရေးမှူးချုပ်က လျှောက် ထား သော်လည်း မြင်းခြံဆရာတော်ကြီးသည် အလျှော့မပေးခဲ့ပါ။ ထို့ကြောင့် ညွှန်ကြားရေးမှူးချုပ်သည် ထိုအချိန်က အရှိန်အ၀ါရှိသော ဆရာတော် စလင်းဥူးကိတ္တိ၊ မကွေးဆရာတော် ဥူးကုမာရနှင့် ညောင်တုန်းဆရာတော် ဥူးသြသဓတို့အား ၀ိုင်းဝန်းတားဆီး လျှောက်ထားပေးပါရန် တောင်းပန်ခဲ့ပါသည်။ ထိုအခါတွင်မှ မြင်းခြံဆရာ တော်ကြီးသည် ယင်းကိစ္စကို ၄၇ ပါးစုံညီ အစည်းအဝေးသို့ မတင်တော့ဘဲ လက်လျှော့ လိုက်ပါတော့သည်။
အလားတူပင် ထိုနေ့ထိုရက်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မြို့မရဲစခန်းကို လူအုပ်ကြီးက ၀ိုင်းဝန်းကြသည်။ စစ်ကိုင်းမြို့နယ်၊ ပိုးတန်းရပ်ကွက်၊ နောင်ရိုးလက်ဖက်ရည်ဆိုင်ပိုင်ရှင် ပြည်ပြေး ဦးတင်ဝင်းကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် စခန်းသို့ ခေါ်ယူသွားခဲ့ပါသည်။ ထိုအခါ လူထုကြီးက ရဲစခန်းကိုဝိုင်း၍ ပြည်ပြေးတင်ဝင်းကို လွှတ်ပေးရန် တောင်းဆိုကြပါသည်။ ထိုအခါ ပြည်ပြေးတင်ဝင်းက ဤကိစ္စတရားဥပဒေအရ မိမိဘာသာ ဖြေရှင်းမည်ဖြစ်ကြောင်း၊ လူထုပရိသတ်နှင့် မသက်ဆိုင်သဖြင့် ပြန်သွားကြပါရန် မေတ္တာရပ်ခံစာကို ရဲစခန်းမှူးက ဖတ်ကြားပြသသောကြောင့် လူအချို့ ပြန်သွားခဲ့ကြပါသည်။ သို့ရာတွင် စစ်ကိုင်းမြိုနယ်၊ အုန်းတောကျေးရွာမှ ကား၂ စီးခန့်ဖြင့် လူများ ထပ်မံရောက်ရှိလာ၍ ရဲစခန်းကို ၀ိုင်းဝန်းကြပါသည်။ မြို့လူထုကလည်း မနီးမဝေးမှ လာရောက် ၀ိုင်းအုံကြည့်ရှု အားပေးနေကြပါသည်။ ဆန္ဒပြသူတို့ဘက်မှ အသံချဲ့စက်ဖြင့် ပြည်ပြေးတင်ဝင်းကို လွှတ်ပေးရန် ဟစ်အော်နေစဉ် ပရိသတ်တစ်ယောက်က အသံချဲ့စက်ကို ခဲဖြင့် ပစ်ပေါက်လိုက်ပါသည်။ ထိုအခါလူအုပ်ကြီးသည် သွေးဆူလာ၍ ရဲစခန်းကိုခဲဖြင့် ၀ိုင်းပေါက်ခြင်း၊ အော်ဟစ် ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ ရဲနှင့် လူထုတို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ လူအုပ်ကြီးက ရဲစခန်းအနီးသို့ ချဉ်းကပ်လာသဖြင့် ရဲတပ်ဖွဲ့ကလည်း လက်နက်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ပါသည်။
ထိုအခါ လူအုပ်ကြီးသည် ကြောက်လန့်တကြား ဦးတည်မိရာ အရပ်သို့ ထွက်ပြေးပါတော့သည်။ ရဲစခန်းအနီး၌ သေဆုံးသူ ၃၀ ကျော်တို့ကို ဧရာဝတီမြစ်အတွင်းသို့ သွားရောက်မျှောပစ်လိုက်ပါသည်။ သေဆုံးသူများ၏ အလောင်းများကို စစ်ကိုင်းမြို့မှ ၄ မိုင်အကွာ ဧရာဝတီမြစ်အောက်ဘက် နောက်ကြည့်ကျွန်းသို့သွားရောက် ယူဆောင်၍ သင်္ဂြိုဟ်ခဲ့ကြရပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း၊ တိုင်းကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီး သူရကျော်စွာကို လူထုက လိုက်လံရှာဖွေသဖြင့် အရေးအခင်းကာလ အတောအတွင်း၌ လုံခြုံစွာ ပုန်းအောင်း နေခဲ့ရပါသည်။
၁၄-၉-၁၉၈၈ ရက်နေ့
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မူ သမဂ္ဂသံဃာနှင့် ပြည်သူ့သံဃာဟူ၍ သံဃာ ၂ ပိုင်း ကွဲသွားခဲ့ပါသည်။ ပြည်သူ့သံဃာများသည် မုံရွာမြို့၊ လယ်တီကျောင်းတိုက် အနောက်ဘက်ရှိ မီးရထားဘူတာ ၀င်းအတွင်းမှ ခုခံခဲ့ကြရာ သမဂ္ဂသံဃာက အင်အားကောင်းသဖြင့် ပြည်သူ့သံဃာများ ရှုံးနိမ့်သွားခဲ့ပါသည်။ ထိုအခါ ပြည်သူ့သံဃာ ရဟန်း ၅ ပါးကို လက်ပြန်ကြိုးတုပ်ပြီး ခြေ ၂ဖက်ကိုလည်း တုပ်ချည်ထားပြီး မြစ်လယ်ကောင်သို့ လှေဖြင့် သယ်ဆောင်၍ ရေစီးကြော၌ မျှောလိုက်ပါသည်။ ထိုရဟန်း ၅ပါး တို့သည် ရေနစ်မသေဘဲ ဖိုလ်ဝင်း တောင်သို့ ရောက်ရှိပြီး သံဃာများက ဆယ်ယူမေးမြန်းသည့်အခါ မုံရွာသံဃာက ပြစ်ဒဏ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသောကြောင့် ထိုဘုန်းကြီး ၅ပါးကို လှေဖြင့် သယ်ဆောင်၍ မုံရွာမြို့သို့ ပြန်လည်ပေးအပ်ခဲ့ပါသည်။ နောက်တစ်နေ့တွင် ယင်းဘုန်းကြီး ၅ ပါးကို ခေါင်းဖြတ်၍ ခေါင်းပြတ်များကို ၀ါးလုံးထိပ်၌ ထိုးထားပြီး မြို့တစ်ပတ် လှည့်လည်ပြီးမှ မြစ်ထဲသို့ မျှောလိုက်ကြပါသည်။
မြေလတ်ပိုင်း မကွေးစသော မြို့များတွင်လည်း ဆန္ဒပြ လူအုပ်ကြီးသည် အရေးကြီးသော၊ အချက်အချာ ကျသော ရုံးများကို သိမ်းပိုက်၍ တပ်စွဲထားကြပါသည်။ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေးစသော မြို့နယ်များ မှာလည်း နံနက်မိုးလင်းမှစ၍ ည ၉နာရီအထိ ဆန္ဒပြ လှည့်လည် ဟစ်အော်လျက် ရှိကြပါသည်။ ဆန္ဒပြသူ များက မြို့များကို လွှမ်းမိုးသိမ်းဆည်းထား၍ ဆန်ဝယ်လိုသူများအား ဆန္ဒပြလှည့်လည်ရာသို့ လိုက်မှသာလျှင် ဆန်ဝယ်ယူခွင့်၊ ဆန်သယ်ယူခွင့်ပြုခဲ့ပါသည်။ ဆန္ဒပြရာ၌ မလိုက်ပါသူများမှာ မသေရုံတမည် ဆန်ပြုတ်သောက် နေကြရပါသည်။
ရန်ကုန်မြို့တော်ကို ဗဟိုပြု၍ တစ်မြို့လုံး အတိုင်းအတာဖြင့် မြို့များအသီးသီး၌ ဆူပူအုံကြွ၍ အထိန်းမကွပ်မရှိ၊ ရဲလည်းမရှိ၊ စစ်တပ်ကလည်း တပ်စခန်းအပြင်သို့ မထွက်ရသောကြောင့် လုပ်စားကိုင်စား သာမန် ပြည်သူ လူထုမှာ ဈေးရောင်းဈေးဝယ်မရှိ။ ဆန်စပါး သယ်ယူရခြင်းမရှိ။ ဟင်းသီးဟင်းရွက်၊ သား၊ ငါး သယ်ယူရခြင်း မရှိသောကြောင့် ပြည်သူလူထုမှာ အငတ်ပြဿနာ၊ အငတ်ဘေး ဆိုက်ရောက်နေတော့သည်။
ဆန္ဒပြလူထုကြီးသည် ရန်ကုန်မြို့တော်ကို ထိန်းချုပ်ထားသည်။ အသွားအလာများ ရပ်ဆိုင်းပြတ်တောက် လျက်ရှိပါသည်။ လမ်းမကြီးကို သစ်တုံးများ၊ သစ်ပင်များလှဲ၍ ပိတ်ဆို့ထားကြသည်။ အကယ်၍စစ်တပ် လာလျှင် ဂျင်ဂလိနှင့် ၀ိုင်းဝန်းပစ်ရန် စီမံနေကြသည်။
စီမံကိန်းရပ်ကွက်မှ ဖမ်းဆီးထားသော ယောက်ျား ၂၀၀ အနက် ၁၀ ဦးခန့်ကို ရပ်ကွက် အသီးသီးသို့ ဖြန့်ဝေပေးပြီး ခေါင်းဖြတ်သတ်စေရန် စီစဉ်ထားသည့်အတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းကဲ့သို့ ခေါင်းဖြတ်နေပုံ ပုံရိပ်များကို သတင်းစာများ၌လည်းကောင်း၊ စာကူးစက်(ကော်ပီယာ) များဖြင့်လည်းကောင်း သတင်းထုတ်ဝေ ဖြန့်ချိလျက်ရှိကြသည်။ ၀န်ကြီးများရုံး အရှေ့တောင်ဘက်ရှိ ဓာတ်ဆီဆိုင်မှာ ဌာနဆိုင်ရာ မော်တော်ယာဉ်များ ထည့်သွင်းရန် သတ်မှတ်ထားသော်လည်း ထိုအချိန်ကဆန္ဒပြ ခေါင်းဆောင်ဦးတင်ဦး၏ အမိန့်ရမှသာလျှင် ဓာတ်ဆီထည့်ခွင့် ရရှိပါသည်။ သတင်းစာများမှာလည်း အစိုးရဘက်မှ သတင်းကို ထည့်၍ မရတော့ဘဲ ဆန္ဒပြသူများဘက်မှ သတင်းကိုသာ ထည့်နိုင်တော့သည်။
တောင်ဥက္ကလာပမြို့နယ်၊ စီမံကိန်းရပ်ကွက်မှ ဖမ်းဆီးထားသော ယောက်ျား၂၀၀ ခန့်ကို ငွေကြာယံ ဆရာတော်က ကျောင်းတိုက်အတွင်းသို့ ခေါ်ယူထားပြီးနောက် သင်္ကန်းဝတ်ပေးလိုက်သည်။ ခရစ်ယာန်ကော၊ မွတ်ဆလင်ပါ အသက်ဘေးရန်ကို ကြောက်၍ သင်္ကန်းဝတ်ခြင်းကို ငြင်းဆိုခြင်း မပြုခဲ့ကြချေ။ လူ ၁၀ ယောက်ကို ခွဲတမ်းချ သတ်ဖြတ်ပြီးနောက် ညနေပိုင်းတွင် လူအုပ်ကြီးသည်ဓားကိုယ်စီကိုင်လာ၍ ငွေကြာယံ ဆရာတော်ထံမှ ထိန်းသိမ်းထားသော လူများကို ထုတ်ပေးရန် တောင်းဆိုကြသည်။ ဆရာတော်က ယင်းလူ ၂၀၀ ခန့်မှာ ရဟန်း ၀တ်သွားကြပြီဖြစ်ကြောင်း သတ်ဖြတ်ခွင့် မရှိတော့ကြောင်း ပြန်ကြားလိုက်ပါသည်။ ဤသို့ပြန်ကြားသည်ကို မကျေနပ်သောဆန္ဒပြ လူအုပ်သည် ညနေပိုင်းတွင် ဓားကိုယ်စီ ကိုင်ဆွဲ၍ ငွေကြာယံ ကျောင်းတိုက်သို့ လာရောက်ပြီး လူများကို ထုတ်ပေးရန် အတင်းအကျပ် ခြိမ်းခြောက် တောင်းဆိုကြသည်။ ဆရာတော်သည် ငြိမ်းချမ်းစွာ မေတ္တာရပ်ခံ ပြောကြားပါလျက် လက်မခံသော လူအုပ်ကြီးအား ““မင်းတို့မှ သတ္တိရှိတာ မဟုတ်ဘူး။ ငါလည်းယောက်ျားပဲ။ သတ္တိရှိရင် တက်လာခဲ့””ဟုဆိုပြီး ဓားကြိမ်းကြိမ်းလိုက်မှ လူအုပ်ကြီးသည် ပြန်သွားကြတော့သည်။ ထိုနေ့ညတွင် ဆရာတော်သည် ကိုရင်ဝတ်ထားသော လူ ၂၀၀ကို ကားများငှား၍ သူတို့၏ မိတ်ဆွေရှိရာ မြို့တွင်းသို့ ပေးပို့ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရုံးများ၊ ပါတီယူနစ်များကို ဆန္ဒပြလူအုပ်ကြီးသည် စိတ်တိုင်းကျ ဖျက်ဆီးခွင့် ရရှိကြသည်။ အကာအကွယ် လုံးဝမရှိခဲ့ချေ။ ဤအတောအတွင်း၌ ကောလာဟလများ အမျိုးမျိုး ပေါ်ပေါက် လာ၍ တာမွေဗလီကြီးရပ်ကွက်၊ ဖဆပလကွက်သစ်၊ နာနတ်တောလမ်းနှင့် ဆင်မလိုက်ရပ်ကွက်များတွင် ရဲများနှင့် လုံထိန်းများကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း တရားစီရင်ကြသည်။
မြေနီကုန်းအ၀ိုင်းတွင် လုံထိန်းတပ်ဖွဲ့သည် ဒီမိုကရေစီနည်းကျကျ တုတ်တိုမျှ ပင်ကိုင်ခွင့်မရဘဲ ကြိမ်ဒိုင်းများဖြင့်သာ လူထုကပစ်သမျှ၊ ပေါက်သမျှအုတ်ခဲဒဏ်ကို ကြံ့ကြံ့ခံနေကြရသည်။ ဆန္ဒပြ လူထုကို တစ်စုံတစ်ရာ ရိုက်နှက်ခွင့် မပြုခဲ့ပေ။ ကြာရှည်လာသောအခါ လုံထိန်းများ၊ ရဲသားများမှာ ဒဏ်ရာ အသီးသီး ရရှိလာကြသဖြင့် မော်တော်ကားပေါ်သို့တက်ရန် ရဲမှူးကြီးက အမိန့်ပေးလိုက်သည်။ ရဲမှူးကြီးက နောက်ဆုံး အချိန်တွင်းမှ ကားပေါ်သို့တက်ရန်ဖြစ်သည်။သို့ရာတွင် ကားပေါ်သို့မတက်မီ လူအုပ်ကြီး အုတ်ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်သောကြောင့် ရဲမှူးကြီး လဲကျသွားသည်။ လူအုပ်ကြီးက သနားညှာတာမှုမရှိဘဲ ရဲမှူးကြီးကို ဦးခေါင်းကြေမွသွားအောင် ၀ိုင်းဝန်း ထုပစ်လိုက်ကြသည်။
၁၅-၉-၁၉၈၈ ရက်နေ့
နံနက် ၃ နာရီခန့် အချိန်တွင် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အရှင်ဝဏ္ဏသီရိ အား တယ်လီဖုန်းဖြင့် ““ဟေ့ဝဏ္ဏ င့ါသိလား””။ ““မသိပါဘုရား””ဟု ဖြေလိုက်သည်။ ထိုအသံရှင်က ““သန်လျင် မင်းကျောင်းမှာ မင်းရဲ့တပည့် စန္ဒိမာကို လည်ပင်းမှာ ဓားတင်ပြီး ရင်ဝကိုဂျင်ဂလိနဲ့ ချိန်ထားတယ်။ မင်းရဲ့ကျောင်း ကိုလည်း မီးရှို့ပစ်မယ်”” ဟူ၍ပြောဆိုပြီး မင်းရဲ့တပည့်စန္ဒိမာလည်း ပြောလိုက်ဦးဆို၍ တယ်လီဖုန်းအသံရှင်က ဦးစန္ဒိမာအသံဖြင့် ““ဆရာတော်ဘုရား ကယ်ပါဦးဘုရား၊ တပည့်တော် သေရတော့မှာပါဘုရား။ လည်ပင်းကို ဓားတင်ပြီး ရင်ဝကို ဂျင်ဂလိနဲ့ ချိန်ထားပါတယ်””ဟု တုန်တုန်ယင်ယင် ကြောက်ကြောက်လန့်လန့် ဖြေကြားသည်ကို ကြားသိလိုက်ရပါတယ်။
ထိုအခါ ဦးဝဏ္ဏသီရိသည် နံနက် ၅ နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ကို ခေါ်ယူ၍ အကျိုးအကြောင်းကို ရှင်းပြပါသည်။ ““ငါဘယ်လိုလုပ်ရပါ့မလဲ။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ နုတ်ထွက်စာကို နံနက် ၁၀ နာရီအတွင်း လာရောက်ပေးရမည်ဟု ခြိမ်းခြောက် တောင်းဆိုထားတယ်။ မပေးရင် တိုက်အုပ်ဘုန်းကြီး ဦးစန္ဒိမာကိုသတ်ပြီး ကျောင်းကိုလည်း မီးရှို့ပစ်မယ်လို့ ပြောကြတယ်””ဟု ညည်းညူ ပြောကြားခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်က ““နံနက် ၈ နာရီ၊ ၉နာရီအချိန်မှာ နီးစပ်ရာ တယ်လီဖုန်းရှိတဲ့ နေရာကို ဖုန်းဆက်ပြီး မေးကြည့်ပါရစေဦး။ တကယ်ပဲ လူ ၂ ထောင်နှင့် ၀ိုင်းထားသလား။ ဟုတ်၊ မဟုတ် သေချာစွာ စုံစမ်းပြီးမှ ဆုံးဖြတ်ကြတာပေါ့ဟု လျှောက်ထားခဲ့ပါသည်။ ဆရာတော် အရှင်ဝဏ္ဏသီရိသည် ကျောင်းရှိသံဃာ ၂၀၀ ကို သပိတ်စခန်း ရုပ်သိမ်းပြီး ပြန်လာကြရန် သြ၀ါဒပေးသော်လည်း မပြန်လာခဲ့ကြသဖြင့် သံဃာ ၂၀၀ လုံးကို နှင်ထုတ်ခဲ့ပါသည်။ တိုက်အုပ်နှင့် စာချဘုန်းကြီး ၅ပါးသာ ကျန်ရစ်ပါတော့သည်။
နံနက် ၈ နာရီ၊ ၉ နာရီခန့်တွင် သန်လျင်မြို့ရှိ သန်လျင်မင်းကျောင်းနှင့် နီးစပ်သည့် နေအိမ်များကို ဖုန်းဆက်ပြီး သွားရောက် ကြည့်ရှုစေခဲ့ရာ ၀ိုင်းဝန်းထားခြင်း မရှိကြောင်း သတင်းရရှိပါသည်။ ထို့ကြောင့်ဆရာတော် အရှင်ဝဏ္ဏသီရိသည် မဟာနာယကအဖွဲ့မှ နုတ်ထွက်ကြောင်းစာကို ရေးသားပေးပို့ခြင်း ပြုရန် မလိုတော့ပါ။
ရန်ကုန်တိုင်း သံဃနာယက ဆရာတော်သီရိဝေလာ ဆရာတော်ကြီးသည် ညွှန်ကြားရေးမှူးချုပ် အား ပြောကြားလာသည်မှာ ““င့ါကိုခေါင်းဖြတ်မယ်လို့ ခြိမ်းခြောက်ကြတယ်။ ငါကလည်း ပြန်ပြောလိုက်တယ်။ လာခဲ့။ မင်းလည်း ခေါင်းတစ်လုံး၊ ငါလည်း ခေါင်းတစ်လုံး။ ဘယ်သူမှ ခေါင်းတစ်လုံး အပိုမရှိဘူး။ သူတစ်လုံး ကိုယ်တစ်လုံးဦးတဲ့ သူကဖြတ်ကြတာပေါ့”” ဟု ပြန်ပြောလိုက်သဖြင့် ခြိမ်းခြောက်သူများသည် ပေါ်မလာ တော့ချေ။
တစ်ဖန် သရက်တော ကျောင်းတိုက်ရှိ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မှန်ကျောင်း ဆရာတော်ကြီးအားလည်း ခေါင်းဖြတ်ပစ်မည်ဟု ပိုစတာကပ်ကြသည်ကို ညွှန်ကြားရေးမှူးချုပ်အား အကြောင်းကြားသည်။ ထိုအခါ ညွှန်ကြားရေးမှူးချုပ်က ““ဆန္ဒပြ လူအုပ်ကြီးမှာ သတ္တိမရှိပါဘူး။ ကိုယ်တော့် အနားမှာ သတ္တိရှိတဲ့တပည့် ၄၊ ၅ ယောက် ဓားကိုင်ပြီး အစောင့်ခိုင်းထားပေါ့။ ဓားမြင်ရင် ဒီလူအုပ်ကြီး ရင်မဆိုင်ရဲပါဘူး။ ထွက်ပြေးကြမှာပါ””ဟု အားပေးစကား ပြောကြား၍ အချိန်ကို စောင့်ဆိုင်းနေကြရသည်။ ဆန္ဒပြလူအုပ်ကြီးသည် ကြည့်မြင်တိုင် ဆန်ဂိုဒေါင်များ ဖောက်ယူခြင်း၊ ကမာရွတ်စီးကရက် စက်ရုံဖောက်ယူခြင်း၊ ရွှေဝါဆပ်ပြာ ဖောက်ယူခြင်း၊ ကုန်သွယ်ရေး ဂိုဒေါင်များ ဖောက်ယူခြင်း၊ သန်လျင်တံတား စီမံကိန်းအရ ဆောက်လုပ်နေသည့် စက်ရုံမှ ပစ္စည်းများကို ခိုးယူလုယက်ခြင်း စသည်ဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။
ထိုအချိန်တွင် အင်းစိန်အကျဉ်းထောင်ကို လူတစ်သောင်းခန့်က ၀ိုင်းဝန်း၍ အကျဉ်းသားများ ပြန်လွှတ်ပေး ရန် အော်ဟစ် တောင်းဆိုကြသည်။ အပြင်မှ အော်သံနှင့် ကြွေးကြော်သံကြောင့် အတွင်းရှိ ထောင်သားများလည်း ဆူပူ အုံကြွလာကြသည်။ နောက်တစ်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြစ်ဒဏ်မချမှတ် ရသေးသော အချုပ်သမားများနှင့် လွတ်ရန်ရက် အနည်းငယ်ကျန်သော အကျဉ်းသားများကို ထောင်မှ လွှတ်ပေးလိုက်သည်။ ဆန္ဒပြလူထု၏ တောင်းဆိုချက်ကြောင့် ထောင်သားများကို ထောင်ဝတ်ထောင်စားဖြင့် စရိတ်စကမပေးနိုင်ဘဲ အရေးပေါ် လွှတ်လိုက်ကြသည်။ လွတ်မြောက်လာသော အမျိုးသမီးထောင်သားများကို ကား၂ စီးတိုက်ဖြင့် ခေါ်ဆောင်လာပြီး သရက်တောတိုက်အလယ်၌ ချထား၍ ““ခင်ဗျားတို့ကို ကျုပ်တို့ ကျောင်းသားတွေက လွှတ်ပေးတာ။ ဆရာတော်များကိုလည်း ထမင်းကျွေးရန် လျှောက်ထားပေးမယ်”” လို့ပြောပြီး ထားပစ်ခဲ့ပါသည်။ တချို့သော ထောင်သားများမှာ မိမိတို့ အသိအကျွမ်းရှိရာ မြောက်ဥက္ကလာပ မြို့နယ်သို့ သွားရောက်ပြီး အသိ အကျွမ်း ရှာဖွေသည့်အခါ မြို့ခံလူထုက မယုံသင်္ကာ ဖြစ်ပြီး ဦးနေ၀င်းက ရပ်ကွက်ကို မီးရှို့ဖို့ လွှတ်လိုက်တာဟု ပြောပြီး ခေါင်းဖြတ် သတ်လိုက်ကြသည်။ အလားတူပင် အင်းလျားကန် အနီး၌ အင်းလျားကန်ဖျား ကျောင်းနှင့်အင်းလျားဝေဠုဝန် ကျောင်းတိုက်များအတွင်း၌ ကျူးကျော်တဲအိမ် ၅၀ ခန့် ရှိသည်။ လွတ်မြောက် လာသော အကျဉ်းသား ၂ ဦးသည် ထိုကျူးကျော်တဲများအတွင်းသို့ သွားရောက်၍ အသိအကျွမ်း ရှာဖွေ သည့်အခါ မတွေ့ရတော့ချေ။ လူအုပ်ကြီးက ရပ်ကွက်ကို မီးရှို့ဖို့လာတာ၊ အဖျက်သမားဟု သတ်မှတ်ပြီး အင်းလျားကန်စောင်းသို့ချုပ်ပြီး သတ်ဖြတ် မီးရှို့လိုက်ကြသည်။ ထိုအခါ နာမည်ကျော်ကြား ထင်ရှားသည့် သပိတ်မှောက် ခေါင်းဆောင် အမျိုးသမီးကြီးက ဒီလူတွေကို လက်လွတ်စပယ် မသတ်သင့်ကြောင်း၊ ရဲလက်သို့ အပ်သင့်ကြောင်း အကြံပြုသော်လည်း နားမထောင်ဘဲ ခေါင်းဖြတ်သတ်၍ အင်းလျားကန်စောင်း၌ မီးရှို့လိုက်ကြ သည်။
၁၇-၉-၁၉၈၈ ရက်နေ့
ရန်ကုန်မြို့တွင် ကုန်သွယ်ရေးရုံးချုပ်မှာ ၆ ထပ်ရုံးဖြစ်ပြီး ကုန်သွယ်ရေးရုံး၏ ဒုတိယ အထပ်၌ စစ်သား၂၅ ဦးပါသော တပ်စုတစ်စုကို တာဝန်ချထားသည်။ ယင်းတပ်စု၌ ၂ လက်မ မော်တာကျည်ဆန်များ၊ လက်ပစ်ဗုံး များ၊ ဂျီသရီးကျည်ဆံများ အပြည့်အစုံပေးအပ်ထားသည်။ နေ့လယ် ၁ နာရီအချိန်တွင် စစ်သား တစ်ယောက်သည် ကုန်သွယ်ရေးရုံး ပထမထပ် ပြတင်းပေါက်မှ ခြေထောက် တစ်ဖက်ထုတ်၍ အိပ်စက် နေသည်။ ထိုအခါ ဆန္ဒပြလူအုပ်ထဲမှ တစ်ယောက်သည် စစ်သား၏ခြေသလုံးကို ဂျင်ဂလိဖြင့်ပစ်ခတ် လိုက်သည်။ စစ်သားသည် ရုတ်တရက် စိတ်ဆိုးမာန်ဆိုးဖြစ်လာပြီး မျက်နှာချင်းဆိုင် အုတ်တိုက်ကို ဂျီသရီးဖြင့် ပစ်ခတ်လိုက်သည်။ ကျည်ဆန်သည် အုတ်နံရံကိုမှန်၍ အုတ်နံရံမှ အင်္ဂတေခဲတစ်ခုသည် ကွာထွက်လာပြီး ဆန္ဒပြလူတစ်ဦး၏ ဘိုကေကိုရှပ်၍ ထိမှန်သွားသည်။ ထိုအခါ ဆန္ဒပြသူကငါတို့ကို စစ်သားတွေသေနတ်ဖြင့် ပစ်တယ်ဟု ဟစ်အော်ပြောဆိုသဖြင့် လူထုပရိသတ် နှစ်သောင်းခန့်သည် ကုန်သွယ်ရေးရုံးချုပ်ကို ၀ိုင်းထားကြ၍ ဘာဂျာတံခါး၊ သံတံခါးများကို ရိုက်ဖျက်ကြသည်။ စစ်သားများသည် ပထမထပ်ကို သော့ခတ်၍ ဒုတိယ အထပ်သို့ တက်သွားကြသည်။ ဤနည်းအားဖြင့် နောက်ဆုံးအပေါ်ဆုံးထပ် ၅ ထပ်သို့ရောက်ရှိ သွားကြတော့သည်။ ယင်းကိစ္စကို စစ်သားများနှင့် ပဋိပက္ခ မပြုလုပ်ရန် ဆန္ဒပြခေါင်းဆောင် (အကြီးအကဲ) ကိုယ်တိုင် လာရောက် တားမြစ်သော်လည်း ယင်းအကြီးအကဲ၏ စကားကို လုံးဝ နားမထောင်ခဲ့ချေ။
ဤသို့ဖြစ်နေချိန်တွင် သရက်တော ကျောင်းတိုက်မှ သံဃာများက လူအုပ်ကြီးကို နောက်ဆုတ်ခိုင်းပြီး ငါတို့ ဖြေရှင်းပေးမယ်ဟူ၍ ကြားဝင်ဖျန်ဖြေလိုက်သည်။ အချိန်မှာ နေ၀င်နေပြီဖြစ်သည်။ ဘုန်းကြီးများသည် စစ်သားများထံမှ လက်နက်များကို အပ်စေရန်နှင့် စစ်သားများ၏အသက်ကို တာဝန်ယူကြောင်း ကတိပေးကြ ပါသည်။
ထိုအခါ ခေါင်းဆောင်ဖြစ်သော တပ်စုမှူးသည် သက်ဆိုင်ရာ ရုံးချုပ်သို့ အမိန့်တောင်းခံ လိုက်ပါသည်။ ခုခံပစ်ခတ် နှိမ်နင်းလိုက်ရန် အမိန့်တောင်းခံသည်။ ရုံးချုပ်မှ အမိန့်မပေးသောကြောင့် စစ်သားများအနေဖြင့် အမိန့်ကို လိုက်နာကြရန်သာ ရှိတော့သည်။ အကယ်၍သာ ယင်းတပ်စုအနေဖြင့် ရှိသမျှလက်နက်ကို အသုံးပြု ပစ်ခတ်နှိမ်နင်းလိုက်ပါက အနည်းဆုံး လူတစ်သောင်းကျော် သေကျေ ပျက်စီးသွားနိုင်ပေသည်။ သက်ဆိုင်ရာ ရုံးချုပ်မှ လက်နက်ချရန် အမိန့်ပေးလိုက်သည်။ ထိုအခါရန်ကုန်တိုင်း၊ တိုင်းမှူးကြီးသည် စစ်တက္ကသိုလ်တွင် ကျွန်တော်တို့ သင်ကြားခဲ့ရသည်မှာ ထိုးစစ်၊ ခံစစ်၊ ခွာစစ် ၃ မျိုးကိုသာ သင်ယူခဲ့ရပါတယ်။ လက်နက်ချအရှုံးပေး စစ်ဗျူဟာကို ကျွန်တော်တို့ မသင်ခဲ့ရပါဘူး””ဟူ၍ ၀မ်းနည်းပက်လက်ဖြစ်ကာ သတိမေ့သွားသဖြင့် ဆေးရုံသို့ တင်လိုက်ရပါတော့သည်။
ကုန်သွယ်ရေးရုံးချုပ်ပေါ်ရှိ စစ်သားများထံမှ လက်နက်များကို ဘုန်ကြီးများက ရယူပြီးသောအခါ လူအုပ်ကြီးကို အနားမကပ်ရန် အမိန့်ပေးပြီး စစ်သားများကို ယူနီဖောင်းချွတ် အရပ်ဝတ်လဲပြီး ကားတစ်စီးဖြင့် တင်ဆောင်၍ မြို့တော်ခန်းမသို့ ပို့ပေးလိုက်ပါတော့သည်။
ထိုအခါ ဤကဲ့သို့ အပြစ်ကင်းမဲ့သော စစ်သားများကို လူအုပ်ကြီးက ဖမ်းဆီးသတ်ဖြတ် လိုက်သည်ဟူသော ကောလာဟလ သတင်းသည် ရန်ကုန်မြို့တွင်း၌ ပျံ့နှံ့သွားတော့သည်။ ထိုသတင်းကို ကြားသိရသော ဗန္ဓုလပန်းခြံတစ်ဝိုက်ရှိ စစ်သားများသည် မကျေနိုင် မချမ်းနိုင်ဒေါသမီး ဟုန်းဟုန်းတောက်လောင်ပြီး ““ငါတို့စစ်သားတွေက နှစ်ပေါင်း ၄၀ ကျော် ဒီတိုင်းပြည်ကို ကျွန်မဖြစ်အောင် ကာကွယ်စောင့်ရှောက် လာရတာ၊ ဘာဆိုင်လို့ ဒီလူအုပ်ကြီးက သတ်ဖြတ်ရတာလဲ။ ဒီလိုဆိုရင်တို့လည်း တောခိုတော့မယ်။ တွေ့ကရာလူတွေကို အကုန်ပစ်သတ်ပြီး တောခိုပြီး သူပုန်လုပ်တော့မယ်””ဟု အော်ဟစ်ကြိမ်းမောင်းလျက် သေနတ်များကို မိုးပေါ်သို့ ထောင်ပစ်ခြင်း၊ အချို့က သေနတ်ကို ရိုက်ချိုးခြင်း ပြုလုပ်ကြတော့သည်။ ဤသို့ဖြစ်နေသည်ကို မကြည့်ရက် နိုင်သော တာဝန်ရှိ အကြီးအကဲများက စစ်သည်တော်များကို ငြိမ်းအေးသွားစေရန် ချော့မော့ဖျောင်းဖျကြသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment