Friday, October 31, 2014

တပ်မတော် မသန်စွမ်းဟောင်းတစ်ဦး၏ အသနားခံစာ – ပေးစာ

  နိုင်ငံတော် သမ္မတကြီးခင်ဗျား သမ္မတကြီး၏ တတိယအကြိမ် မိဘပြည်သူများ ခင်ဗျားဆိုပြီး အမြဲတမ်း မိန့်ခွန်းပြောကြားခဲ့တဲ့ စကားသံလေး ကိုတော့ လေးစားခဲ့ပါတယ်။ သမ္မတကြီး၏ ဆင်းရဲသား ပပျောက်ရေး၊ တန်းတူ အခွင့်အရေးဆိုတဲ့ စကားလေး တွေကလည်း အင်မတန်ကို နားဝင် ချိုရပါတယ်ခင်ဗျား။
ဒါပေမဲ့ခင်ဗျာ သမ္မတကြီး၏ အစိုးရအဖွဲ့တိုင်း အုပ်ချုပ်သူတွေကတော့ ဆင်းရဲသား ပပျောက်ရေး၊ တန်းတူ အခွင့်အရေးတွေကို ဘေးချိတ်ပြီး ၎င်းတို့အာဏာပိုင် အဖွဲ့များ အပေါ်ကိုသာ အပြည့်အ၀ အခွင့်အရေးတွေ ပေးနေ တာ နေရာတိုင်းမှာ လက်တွေ့ တွေ့နေရပါတယ် ခင်ဗျာ။ ကျွန်တော်လည်း တပ်မတော်သား တစ်ယောက်ပါ။ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်
ရင်း ခြေတစ်ဖက် ပေးလှူခဲ့ရသူပါ။ တပ်မတော်က ကျွန်တော့်ကို စီမံကိန်း လုပ်သားအဖြစ်နဲ့ ဆည်မြောင်းဌာနမှာ တာဝန်ထမ်းဆောင်ဖို့ လွှဲပေးခဲ့ပါတယ်။ ကျွန်တော်လည်း တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ တဖြည်းဖြည်း ပင်စင်နား နီးလာပါပြီ။ ကျွန်တော့်လို ဒုက္ခိတ တစ်ယောက်အဖို့ ပင်စင်ယူပြီးလျှင် နေစရာ အိမ်ခြံမြေပင် မရှိပါ။ မိမိဘာသာ မြေလွတ်မြေလပ်လေးမှာ သစ်ပင်စိုက်၊ ခြံလေးကာ၊ တဲလေးဆောက်ထားတဲ့ နေရာလေးကိုတောင် အထက် ရာထူးကြီးကြီးတွေက လုယူတာ ခံလိုက်ရပါတယ်။ သမ္မတကြီး ရဲ့ ဆင်းရဲသား ပပျောက်ရေး၊ တန်းတူအခွင့် အရေးဆိုတဲ့ စကားတွေဟာ တိုင်းဒေသကြီး အစိုးရနဲ့ မသက်ဆိုင်သလို သမ္မတကြီးရဲ့ စကားကိုလည်း ဂရုမစိုက်သလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဖြစ်စဉ်ကို ကြည့်ရင် အစိုးရ အဖွဲ့အစည်း ၀န်ထမ်းနဲ့ ပြည်သူ့ဝန်ထမ်းဆိုတဲ့ စကားနှစ်လုံးရဲ့ အနှစ်သာရကို ခွဲခြား သိခဲ့ရပါတယ်။ အုပ်ချုပ်သူ အစိုးရအဖွဲ့ လူတန်းစားနဲ့ ကျွန်တော်တို့လို အောက်ခြေ ၀န်ထမ်းငယ်တွေ ဘ၀တွေနဲ့ ခွဲခြား တားဆီးခြင်းတို့ကသာ အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်နေတာကို ဒီဖြစ်စဉ် ကလေးကိုသာ ဖတ်ကြည့်ပေးပါခင်ဗျာ။
ကျွန်တော်အပါအ၀င် ၀န်ထမ်း ၁၅ ဦး တို့သည် ကျွန်တော်တို့၏ တိုင်းဆည်မြောင်း နောက်ကျောဘက် (၁၇)ရပ်ကွက်ဘေး နှစ်ပေါင်း များစွာ မြေလွတ်မြေလပ်၌ ပေ (၆၀x၄၀) အကွက်လေးများ ရိုက်ပြီး (၂-၉-၂၀၁၄)တွင် ၀န်ကြီးချုပ်ရုံးသို့ မြေနေရာများ လျှောက်ထားခဲ့ပါသည်။ ခြံစည်းရိုးခတ်ပြီး တဲဆောက်ခြင်းများကို ချွေးနှဲစာထဲမှ ဖဲ့ထုတ်ပြီး ဆောက်လုပ်၍ နေထိုင်ခဲ့ကြပါသည်။ ကျွန်တော်တို့ လုပ်ပြီးခါမှ ကျွန်တော်တို့အား ဖျက်ခိုင်းပြီး မဖျက်ပါက ထောင်ချမည်၊ အလုပ်ဖြုတ်မည်ဟု ပြောပါသည်။ ကျွန်တော်တို့ထဲမှ လုပ်သက် ၁၀ နှစ်ကျော်ရှိသည့် ၀န်ထမ်းများကြောက်ပြီး ၈ ဦး ထွက်သွားပါသည်။ ကျန်သော ကျွန်တော်တို့ (၇)ဦးနှင့် အရပ်သား (၆)ဦး၏ တဲများကို ၀န်ကြီးချုပ်၏ နှုတ်မိန့်ဖြင့် ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်နှင့် ကျူးရှင်းလင်းရေး ခေါင်းဆောင် ဦးဟိန်းလတ်တို့က (၁၃-၃-၂၀၁၃)တွင် လူအင်အား(၂၀)ခန့်နှင့် လာရောက် ဖျက်ဆီး ခဲ့ကြပါသည်။ ၎င်းမြေနေရာ ပေ (၁၂၀၀)ခန့်အား အစိုးရပိုင်မြေဟု ပြောပြီး ခြံစည်းရိုးများ အခိုင်အမာ လာရောက် ခတ်ခဲ့ပါသည်။
ယခုအခါ ၎င်းမြေနေရာအား အစိုးရ အဖွဲ့အစည်းမှ စသုံးလုံးညွှန်မှူး၊ စည်ပင်ညွှန်မှူးနှင့် ရဲမင်းကြီး၊ ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်မှူးဟောင်း ကတော်တို့အား ပေ (၆၀ x ၅၀)အကွက်များ ရိုက်ပြီး ချပေးခဲ့ပါသည်။ ဗိုလ်မှူးဟောင်းကတော် ရရှိသော ပေ(၁၅၀ x ၅၀)မှာလည်း ရောင်းချ ထားပြီးကြောင်းလည်း သိခဲ့ရပါသည်။ ကျွန်တော်တို့လို မရှိဆင်းရဲသား အောက်ခြေ ၀န်ထမ်းငယ်များ နေစရာမရှိသော သူများ လျှောက်ထားသည်ကို လျစ်လျူရှုပြီး အရာရှိကြီးများကို ချပေးလိုက်သည်မှာ (လုံးဝ) တရားမျှတမှု မရှိပါ။ ၎င်းညွှန်မှူးနှင့် တိုင်းအဆင့် အရာရှိကြီးများမှာ သူတို့ပိုင် ခြံကွက်များ အများအပြား ရှိပြီးသူများသာ ဖြစ်ပါသည်။ ကျွန် တော်တို့လို ၀န်ထမ်းငယ်များမှာ ပဲခူးမြေ တစ်ကွက် ၀ယ်နိုင်စရာ ငွေကြေးလည်း မရှိကြပါ။ ထိုအရာရှိများမှာ အမှန်တကယ် နေထိုင်မည့် သူများလည်း မဟုတ်ကြပါ။ (ပြည့်ပြီးသား အိုးများကို ထပ်ဖြည့်ပေးနေ ကြခြင်းသာ ဖြစ်ပါသည်။)
ကျွန်တော်တို့၏ ချွေးနှဲစာဖြင့် ဆောက်ခဲ့ရသော တဲများ၊ ခြံစည်းရိုးများ ဆုံးရှုံးခဲ့ရပြီး ၎င်းဝန်ထမ်းများထဲမှ ပင်စင် ရရှိသော ၀န်ထမ်း (၂)ဦးမှာ နေစရာ ခြံမြေမရှိသည့်အတွက် ဒုက္ခရောက်နေခဲ့ရပါပြီ။ ယခုအခါ ဒု-၀န်ကြီး ပြည်ထဲရေး ၀န်ကြီးဌာန၊ နေပြည်တော်ကို အသနားခံ တင်ပြခဲ့သော်လည်း လုံးဝ အကြောင်းမထူးဘဲ ၎င်းအရာရှိကြီးများက ၎င်းနေရာပေါ်တွင် ခြံစည်းရိုးများ လာရောက် ခတ်ခြင်းများ၊ အချို့အရောင်း အ၀ယ် စကားများပင် ပြောဆိုနေပါပြီ။ ကျွန်တော်တို့ ၀န်ထမ်းငယ်များမှာ ၎င်းနောက် ဘေးကိုကြည့်ပြီး စိတ်မချမ်းမြေ့စွာ နေထိုင်ခဲ့ရပါသည်။
ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမလဲ။ ဘယ်သူ့ကို လေးစားရမလဲ။ ၀န်ထမ်းငယ်များ၏ ခြံကွက်များကို အာဏာအားကိုး၊ ရာထူး အရှိန်အ၀ါများနှင့် အနိုင်ကျင့် လုယူကြသည်။
ကျွန်တော်တို့လည်း တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီမှာ မြေပေးမိန့် တောင်းခဲ့ ပါတယ်။ အောက်ခြေ ၀န်ထမ်းငယ်များ ကျတော့ အတင်းဖျက်ခိုင်းပြီး ရာထူးကြီးကြီးများ ကျတော့ ခြံကွက်များ ချပေးခဲ့ပါတယ်။ မျက်နှာကြီးရာ ဟင်းဖတ်ပါ လုပ်ဆောင်ခဲ့သည်မှာ အထင်အရှားပါ။ ကျွန်တော်တို့မှာ အားကိုးစရာ လုံးဝမရှိဘဲ အဘက်ဘက်က ဆုံးရှုံးခဲ့ရပါပြီ။ ဘယ်အာဏာပိုင်ကို လေးစားရမလဲ။ ကျွန်တော်လည်း တိုင်းပြည် အတွက် ခြေတစ်ဖက် စွန့်လွှတ်ခဲ့ရသူပါ။ ဘွဲ့ထူးဂုဏ်ထူးတော့ မရခဲ့ဘူးပေါ့။ ကျွန်တော့်ရဲ့ မျှော်လင့်ချက် ၀န်ထမ်းငယ် များရဲ့ မျှော်လင့်ချက်များ ပျောက်ဆုံး ခဲ့ရပါပြီ။
သမ္မတကြီး၏ ဆင်းရဲသား ပပျောက်ရေး၊ တန်းတူ အခွင့်အရေးဆိုတာ ကျွန်တော်တို့နှင့် မသက်ဆိုင်သလို ဖြစ်နေ ပါသည်။ အစိုးရအမှုထမ်းနှင့် ကျွန်တော်တို့လို အောက်ခြေပြည်သူ့ဝန်ထမ်း ခွဲခြားထားလိုက်တာ ကိုလည်း သိခဲ့ရပါသည်။ ၀န်ကြီးချုပ်နှင့် အာဏာပိုင် အဖွဲ့အစည်းများ၏ မျက်နှာလိုက်မှုကိုလည်း တွေ့ခဲ့ရပါပြီ။ မျက်နှာကြီးရာ ဟင်းဖတ်ပါတာလည်း တွေ့ခဲ့ပါပြီ။ အစိုးရပိုင်မြေဟု မြို့နယ်အုပ်ချုပ်ရေးမှူး ပြောခဲ့သလို အစိုးရ ထိပ်တန်း အရာရှိများကို ပေးလိုက်သည်မှာ သဘာဝကျပါသည်။
သို့ပါသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နီးစပ်ရာ ပုဂ္ဂိုလ်ကို လိုက်၍ အခွင့်အရေးပေးခြင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး အနေဖြင့်လည်း ရာထူးဂုဏ်ရှိန်ကိုလိုက်၍ ပုဂ္ဂိုလ် အကျိုးစီးပွားကို အကာ အကွယ် ပေးခြင်းနှင့် မရှိနွမ်းပါးသူများ၏ အလိုဆန္ဒကို မျက်ကွယ်ပြု၍ လက်လွတ်စပါယ် ပြုလုပ် ခဲ့ခြင်းတို့ကြောင့် ကူရာမဲ့ နေရေး အခက်အခဲရှိသူ ကျွန်တော်နှင့် ၀န်ထမ်းငယ်များ၏ အခြေအနေမှန်ကို အမြန်ဆုံး လေ့လာစိစစ်၍ တရားသဖြင့် ကူညီပေးပါရန် အားကိုးစွာဖြင့် လူကြီးမင်းတို့အား အသနားခံ တင်ပြအပ်ပါသည်။

ဦးကြည်လွင်
တပ်မတော်မသန်မစွမ်း
က/ပ၄၉၈၇၈၃

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment