Friday, April 24, 2015

ရဲတပ်ဖွဲ့ ပစ်ခတ်သဖြင့် သေဆုံးသည့် ဒေါ်ခင်ဝင်း ရဲတပ်ဖွဲ့စခန်းမှူး တရားလိုလုပ်၍ တရားစွဲဆိုခြင်းမှာ မူမမှန်ဟုဆို

 ရန်ကုန်၊ဧပြီ ၂၂

ရဲတပ်ဖွဲ့မှ ပစ်ခတ်ခဲ့သော သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော မိုးကြိုးပြင် အလယ်ရွာမှ ဒေါ်ခင်ဝင်း သေဆုံးမှု ကို ဆားလင်းကြီးမြို့မ ရဲစခန်းမှ စခန်းမှူး ဦးသန်းနိုင်က တရားလိုအဖြစ် တရားစွဲဆိုမှုကို ဒေါ်ခင်ဝင်း၏ မိသားစုများကို ချက်ချင်း အကြောင်းကြားခြင်း မရှိဘဲ ယင်းကဲ့သို့ တရားလိုပြုလုပ်၍ တရားစွဲဆို ပေးမှုကို အယုံအကြည် မရှိကြောင်းနှင့် မူမမှန်သည့် ပုံစံဖြစ်ကြောင်း ဒေါ်ခင်ဝင်း၏ ယောက်မတော်စပ်သူ ဒေါ်ခင်မာအေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဒီဇင်ဘာ၂၂ ရက် ၂၀၁၄ ခုနှစ်က လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့အကြား ပဋိပက္ခဖြစ်ပေါ်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာမှ ဒေါ်ခင်ဝင်း၏ ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန်၍ သေဆုံးခဲ့သည်။

ထိုသေဆုံးမှုကို ဆားလင်းကြီးမြို့နယ် တရားရုံးတွင် သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၅ ဖြင့် စစ်ဆေးခဲ့ပြီး ဧပြီ ၉ ရက်တွင် တရားသူကြီးမှ ဒေါ်ခင်ဝင်း သေဆုံးမှုသည် သာမန် သေမှုသေခင်းမျိုး မဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့က ပစ်ခတ်သည့် သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း အမိန့်ချမှတ်ခဲ့သည်။

ယင်းအမိန့်ချပြီးသည့်နောက် ဆားလင်းကြီး မြို့မရဲစခန်းမှ သေမှုသေခင်းမှ လူသတ်မှုဖြင့် အမှုပြန်လည် ပြင်ဆင်၍ ဖွင့်လှစ်ခဲ့ပြီး စခန်းမှူး ဦးသန်းနိုင်က တရားလိုအဖြစ် တရားစွဲဆိုခဲ့သည်။

““ခုလိုတရားလိုလုပ်ပြီး တရားစွဲတာတော့ ကျွန်မတို့အနေနဲ့ အယုံအကြည် ကင်းမဲ့တယ်။ စွဲချက်တင်တဲ့ အခါတုန်းက ရဲမှူးတွေကို တော်တော့်ကို စကားခက်ခက်ခဲခဲ ပြောယူရတယ်။ အခုကျမှ စခန်းမှူးက တရားလို အဖြစ် တရားစွဲတာက ကျွန်မကိုလည်း အကြောင်းကြားခြင်း မရှိဘူး။ ဒီမနက် ရေဒီယိုဖွင့်မှ ရဲမှူးသန်းနိုင်ကနေ ဒေါ်ခင်ဝင်းအတွက် တရားလိုအဖြစ် တရားစွဲဆိုတာက ကျွန်မတို့ဖြင့် အံ့သြစရာကြီးရယ် အိပ်မက်များ မက်နေ သလားလို့ ထင်မိတယ်”” ဟု ဒေါ်ခင်မာအေးက ပြောသည်။ တရားစွဲဆိုရန် ကြိုးစားစဉ်ကာလတွင် ရှေ့နေများ ကွန်ရက်အဖွဲ့အစည်းနှင့် ၈၈ မျိုးဆက်အဖွဲ့ အစည်းတို့၏ အကူအညီများယူ၍ စွဲချက်တင်ခဲ့ရကာ ယင်းအချိန် ကတည်းက ရဲစခန်းမှ ပြည်သူလူထုကို အကူအညီပေးကာ တရားလို ပြုလုပ်၍ တရားစွဲဆိုမှုများ ပြုလုပ် ပေးမည် ဆိုပါက မိမိတို့အနေဖြင့် မည်သည့် အဖွဲ့အစည်းမှ အကူအညီ တောင်းခံခဲ့ရမည် မဟုတ်ကြောင်း ဒေါ်ခင်မာအေးက ပြောသည်။ တရားလိုအဖြစ် ဆောင်ရွက်ပေးနေသော ဆားလင်းကြီး မြို့မရဲ စခန်းမှူး ဦးသန်းနိုင်က ““သေမှုသေခင်း ဖွင့်ပြီးတဲ့နောက်ပိုင်းမှာ အသတ်သေတယ်လို့ ယူဆလို့ရှိရင် ရဲကပဲ တရားလို လုပ်ရတယ်။ စခန်းမှူးပဲ လုပ်ရမှာလေ။ ရှေ့ဆက် လုပ်ဆောင်ဖို့ကတော့ စစ်ချက်ပေါ် မူတည်ပြီး လုပ်ဆောင် ရမှာပေါ့”” ဟု ပြောသည်။

““တရားသူကြီးကတော့ ဒေါ်ခင်ဝင်း ကျည်ဆန်ရာကြောင့်မို့ သေတယ် ဆိုတာကတော့ ထင်ရှားသွားပြီလေ အဲ့ဒါကတော့ သူတို့ ဘယ်လိုပဲ ဖုံးဖုံးဖိဖိ မရတော့ဘူးလေ။ အမှန်တရား ဖော်ထုတ်ပေးမယ့် ပေါ်မှပေါ်ပါ့ မလားလို့ ထင်မိတယ်။ သူတို့ဘက်ကပဲပစ် သူတို့ဘက်က ရဲမှူးတွေပဲ တရားလိုလုပ်ပြီး တရားစွဲတာကတော့ မူမမှန်တဲ့ ပုံစံဖြစ်နေတယ်””ဟု ဒေါ်ခင်မာအေးက ပြောသည်။

သဇင်လှိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment