———–
အစိုးရက တာဝန်ခံရမှာလေ။ စစ်တပ်က ဒီလိုလုပ်တိုင်း တာဝန်မယူဘူး ဆိုရင် နိုင်ငံသားတွေက ဘယ်သူ့ကို အကာအကွယ် ယူရမှာလဲ ဆိုတာ မေးရတော့မယ်…
—————-
ကာကွယ်ရေး ၀န်ကြီးဌာန တစ်ခုလုံးက လိမ်တာ။ ဒီကြားထဲ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကပါ လိမ်တယ်… ပြန်ကြားရေးကလည်း လိမ်တယ်။ အခုက တရားဝင် သူတို့က ပြည်သူအားလုံးကိုပါ လိမ်တာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ အောက်တိုဘာ ၂၈
အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအား ဖမ်းဆီးထားစဉ် ထွက်ပြေးရန် ကြိုးစားမှုဖြင့် အမှတ်၂၀၄ ခြေမြန်တပ်ရင်းမှ ပစ်ခတ် ဖမ်းဆီးခဲ့မှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့က သေဆုံး ခဲ့ကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် တပ်မတော်ဘက်မှ ထုတ်ပြန်ခဲ့ရာ ယင်းမှာ တပ်မတော်၏ ဥပဒေမဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများက ဝေဖန်လိုက်သည်။ ““ကိုပါကြီးအား စစ်တပ်မှ ဖမ်းဆီးမှု၊ ပစ်ခတ်မှု ဖြစ်စဉ်များသည် အလွန်သံသယဖြစ်ဖွယ် ဖြစ်ရပ်များဖြစ်ပြီး ဥပဒေမဲ့ လုပ်ရပ်များ ဖြစ်သည်။ နိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ဥပဒေ အထက်တွင် စစ်တပ်မှ နေရာယူ ထားသောကြောင့် ပြည်သူပြည်သား များ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု မရှိသည်မှာ လက်တွေ့ပင် ဖြစ်သည်””ဟု ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ဝေဖန်လိုက်သည်။
ထို့ပြင် ယခုဖြစ်ရပ်၏ အဓိက တာဝန် အရှိဆုံးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်ပေသည်ဟုလည်း ယင်းကြေညာချက်၌ ပါရှိသည်။ တပ်မတော်ဘက်မှ ထုတ်ပြန်ချက်တွင် ““ကိုပါကြီးမှာ KKO စောဆန်းအောင် အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိသူ ဖြစ်ပြီး လက်နက် ရယူ၍ ထွက်ပြေးရန် ကြိုးပမ်းစဉ် ကင်းစောင့်စစ်သည်၏ ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေ ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ရွှေဝါချောင် ကျေးရွာတောင် ဘက် မီတာ ၈၀၀ ခန့် အကွာတွင် ကောင်းမွန်စွာ မြေမြုပ် သင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရပါသည်””ဟု ပါရှိရာ ယင်းအပေါ် ဝေဖန်နေကြခြင်း ဖြစ်သည်။
စစ်တပ်၏ ပစ်ခတ်မှုဖြင့် ကိုပါကြီး သေဆုံးရမှုမှာ နိုင်ငံတကာ ထုံးတမ်းစဉ်လာအရ အသက်အန္တရာယ် မထိခိုက်အောင် တားဆီး ရမည်ဖြစ်ပြီး သေဆုံး သွားပါကလည်း သေမှုသေခင်းအရ စနစ်ကျစွာ စစ်ဆေးရန် လိုအပ်ကြောင်းနှင့် စစ်တပ်ဘက်မှ ယခုကဲ့သို့ လက်လွတ် စပယ် ပြုလုပ်နေခြင်းအပေါ် မတားဆီးနိုင်ပါက ပိုမို ဆိုးရွားလာနိုင် မည် ဖြစ်ကြောင်း သုံးသပ် ဝေဖန်နေသူများလည်း ရှိသည်။
““ခုခံလို့ သတ်ဖြတ်ရတယ်ဆိုပြီး ထုတ်ပြန် ထားတယ်လို့ သိထားပါတယ်။ ခုခံလို့၊ ထွက်ပြေးလို့ တားဆီးတဲ့ အချိန်မှာ အနည်းဆုံး အသက်အန္တရာယ် မထိခိုက်အောင် ကာကွယ်စောင့်ရှောက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဒါလက်နက်ကိုင် တပ်ဖွဲ့တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။ ဒုတိယ အချက်က ဒီလိုမျိုး ဖြစ်သွားရင်တောင် သေမှုသေခင်းအရ စနစ်တကျ မှတ်တမ်းတင်ပြီး အလောင်းကို သေသေချာချာ ဘာကြောင့် သေရတယ်ဆိုတာ စစ်ဆေးချက်တွေ ယူဖို့ လိုအပ်ပါတယ်။ အခုကျတော့ ဒီလိုမျိုး မလုပ်တဲ့ အပြင် သေဆုံးသွားတဲ့ အလောင်းကို ဖျောက်ဖျက်တယ် ဆိုတဲ့ သဘောမျိုး လုပ်ခြင်းက သံသယရှိစရာ ဖြစ်ပါတယ်။ ထွက်ပြေး ခုခံလို့ မဟုတ်ဘဲ နှိပ်စက် ညှဉ်းပန်းခြင်းဆိုရင် ရှုတ်ချသင့်တဲ့ အကြောင်းအရာ ဖြစ်သွားပြီ””ဟု လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားနေသည့် Equality Myanmar အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဝေဖန် သုံးသပ်သည်။
စစ်တပ်မှ ယခုကဲ့သို့ ကိုပါကြီးအား ဥပဒေမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး တစ်လအကြာတွင် အသေ ဖမ်းမိ ကြောင်း သတင်းထုတ်ပြန်မှုသည် အထိတ်တလန့် တုန်လှုပ် ချောက်ချားဖွယ်ရာ၊ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်ပြီး ကိုပါကြီး၏ ရုပ်အလောင်းအား မိသားစု ကြည့်ရှု စစ်ဆေးပြီး သင်္ဂြိုဟ်ခွင့် ပြုရမည့်အစား တောတွင်း၌ မြုပ်နှံ ထားခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသော အလောင်း ဖျောက်ဖျက်မှု တစ်ရပ် ကျူးလွန်လျက် ရှိသည်ဟု သုံးသပ်ကြောင်းနှင့် တာဝန်ရှိသူများအပေါ် ပြစ်တင် ရှုတ်ချကြောင်း လည်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် စစ်ဘက်နှင့် အရပ်သားများအကြား ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ပါဝင်သည်ဟု ယူဆ ခံရသည့် တပ်မတော်သားများအား စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့်သာ အရေးယူမည်ဟု ဆိုကာ ပြုလုပ်နေခြင်းမှာ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် အချို့သော အမှုအခင်းများမှာ ယခုအချိန်အထိ နှစ်ကာလ ကြာရှည်သည့် တိုင်အောင် တရားခံ မဖော်နိုင်ခြင်းများအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်လျက် ရှိသည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ပြည်မြို့၊ န၀ဒေး တံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် ဖြစ်ပွားခဲ့သည့် သမီးရည်းစား စုံတွဲနှစ်ဦးအား အကြမ်းဖက်သမား သုံးဦးက လုယက်သတ်ဖြတ်မှု ကျူးလွန်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်တွင် အမျိုးသားဖြစ်သူ ကိုဇော်မင်းဦး သေဆုံးခဲ့သော်လည်း အမျိုးသမီးဖြစ်သူ မ—မှာ လည်ပင်းညှစ် ရိုက်နှက် ခံခဲ့ရပြီး သေချင် ဟန်ဆောင်ခဲ့သဖြင့် လွတ်မြောက်ခဲ့သည်။ ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် တံတား အလွန် သောင်ပြင်နှင့် တစ်ဆက်တည်း ဖြစ်နေသည့် ကမ်းပါးယံ ကိုင်းတောအတွင်း ပုန်းအောင်းနေသူ သုံးဦးကို ရပ်ကွက်နေ ပြည်သူများက ၀ိုင်းဝန်း ဖမ်းဆီးရာ နှစ်ဦးကို ဖမ်းဆီး မိခဲ့သော်လည်း တစ်ဦးမှာမူ လွတ်မြောက်သွား ခဲ့သည်။ ဖမ်းဆီးရမိသူများမှာ ယင်းဒေသအခြေစိုက် ခလရ ၇၅ မှ တပ်မတော်သားများ ဖြစ်ပြီး နောက်ပိုင်းတွင် စစ်တပ်မှ ထိန်းသိမ်းခဲ့သည်။ ယင်းမှုခင်းနှင့် ပတ်သက်၍လည်း စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ကာ လူသတ်မှုဖြစ်ပြီး ငါးလ အကြာ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ရှင်းလင်းခဲ့သည်။ ယင်းရှင်းလင်းပွဲသို့လည်း ဒေသခံ သတင်းထောက်များအား တက်ရောက် သတင်းရယူခွင့် မပေးဘဲ Sky Net ရုပ်သံလိုင်း ကိုသာ သတင်းယူခွင့် ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူ တပ်သားသုံးဦးမှာ လူသတ်မှု မကျူးလွန်ကြောင်း၊ ၎င်းတို့မှာ တပ်အပြင်သို့ ထွက်၍ လည်ပတ်ခြင်း၊ အရက်သေစာ သောက်စားခြင်းများကြောင့် တပ်စည်းကမ်း ဖောက်ဖျက် မှုဖြင့် ထောင်ဒဏ် သုံးလကျခံစေပြီး ဖြစ်ကြောင်းသာ သတင်းထုတ်ပြန် ခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယခုအချိန်အထိ ပြစ်မှု ကျူးလွန်သူများကို အရေးယူနိုင်ခြင်း မရှိသေးပေ။
““လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေစဉ် ကာလမှာတောင် ဂျီနီဗာကွန်ဗန်းရှင်းမှာ သဘောတူညီချက်တွေ အရ ရှေ့တန်း နယ်မြေတွေမှာ အကျဉ်းသား ဖမ်းဆီးရမိတဲ့ အခါမှာ ဒီလိုမျိုး သတ်မပစ်ရပါဘူး။ တရားဥပဒေအရ တရားစီရင် ရပါတယ်။ စစ်မက် ဖြစ်ပွားနေတဲ့ အချိန်မှာ နိုင်ငံတကာက လက်ခံထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် တွေကို လိုက်နာတယ်ဆိုရင် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်တဲ့ ကာလမှာ ဒီလိုဖြစ်ရပ်မျိုး မဖြစ်အောင် တားဆီးသင့်တယ်။ အစိုးရအနေနဲ့လည်း ဒီလိုမျိုးယုံကြည်မှု တည်ဆောက်နေတဲ့ ကာလမှာ တာဝန်မယူဘဲ နေခြင်းဟာ ယုံကြည်မှု တည်ဆောက်မှုကို အများကြီး ထိခိုက်နိုင်ပါတယ်။ အရေးပေါ် ကာလတွေမှာတောင် တရားဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေ မရှိဘဲနဲ့ သတ်ဖြတ်ခြင်းဟာ လူ့အခွင့်အရေး စံချိန်စံညွှန်းအရ ဆိုရင် လုံးဝ ရှောင်ကြဉ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့ အချိန်မှာ နိုင်ငံသား တစ်ဦးချင်းရဲ့ အသက်ရှင် ရပ်တည်ပိုင်ခွင့်ကို တာဝန်ယူရပါမယ်””ဟု လူမှုတရားမျှတရေး အဖွဲ့မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါက်တာသောင်းထွန်းက ပြောသည်။
အလွတ်တန်း သတင်းထောက်ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် အဖွဲ့အစည်း အသီးသီးမှ လူအင်အား ၁၀၀၀ ခန့်ကလည်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကာ ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ဖော် ပေးရေးအတွက် တောင်းဆို ခဲ့သည်။
အဆိုပါ တောင်းဆိုပွဲ၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ““ကိုပါကြီးလို ဖြစ်ရပ်မျိုးဟာ ရည်ရွယ်ချက်ရှိတဲ့ ဖြစ်ရပ်မျိုးပဲ။ တပ်မတော်က ထုတ်ပြန်ချက်တွေမှာလည်း ရှေ့နောက် လွဲနေတာတွေ ရှိတယ်။ကိုပါကြီး ဇနီးသည်က လိုက်စုံစမ်းတဲ့ အခါမှာ အဲဒီလို မရိုးဖြောင့်တဲ့ ဖြစ်ရပ်တွေ အများကြီးရှိတယ် ဆိုတာ ပိုသိရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လက်ပံတောင်းမှာ သံဃာတွေ ဖြိုခွင်းခံရသလိုမျိုး ကိစ္စတွေစတဲ့ အကြမ်းဖက်မှုတွေဟာ လက်ယဉ်နေတာကို တွေ့ရတယ်။ ဘာလို့ လက်ယဉ်နေကြသလဲဆိုရင် လက်နက်ရှိတဲ့ သူက အပြစ်မဲ့ပြည်သူကို လက်နက်နဲ့ အနိုင်ကျင့်ရင် ရတာပဲဆိုတဲ့ ပုံစံမျိုးပါ။ အဲဒါပြဿနာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကလည်း တပ်မတော်သား ရာဇ၀တ်မှု ကျူးလွန်ရင် ဘယ်တရားရုံးကမှ အရေးယူလို့မရဘဲ စစ်ဘက်ဆိုင်ရာ တရားရုံးကပဲ အရေးယူလို့ ရနိုင်တယ်လို့ ဆိုတာကလည်း ကြီးနိုင်ငယ်ညှဉ်း တောရိုင်းဥပဒေ သက်သက်လို ဖြစ် နေပါတယ်”” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကလည်း ““ဩကိုပါကြီးဟာ ကျွန်တော်တို့ ဖော်ထုတ်နိုင်လို့၊ ကျွန်တော်တို့ သိရှိလို့ အခုလို စုဝေးခွင့်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့လိုမျိုး ဖော်ထုတ်ခွင့် မရဘဲနဲ့ လူမသိ သူမသိ အဲဒီလို သေကျေသွားတဲ့၊ အဲဒီလိုညှဉ်းပန်း နှိပ်စက်ခံ ရတဲ့ နိုင်ငံသား အားလုံးကို ကိုယ်စားပြုပြီးတော့ ကျွန်တော်တို့ ကန့်ကွက် ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ အလယ်မှာ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီ ပြောင်းလဲရေးဟာ စံပြပုံစံပဲ ဖြစ်သလိုလိုမျိုး အလွန်အကျွံ ချီးကျူးနေကြတာတွေ ရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ နှစ်ပေါင်းများစွာအထိ ထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ (၈၈) မျိုးဆက်တွေ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ ကလည်းပဲ ကျွန်တော်တို့ ခံစားခဲ့ရတာတွေ ကို မျိုသိပ်ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အတတ်နိုင်ဆုံး တွေ့ဆုံ ဆွေးနွေးဖို့ ကျွန် တော်တို့ ကြိုးစားနေတဲ့ အချိန်မှာ အခုလိုမျိုး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေဟာ ဆက်ပြီးတော့ ဖြစ်နေ ဆဲ ဖြစ်တယ် ဆိုတာကို ပေါ်ပေါ်ထင်ထင် ထင်ထင်ရှားရှား ဖော်ပြနေ တာ ဖြစ်ပါတယ်””ဟုအဆိုပါ ဆန္ဒထုတ်ဖော်ပွဲ တွင် ပြောဆိုခဲ့သည်။
ရန်ကုန်မြို့နှင့် အလားတူ မန္တလေးမြို့ရှိ အလုပ်သမားရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းများ စုပေါင်းကာ ကိုပါကြီး သေဆုံးမှုအပေါ် တရားမျှတစွာ ဖြစ်ပေါ်ရေးအတွက် အောက်တိုဘာလ ၂၇ ရက်နေ့က တောင်းဆို ခဲ့ကြ သေးသလို ပဲခူးတိုင်း၊ ပြည်မြို့တွင်လည်း ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသေးသည်။ စစ်ဘက်နှင့် အရပ်ဘက် ဖြစ်ပွားခဲ့သော ပြစ်မှုဆိုင်ရာ မှုခင်းများတွင် ဦးသိန်းစိန် အစိုးရအနေဖြင့် ၀င်ရောက် စွက်ဖက်နိုင်ခြင်း မရှိခြင်း မှာလည်း အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခြင်း၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေရန် တစ်ဖက် တစ်လမ်းမှ ပံ့ပိုးပေးသကဲ့ သို့ ဖြစ်နေကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။
““ကိုပါကြီးကို ဒီလိုလက်လွတ်စပယ် လုပ်တဲ့ကိစ္စက မလုပ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဥပဒေကြောင်းအရ နိုင်ငံတကာ ဥပဒေမှာလည်း ဒီလို လုပ်လို့မရဘူး။ အထူးသဖြင့် နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးနဲ့ ပြောမယ်ဆိုရင် ဥပဒေမဲ့ သတ်ဖြတ်ခံရတယ်လို့ ယူဆတယ်။ သူက အလွတ်သတင်းထောက်၊ အရပ်သား။ စစ်ပွဲထဲ ၀င်တိုက်နေတာ မဟုတ်ဘူးလေ။
သူပျောက်ဆုံးကတည်းက စုံစမ်း မေးမြန်းမှုတွေ တောက်လျှောက် လုပ်လာတာ တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာခြင်း မရှိခဲ့ဘူး။ အခုမှ ဒီလိုမျိုး ဖြစ်သွားပါတယ် ဆိုပြီး သတင်းထုတ်ပြန် တာကလည်း အတိမ်း အစောင်းဖြစ်စေတဲ့ ကိစ္စတစ်ခုပါ။ အစိုးရက တာဝန်ခံရမှာလေ။ စစ်တပ်က ဒီလိုလုပ်တိုင်း တာဝန် မယူဘူး ဆိုရင် နိုင်ငံသားတွေက ဘယ်သူ့ကို အကာအကွယ် ယူရမှာလဲဆိုတာ မေးရတော့မယ်။ နိုင်ငံတော်မှာ အာဏာ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ သမ္မတ အစိုးရအဖွဲ့က တစ်ခုခုတော့ တာဝန်ယူရမှာပဲ””ဟု ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောသည်။
လူမှုတရားမျှတရေး အဖွဲ့မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါက်တာသောင်း ထွန်းက ““လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေစဉ် ကာလမှာတောင် ဂျီနီဗာ ကွန်ဗန်းရှင်းမှာ သဘောတူညီချက်တွေအရ ရှေ့တန်း နယ်မြေတွေမှာ အကျဉ်းသား ဖမ်းဆီးရမိတဲ့အခါမှာ ဒီလိုမျိုး သတ်မပစ်ရပါဘူး။ တရားဥပဒေအရ တရားစီရင်ရပါတယ်””ဟု ပြောကြားသည်။
၂၀၀၈ အခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များပါ ပုဒ်မ ၃၄၇ ၌ ““နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကို လည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်””ဟု ပြဋ္ဌာန်းထား သည်။ ထို့ပြင် ပုဒ်မ ၃၅၃ ၌လည်း ““မည်သူ့ကိုမျှ တည်ဆဲ ဥပဒေနှင့် အညီမှတစ်ပါး အသက်ကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ””ဟု ပြဋ္ဌာန်းထားသည်။
လက်ရှိတွင် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်၊ ကျိုက်မရော မြို့မရဲစခန်းတွင် သေမှုသေခင်း ဆိုင်ရာ ပုဒ်မ (ပ) ၁၁/ ၂၀၁၄ ဖြင့် အမှုဖွင့်ထားပြီး တောတွင်း၌ မြှုပ်နှံထားသည့် ကိုပါကြီး ရုပ်အလောင်း အား ပြန်လည်တူးဖော် စစ်ဆေးရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လည်း သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်သန္တာက ယခုကဲ့သို့ ရှင်းပြသည်။
““သေမှုသေခင်း ၁၁/၂၀၁၄ နဲ့ ကျိုက်မရော မြို့မ ရဲစခန်းမှာ တရားစွဲထားတယ်။ သမားရိုးကျ သေတယ်လို့ မယူဆဘူး။ သူများသတ်လို့ သေတယ်လို့ ယူဆတဲ့အတွက် အဲဒီအလောင်းကို ပြန်ဖော်ပြီး စစ်ပေးဖို့ တောင်းဆို ထားတယ်။ နောက် အလောင်းကို ပြန်လည် သယ်ယူခွင့်၊ သူ့မွေးရပ်မြေဒေသ မှာ ပြန်လည်မြှုပ်နှံခွင့်တွေ တောင်းထားပါတယ်။ ကျိုက်မရောကို သွားတဲ့တစ်လျှောက်မှာ SP လား၊ စရဖ လားတော့ မသိဘူး။ ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခုခုလို့ ထင်တယ်။ စပြီးကားပေါ် တက်ကတည်းက ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်တယ်။ မော်လမြိုင်ထိ တောက်လျှောက် လိုက်တယ်။ မော်တော် ဆိုင်ကယ်တွေနဲ့ လိုက်တယ်။ တည်းခိုတဲ့နေရာတွေ မှာ စောင့်ကြည့်တယ်။ ကျိုက်မရော ရဲစခန်းရောက်တော့လည်း အိမ်သာဝင်တာ အိမ်သာနားထိ လိုက်တယ်။ ကျိုက်မရော ရဲစခန်းကလည်း အမှုဖွင့်ခွင့် မပေးတော့ ရဲနဲ့ အချေအတင် ပြောရတယ်။ ခရိုင် သွားရတယ်။ ခရိုင်ကနေ ဖွင့်ခွင့်ပေးတော့ မှ မော်လမြိုင်ကနေ ကျိုက်မရောကို ပြန်လာနဲ့ ခေါက်တုံ့ခေါက်ပြန် သွားရတယ်။ မနက် ကိုးနာရီကသွားတာ ညနေခြောက်နာရီမှ အမှုဖွင့်ခွင့်ရတယ်။ ဒါက မတရားမှုမှန်း အရမ်းသိသာတယ်။ ၄ ရက်နေ့က သေတယ်လို့ ပြောတယ်။ ၁၉ ရက်နေ့က၂၀၈ တပ်ရင်းက ဗိုလ်ကြီး စန်းမင်းအောင်ကို သွားတွေ့တာ။ တကယ် ရိုးသားတယ်ဆိုရင် သေသွားပြီလို့ ပြောပါလား။ ဖမ်းတုန်းက ကျွန်တော်ပါပါတယ်။ အခုတော့ မသိပါဘူးဆိုပြီး ဘာလို့ပြောလဲ။ သူက ကျွန်မတစ်ယောက်တည်းကို လိမ်တာလို့ ယူဆလို့ ရပေမယ့် အခု စာထုတ်လိုက်တဲ့ အခါကျတော့ ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုလုံးက လိမ်တာ။ ဒီကြားထဲ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ပါလိမ်တယ်။ လိပ်စာမသိလို့ အကြောင်းမကြားတာ ဆိုတော့ ၁၉ ရက်နေ့က ကျွန်မ လိုက်သွားတယ်လေ။ ပြန်ကြားရေးကလည်း လိမ်တယ်။ အခုက တရားဝင် သူတို့က ပြည်သူအားလုံးကိုပါ လိမ်တာ။ လူသားဆန်မှု လုံးဝမရှိ တာ။ ရှေ့နောက်လည်း မညီဘူး၊ သူတို့ရဲ့ ဖြေရှင်းချက်တွေက”” ဟု အမှုသွား ဖွင့်ခဲ့ပုံနှင့် အမှုသွားဖွင့်စဉ် ကြုံတွေ့ခဲ့ရပုံများကို ပြန်ပြောင်း ပြောပြသည်။ သူက ဆက်လက်ပြီး ““လူ့ အခွင့်အရေး ချိုးဖောက်ခံရတာ၊ အမျိုးသမီး အခွင့်အရေး ထိပါးတာ၊ လုံခြုံမှုမဲ့တာပေါ့။ ၂၀၀၈ အခြေခံ ဥပဒေမှာ ပါတဲ့ နိုင်ငံသား အခန်းကဏ္ဍအရ နိုင်ငံသား တစ်ယောက်က ဥပဒေ အကာအကွယ် ရရမယ်။ ကိုပါကြီးက အဲဒီလို မရခဲ့တဲ့အတွက် အခုလို ဥပဒေမဲ့ ပိုးစိုးပက်စက် သေရတာ။ ကျိုက်မရော ရဲစခန်းက ဒီမနက်မှာ မိသားစုဝင် မရှိဘဲ အလောင်းမဖော်ဖို့ ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်း ဖုန်းဆက်ပြောတယ်။ ကျွန်မအနေနဲ့ အဖွဲ့ဝင် ၅၀ လောက်ပါတဲ့ အရပ်ဘက် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖြစ်အောင် ကြိုးစားနေတယ်။ ဒီ ကော်မတီထဲမှာပါတဲ့ ဆရာဝန်၊ ရှေ့နေတွေရဲ့ အစစ်ဆေးပဲခံမယ်။ ထွက်ပေါ်လာတဲ့ အဖြေပေါ် မူတည်ပြီး ဆက် တရားစွဲသွားမှာပါ။ ဒီကော်မတီထဲမှာ ကျောင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာ ရှင်တွေ၊ ဆေးပညာ နားလည် ကျွမ်းကျင်သူတွေ ပါမှာပါ””ဟု အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောကြား ခဲ့သည်။
စစ်တပ်မှ ယခုကဲ့သို့ ကိုပါကြီးအား ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်လအကြာတွင် အသေ ဖမ်းမိကြောင်း သတင်းထုတ်ပြန်မှုသည် အထိတ်တလန့် တုန်လှုပ် ချောက်ချားဖွယ်ရာ၊ မယုံကြည်နိုင် ဖွယ်ရာဖြစ်ပြီး ကိုပါကြီး၏ ရုပ်အလောင်းအား မိသားစုကြည့်ရှု စစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုရမည့်အစား တောတွင်း၌မြှုပ်နှံထားခြင်းမှာ လူ့အခွင့်အရေးချိုး ဖောက်ခံရသော အလောင်းဖျောက်ဖျက်မှု တစ်ရပ် ကျူးလွန် လျက် ရှိသည်ဟု သုံးသပ်ကြောင်းနှင့် တာဝန်ရှိသူများအပေါ် ပြစ်တင် ရှုတ်ချကြောင်းလည်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
““မြန်မာနိုင်ငံက မကြာခင် နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ ဆန့်ကျင်ရေး နိုင်ငံ တကာ စာချုပ်ကိုတောင် လက်မှတ်ထိုးတော့မယ့် အချိန်မှာ ဒါ ပထမဆုံး မဖြစ်သင့်တဲ့အရာ ဖြစ်ပါတယ်။ နောက်ပြီး သတ်ဖြတ်တဲ့ ပုံစံက တရားလက်မဲ့ သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်ကို ချုပ်နှောင်ထားပြီး မိသားစုနဲ့လည်း ဆက်သွယ်ခွင့် မပေးတဲ့အပြင် မိသားစုက သွားမေးတဲ့ အချိန်မှာ ဖမ်းဆီးထားတာ မရှိဘူးလို့ ပြောပြီးမှ ဒီလိုမျိုး ထွက်ပြေးလို့ သတ်ဖြတ်တယ် ဆိုတာဟာ ရှေ့နောက် မညီညွတ်တဲ့ အချက်လို့ ပြောရမှာပါ။ ဒီလိုမျိုး ဖြစ်ပျက်နေတဲ့ အပေါ်မှာ ကျူးလွန်တဲ့ သူတွေကို စုံစမ်းဖော်ထုတ်ဖို့ လွတ်လပ်တဲ့ လုပ်ငန်းစဉ်တွေ ရှိဖို့လိုတယ်။ လွတ်လပ်တဲ့ စုံစမ်း ဖော်ထုတ်မှုတွေ ရှိဖို့ရယ်၊ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တရားလက်လွတ်တဲ့ လုပ်ဆောင်မှုမျိုး တွေ့လို့ရှိရင် ထိုက်တန်သော၊ ထိရောက်သော အရေးယူမှုတွေ မရှိရင်တော့ ဒီ့ထက် ပိုဆိုးရွားနိုင်တဲ့ အခြေအနေတွေ ဖြစ်သွားနိုင်ပါတယ်”” ဟု Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ထားသည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


No comments:
Post a Comment