Friday, October 31, 2014

နေပြည်တော်ထိပ်သီးဆွေးနွေးပွဲ အိုဘားမား၏နိုဝင်ဘာခရီးကို ဇက်ကြောဆွဲပေးသလိုဖြစ်ဟု ဝေဖန်မှုထွက်ပေါ်

နေပြည်တော်တွင် ၃၁.၁၀.၂၀၁၄ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သော နိုင်ငံရေး ထိပ်သီး ဆွေးနွေးပွဲမှာ မကြာမီ မြန်မာနိုင်ငံကို လာရောက်မည့် အမေရိကန်သမ္မတ ဘားရတ်အိုဘားမား၏နိုဝင်ဘာခရီး ကို ဇက်ကြောဆွဲပေးသည့်အနေအထားသာရှိနေကြောင်း ဝေဖန်ပြောဆိုမှုများ ရှိသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းတင် ၊ ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့
(UNA) ခေါင်းဆောင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ၊ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့(FDA) ခေါင်းဆောင် ဦးခင်မောင်ဆွေ ၊ တိုင်းရင်းသား ညီနောင်များ ဖက်ဒ ရေးရှင်း(NBF) အဖွဲ့ ခေါင်း ဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း စုစုပေါင်း ၁၀ ဦး တို့တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
"ဆွေးနွေးတာကလည်း ၁၀ မိနစ်ပြည့်ရင် တစ်ယောက်ပြီးပြီ။ ၁၀မိနစ်ပြည့်တာနဲ့ Bell တီးတယ်လေ၊ အစကတည်းက ဘာတွေကိုဆွေးနွေးမယ်၊ ဘယ်သူတွေပါတယ်၊ ဘယ်လိုရလာဘ်တစ်ခုကိုထုတ်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုင်္တေမရှိတဲ့အတွက်ကြောင့် အစိုးရအနေနဲ့ တစ်ခုခုပြောစရာရှိလို့ ခေါ်တာမျိုးဖြစ်နေတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲက အရေးပါတဲ့ရလဒ်မရှိနိုင်ဘူး။ ဒီဆွေးနွေးပွဲပြီးတော့လည်း နောက်တစ်ခါ ဘယ်တော့တွေ့မယ်ဆိုတာလည်းမသိဘူး။"ဟု အဆိုပါဆွေးနွေးပွဲကို တက်ရောက်ခဲ့သော နိုင်ငံခြားသတင်းထောက် တစ်ဦးက News Watch သတင်းဂျာနယ်ကို ပြောသည်။
မကြာမီမြန်မာနိုင်ငံတွင် ကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးဆွေးနွေးပွဲနီးလာသည်ကတစ်ကြောင်း၊ အိုဘာမားခရီးစဉ်နီးလာသည်ကတစ်ကြောင်းကြောင့် ယခုကဲ့သို့ ကြားကောင်းမြင်ကောင်းစေရန်လုပ်ပြနေသော လုပ်ဇတ်ဟု အဆိုပါဆွေးနွေးပွဲကို ဝေဖန်နေမှုများသည် မှန်ကန်သကဲ့သို့ ဖြစ်နေသည်ဟု ယင်းက သူ၏အမြင်ကို ပြောသည်။
ဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်ကလက်ရှိပြုပြင်ပြောင်းရေးကို ဆက်လက်အကောင်အထည်ဖော်မည်ဟုလည်းကောင်း၊ နောက်အစိုးရမပြောင်းမီ အပစ်ရပ်စဲရေးစာချုပ်ချုပ်ခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ခိုင်မာစေမည်ဟုလည်းကောင်းလည်းကောင်း ၊၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတည်ငြိမ်မှုကို အားလုံးက ဝိုင်းဝန်းဖော်ဆောင်ပေးကြပါရန် တိုက်တွန်းပါသည်ဟုလည်းကောင်း အချက်သုံးချက်ကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲမှာ မည်သည့်ရလဒ်မျှ မထွက်ခဲ့ဘဲ တက်ရောက်သူများက ၎င်းတို့ ကိုယ်စားပြုသော အဖွဲ့အစည်းများ၏ နိုင်ငံရေး မျှော်မှန်းချက်များပြောဆိုခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကသာ ပုဂ္ဂလိက သဘောဆန္ဒကို တင်ပြဆွေးနွေးကြောင်း ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘောထားများကို ဆွေးနွေးခြင်းမဟုတ်ဘဲ ၄င်း၏ ပုဂ္ဂလိက သဘောဆန္ဒကို ဆွေးနွေးရာတွင် မည်သည့်အကြောင်းအရာအား ဆွေးနွေးသည်ခဲ့သည်ကို မီဒီယာကမေးမြန်းသော်လည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ကိုသာတိုက်ရိုက်မေးမြန်းရန် ဖြေကြားခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သော မီဒီယာတစ်ဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က "ဒီလို တစ်ယောက် ၁၀ မိနစ်ပြောပြီး နောက် ဆုံး အထွေထွေ ရှိသေးလား ဆိုတာ ကတော့ အန်တီတို့ အနေနဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမျိုးကို မြင်တဲ့ ပုံစံတော့ မဟုတ်ပါဘူး"ဟု မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment