ရန်ကုန် (မဇ္ဈိမ)။ ။ အမှတ်(၂) သံမဏိ (ပင်းပက်) စက်ရုံလည်ပတ်ရန် လိုအပ်သည့် ကျောက်မီးသွေးများကို တူးဖော်တင်သွင်းရန် လုပ်ကိုင်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို စက်မှုဝန်ကြီးဌာနမှ စိတ်ဝင်စားမှု အဆိုပြုလွှာများ စတင်ခေါ်ယူထားသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ အမှတ် (၂) သံမဏိစက်ရုံ စတင်လည်ပတ်ပါက တစ်ရက်လျှင်
ကျောက်မီးသွေး တန်ချိန် ၁၅၀၀ ခန့် လိုအပ်မည်ဖြစ်သည့်အတွက် အဆိုပါ ကျောက်မီးသွေး တင်သွင်းရန် လုပ်ကိုင်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို စိတ်ဝင်စားမှု အဆိုပြုလွှာ(Expression Of Interest-EOI ) တင်သွင်းရန် ဝန်ကြီးဌာနမှ ခေါ်ယူထားခြင်း ဖြစ်သည်။
သံမဏိစက်ရုံအတွက် လိုအပ်မည့် ကျောက်မီးသွေးများကို ကျေးသီး၊ ဟိုပုံး (ညောင်ရမ်း) နှင့် နမ့်စန် ဒေသများတွင် တူးဖော်
ရရှိနိုင်မည်ဖြစ်ပြီး ကျေးသီးဒေသမှ ထွက်ရှိလာမည့် ကျောက်မီးသွေးများကို ပညာရှင်များမှ လက်ခံထားသည့်အတွက်
ကျေးသီးဒေသမှ တန်ချိန် ၆၀,၀၀၀ ကို ဦးစားပေး တူးဖော်ရမည် ဖြစ်သည်။
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကို ရုရှနိုင်ငံ TPE ကုမ္ပဏီမှ စက်ပစ္စည်းနှင့် နည်းပညာများကို အသုံးပြုကာ တစ်နှစ်လျှင် သံစိမ်း
တန်ချိန် နှစ်သိန်း ထုတ်လုပ်သွားမည်ဖြစ်ပြီး ပင်းပက်ဒေသရှိ သံသတ္တုရိုင်းကို ကြိတ်ခြွေသန့်စင်ကာ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)
သို့ ပေးပို့သွားမည် ဖြစ်သည်။
ကျောက်မီးသွေးများ တူးဖော်ပေးသွင်းရန် လုပ်ကိုင်လိုသည့် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ အနေ ဖြင့် ကျောက်မီးသွေးများ ပေးသွင်းရာတွင် သတ်မှတ် အရေအတွက်အတိုင်း ဈေးနှုန်းသင့်တင့်စွာ ပေးသွင်းနိုင် ရမည်ဖြစ်ပြီး ကျောက်မီးသွေးလိုအပ်ချက် ပမာဏများပြားသည့်အွက် တင်ဒါခေါ်ယူရာတွင် တစ်ဦးမှ သုံးဦးအထိ ရွေးချယ်သွားမည် ဖြစ်သည်။
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)ကို လာမည့် အောက်တိုဘာလတွင် လုပ်ငန်းများ စတင်လည်ပတ်ရန် လျာထားဆောင်ရွက်နေပြီး ပင်းပက်သံမဏိစက်ရုံ စီမံကိန်းသည် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် သံမဏိစက်ရုံစီမံကိန်းနှစ်ခုအနက် တစ်ခုဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment