Sunday, October 26, 2014

ဟိုတယ်များတွင် ကာစီနိုကစားဝိုင်းများ ဖွင့်ခွင့်ပြုရန်စီစဉ်

ရန်ကုန်၊ အောက်တိုဘာ ၂၄

  မြန်မာနိုင်ငံသို့ လာရောက်အနားယူကြသော နိုင်ငံခြားသားများအတွက် ပြည်တွင်းဟိုတယ်များတွင် ကာစီနို လောင်းကစားရုံများ ဖွင့်ခွင့်ပြုရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
ပြည်တွင်းဟိုတယ်များတွင် ကာစီနို လောင်းကစားဝိုင်း လုပ်ငန်းများ ခွင့်ပြုနိုင်ရန် လောင်းကစား ဥပဒေကြမ်းတွင် ယင်းအချက်ကို ထည့်သွင်းရေးဆွဲထားပြီး နိုင်ငံခြားသားများကိုသာ ခွင့်ပြုမည်ဖြစ်ကာ နိုင်ငံသားများ လာရောက်ကစားပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကြယ်သုံးပွင့်ကနေ ငါးပွင့်အဆင့် ရှိတဲ့ ဟိုတယ်တွေမှာပဲ ခွင့်ပြုမှာပါ။ ပြီးတော့ ပြည်ထဲရေးကလည်း ကန့်သတ်ဧရိယာတွေ သတ်မှတ်ထားမှာပါ” ဟု ၎င်းကဆိုသည်။
ကာစီနို လောင်းကစားဝိုင်းများ ခွင့်ပြုရန် စီစဉ်ခြင်းသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာသော နိုင်ငံခြားသားများ အပန်းဖြေနိုင်ရန်အတွက် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီလိုမျိုး ဖွင့်ပေးတာ အထိုက်အလျောက် ကောင်းတယ်။ ကာစီနို မြို့တော်ကြီးတွေလိုမျိုး ဖြစ်သွားရင် နိုင်ငံအတွက် ဝင်ငွေရသလို အခြားဆိုးကျိုးတွေလည်း အများကြီး ရှိလာနိုင်တယ်။ ရဲတပ်ဖွဲ့က ဥပဒေတွေနဲ့ မှန်မှန်ကန်ကန် ထိန်းကျောင်းဖို့ လိုတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ခုနစ်သန်းအထိ ဝင်ရောက်ရန် မျှော်မှန်းထားပြီး ယခုနှစ်တွင် ခရီးသွားဧည့်သည် နှစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

Credit - The Voice Weekly

No comments:

Post a Comment