Thursday, October 30, 2014

အောက်တိုဘာလ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

#‎emg_editorials‬
လွှတ်တော်နှင့် ဘတ်ဂျက်

ယခုရက်သတ္တပတ်အတွင်း ပြုလုပ်သော လွှတ်တော်အစည်းအဝေးများတွင် ပြည်သူများ စိတ်ဝင်တစားရှိခဲ့သည့် အကြောင်းများတွင် ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်သော ဆွေးနွေးမှုများပြီးလျှင် ဘတ်ဂျက်ဆိုင်ရာ ဆွေးနွေးမှုများပင်ဖြစ်သည်။
ပါလီမန်ဒီမိုကရေစီခေတ်နောက်ပိုင်း နှစ်ပေါင်းများစွာ တစ်ပါတီအာဏာရှင်စနစ်အောက် နေထိုင်ခဲ့ရခြင်းနှင့် နှစ် ၂ဝ ကျော် စစ်တပ်အစိုးရ လက်ထက်များကို ဖြတ်သန်းခဲ့ရသော ပြည်သူများအတွက် လက်ရှိအစိုးရလက်ထက်
လွှတ်တော်အစည်းအဝေးပွဲများမှ ဆွေးနွေးပြောဆိုမှုအချို့က စိတ်ဝင်စားစရာ ဖြစ်နေစေသည်။ ထိုအထဲတွင် လက်ရှိဆွေးနွေးနေသော ဘတ်ဂျက်ကိစ္စများလည်း အပါအဝင်ဖြစ်သည်။
အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အခြားနိုင်ငံများထက် အတိုးနှုန်းများပြားနေသော တရုတ်နိုင်ငံမှ ချေးငွေရယူခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ သမဝါယမဝန်ကြီးဌာနက တရုတ်နိုင်ငံ China Exim Bank မှ ချေးငွေနှင့်ပတ်သက်၍ ထပ်တိုးဘတ်ဂျက်စာရင်းတွင် ထည့်သွင်းတောင်းခံ လာခြင်းဖြစ်သည်။ ချေးငွေ သန်း ၃ဝဝ အတွက် ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းနှင့် အတိုးငွေများအတွက် ကြိုတင်ငွေ ကျပ် ၅၁၄၅ သန်း ဖြည့်စွက်တောင်းခံခြင်း ဖြစ်သည်။ ထို့အတွက် China Exim Bank မှ ဒေါ်လာ သန်း ၃ဝဝ ကို လွှတ်တော်မှခွင့်ပြု ချက်ရပြီးမှသာ တောင်းခံသင့်ပြီး ချေးငွေပမာဏနှင့် ဝန်ဆောင်ခအတိုးငွေများ ကြိုတင်တောင်းခံခြင်းအား ပယ်နုတ်သင့်ကြောင်း၊ သို့မှသာ နောင်အခါမည်သည့် အစိုးရအဖွဲ့အစည်းမဆို မိမိတို့၏ ဝန်ကြီးဌာန အစီအစဉ်များဖြင့် နိုင်ငံခြားမှ ချေးငွေများချေးယူရန် အစီအစဉ်ရှိပါက လွှတ်တော်သို့ကြိုတင် တင်ပြသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဟုဆိုကာ နေပြည်တော်ကောင်စီက ကျပ်သန်း ၃ဝဝဝ ကျော် ဖြည့်စွက်တောင်းခံမှု အပေါ်လည်း ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တောင်းခံမှုတွင် နေပြည်တော်ကောင်စီ၏ သာမန်အသုံးစရိတ်အတွက် ငွေကျပ်သန်းပေါင်း ၁၃ဝဝ တောင်းခံထားသည်ကို တွေ့ရကြောင်း၊ စိစစ်မှုအရ စာရေးကိရိယာ ဝယ်ယူရာ၌ ဖက်စ်ဖုန်းတွင် အသုံးပြုသည့် စက္ကူလိပ် တစ်နှစ်စာဝယ်ခြင်းအတွက် ၁၁၅ ဒသမ ၂ သန်းမှာ ဖြစ်သင့်၊ မသင့် ပြန်လည်စဉ်းစားသင့်ကြောင်း၊ လက်ဆောင်ပေးရန်နှင့် အလှူဒါနအတွက် ကျပ်သန်း ၂ဝ တောင်းခံထားခြင်းများသည် အလွန်များပြားနေကြောင်း စသည်ဖြင့် ထောက်ပြဆွေးနွေးမှုများမှာ လူထုအတွက် အံ့အားသင့်စရာ စိတ်ဝင်စားစရာများ ဖြစ်စေသည်။ ယင်းအပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကိန်းသစ်ဖြစ်သော ငွေကျပ် သန်း ၆၄ဝဝ ကျော် ကုန်ကျမည့် နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းအား တင်ဒါမခေါ်ဘဲ ACE ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပေးအပ်ခြင်း အပေါ်လည်း လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်ဆွေးနွေးခဲ့ကြသည်။ နောက်ပိုင်းတွင် အဆိုပါဗိုလ်ရှုခံစင်မြင့် အဆောက်အအုံအား သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုဝန်ကြီးက လွှတ်တော်တွင် ပြန်ရှင်းခဲ့သည်။
မည်သို့ပင်ဆိုစေ အထက်ပါ သာဓကများအရ နိုင်ငံတကာချေးငွေ အများအပြား ရှိထားသော နိုင်ငံတွင် ထပ်တိုးချေးငွေများ များပြားခြင်းဖြင့် တိုင်းပြည်နစ်နာနိုင်မှု အနေအထားများ၊ စီမံကိန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အကြောင်းပြ ယိုပေါက်ဘတ်ဂျက် သုံးစွဲမှုများက တိုင်းပြည်နှင့် လူထုအား မည်မျှနစ်နာစေခဲ့သည်ကို ယခင်က သိခွင့်မရခဲ့ကြပေ။
သို့ပါ၍ အကြောက်တရား လွှမ်းမိုး၍ မျက်စိပိတ်နားပိတ် အာဏာရှင်စနစ်ထက် လွတ်လပ်မျှတသော၊ လူထု၏အခန်းကဏ္ဍ အရေးပါသော မဏ္ဍိုင်လေးရပ် အပြန်အလှန် ထိန်းကျောင်းနိုင်မှု၏ ရလဒ်ကောင်းများအတွက် ဒီမိုကရေစီစနစ် ရှင်သန်စေရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Credit - Eleven Media Group

No comments:

Post a Comment