အမျိုးသားနိုင်ငံရေးအင်အားစု ငါးဖွဲ့မှ ခေါင်းဆောင်များ၏ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲတွင် ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဦးသိန်းထွန်း၊ ညီနောင်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ် ဦးခွန်ထွန်းဦး၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (NBF) ကိုယ်စားလှယ် ဦးစိုင်းအိုက်ပေါင်းနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (FDA) ကိုယ်စားလှယ် ဦးခင်မောင်ဆွေတို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက အဖွင့်မိန့်ခွန်းပြောကြားရာတွင် မိမိတို့အစိုးရ စတင် တာဝန်ယူသည့် အချိန်မှစ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အခြေတည်ခိုင်မာရေး ဟူသည့် ကိစ္စကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ စဉ်းစားပြီး ကဏ္ဍအားလုံး လွှမ်းခြုံသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အနေဖြင့် အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ ပါကြောင်း၊ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဖြစ်စဉ်ရှင်သန်လာမှုသည် မိမိတို့ အစိုးရတစ်ဖွဲ့တည်း၏ ကြိုးပမ်းဆောင်ရွက်မှု မဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများ ဖြစ်သည့် လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ပြည်သူ တစ်ရပ်လုံး ပါဝင်ခဲ့ခြင်းကြောင့် ရေရာသေချာသည့် အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု မိမိအနေဖြင့် အစဉ်ခံယူထားပါကြောင်း။
ယခုကြိုးပမ်းအကောင်အထည်ဖေါ်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ သည်လည်း အောင်မြင်ဖြစ်ထွန်းမှုများ ရှိသကဲ့သို့ ဆက်လက်ကြိုးပမ်း ကျော်လွှားရမည့် စိန်ခေါ်မှုများ များစွာရှိနေပါသေးကြောင်း၊ ဤသည်မှာလည်း မြန်မာ့နိုင်ငံရေး၏ အရှိတရားပင် ဖြစ်ပါကြောင်း၊ ထိုစိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် မြန်မာနိုင်ငံ၏ အမျိုးသားရေး အင်အားစုများအားလုံး စုစည်းကြိုးပမ်းဆောင်ရွက် မှသာ အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲမှသည် အမျိုးသားနိုင်ငံရေး အင်အားစုအချင်းချင်း စုစည်းကြိုးပမ်း ဆောင်ရွက်ခြင်း အားဖြင့် ရေရာသေချာသည့် နိုင်ငံရေး ဖြစ်စဉ်များ ရှင်သန်ရေးအတွက် နည်းလမ်းကောင်းများ ရှာဖွေနိုင်မည်ဟုလည်း အလေးအနက် ယုံကြည်ထားပါကြောင်း၊ ယနေ့ဆွေးနွေးပွဲ တွင် မိမိအနေဖြင့် ကဏ္ဍ(၃)ခုကို အဓိကထား ဆွေးနွေးသွားရန် ပြင်ဆင်ထား ပါကြောင်း။
သို့သော် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံးအနေဖြင့် မိမိတို့ဆွေးနွေးလိုသည့် ကိစ္စရပ်များကိုလည်း ရရှိနိုင်သည့် အချိန်အတော အတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြရန်လည်း ဖိတ်ခေါ်ပါကြောင်း၊ ပထမဦးဆုံး ဆွေးနွေးလိုသည့် ကဏ္ဍရပ်မှာ လက်ရှိ ဖြစ်ထွန်းနေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဖြစ်စဉ်ကို အဆင့်ဆင့် ဆက်လက်ရှင်သန် ဖြစ်ထွန်းနေစေရန်နှင့် ယင်းဖြစ်ထွန်းမှုများမှ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာရေးနှင့် ပွင့်လင်းလွတ်လပ်သည့် မြန်မာ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးပင် ဖြစ်ပါကြောင်း။
ဒုတိယကဏ္ဍမှာ မိမိတို့နိုင်ငံအတွက် အထူးလိုအပ်နေသော အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ပြန်လည်ရရှိရေးအတွက် လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်ကို အခြေခံ၍ ခိုင်မာသည့် တည်ဆောက်မှုများ ပြုလုပ်သွားရေးပင် ဖြစ်ပါကြောင်း၊ တတိယကဏ္ဍမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ အဓိကအဆင့် တစ်ဆင့်အနေဖြင့် ဖြတ်သန်းရမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးပင် ဖြစ်ပါကြောင်း။
ယင်းကဏ္ဍကြီး(၃)ရပ်စလုံး အောင်မြင်နိုင်ရန်အတွက် မိမိတို့နိုင်ငံ အနေဖြင့် ရင်ဆိုင် ကျော်လွှားရမည့် စိန်ခေါ်မှု များမှာ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများ၊ လူမှုစီးပွားပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ၊ ဒီမိုကရေစီကျင့်စဉ်များ သက်ဝင်ရှင်သန်ရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီ အခြေခံများ ပါဝင်သည့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး စနစ်များ ပေါ်ပေါက်ရေး စသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များပင် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားသော လူ့အဖွဲ့အစည်း တစ်ရပ်တည်ဆောက်ရန် ချဉ်းကပ်သည့်နည်းလမ်းများနှင့် ပတ်သက်၍ နို်င်ငံရေးအရ အမြင်မတူခြင်း၊ သဘောထားမတိုက်ဆိုင်ခြင်းများ ရှိနိုင်သော်လည်း မိမိတို့ နိုင်ငံကို ဒီမိုကရေစီ အခြေခိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာရေးဟူသည့် ဆန္ဒကမူ အားလုံးတွင် တူညီမှုရှိသည့်အတွက် မိမိတို့အချင်းချင်း လက်တွဲနိုင်မည်ဆိုလျှင် အောင်မြင်မှုများ မလွဲမသွေ ရရှိမည် ဖြစ်ပါကြောင်း။
ယင်းအောင်မြင်မှုများ ရရှိရန် နိုင်ငံရေးအင်အားစု အချင်းချင်း ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းမှလွဲ၍ အခြားနည်းလမ်း မရှိသည်ကို သမိုင်းသက်သေအရ အခိုင်အမာ တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ယနေ့ဆွေးနွေးမှုများမှ အစပြု၍ တူညီသည့် ရည်မှန်းချက်များ တည်ဆောက်ပြီး အချင်းချင်း လက်တွဲဆောင်ရွက်ရေး နည်းလမ်းများ ရှာဖွေကြရန်အတွက် ဖိတ်ခေါ်အပ်ပါကြောင်း။
လက်ရှိဖြစ်ထွန်းနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အခြေခံသော အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များ သည်လည်း ရေရာသေချာသည့် အဆင့်တစ်ခုကို ရောက်ရှိနေသည့်အတွက် လိုအပ်သော နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပပြုလုပ် နိုင်မည်ဆိုလျှင် အောင်မြင်မှုများ ရရှိမည်ဟု တင်ပြလိုပါကြောင်း။
လတ်တလော အာရုံစိုက်ရမည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဓိက အဆင့် တစ်ဆင့်ကို တက်လှမ်းပေးမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများကို တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးပင် ဖြစ်ပါကြောင်း၊ ဤကိစ္စသည် မိမိတို့ အားလုံးအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှုမြင်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည့် ကိစ္စဖြစ်ပါကြောင်း။
ယင်းကိစ္စအောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ကြားကာလနိုင်ငံရေး တည်ငြိမ်ရေးကိုလည်း လျစ်လျူရှုထား၍ မရနိုင်ပါကြောင်း၊ ထို့အတွက် ကြိုးပမ်းဆောင် ရွက်သည့်အခါတွင် နိုင်ငံရေးလှုပ်ရှားမှုများကို ကန့်သတ်ချုပ်ချယ်ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံရေး အင်အားစုများ အကြား အပြန်အလှန်နားလည်မှုနှင့် ကြားကာလနိုင်ငံရေး တည်ငြိမ်မှုရှိရေး ဟူသည့်ကိစ္စကို စဉ်းစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
မိမိအနေဖြင့် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုကို အလေးပေး ပြောကြားရခြင်းသည် နိုင်ငံရေး လှုပ်ရှားမှုများကို ချုပ်ချယ်ကန့်သတ် လိုခြင်းကြောင့် မဟုတ်ဘဲ ရရှိထားသည့် နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုများကို မထိခိုက်စေလိုသည့် အတွက်ကြောင့်သာ ဖြစ်ပါကြောင်း၊ ကြားကာလတွင် ရရှိထားသည့် နိုင်ငံရေးပွင့်လင်း လွတ်လပ်မှုကို ထိထိရောက်ရောက် အသုံးချ၍ အောင်မြင်သည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးကို ရည်သန်ပြောကြားရခြင်းလည်း ဖြစ်ပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲများဖြစ်စေရန် အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်သည့် အစိုးရယန္တရားများကို အထိရောက်ဆုံး အသုံးပြု၍ အထောက်အကူ ပြုပေးရန် သန္နိဌာန်ချထားကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် တပ်မတော်အစုအဖွဲ့များ အားလုံးပါဝင်သည့် တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ရေးထိုးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း။
မိမိတို့အနေဖြင့် နောင်ပေါ်ပေါက်လာမည့် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူလူထု ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးတည်ဆောင်မှုကို ဆက်လက်ဆောင်ရွက်နိုင်ရေး အုတ်မြစ်ချပေးရန် သဘောရိုးဖြင့် အဓိကထား ရည်မှန်း လုပ်ဆောင်နေ ပါကြောင်း၊ ထိုသို့ တည်ဆောက်နိုင်မှသာ တိုင်းရင်းသားအများစု တောင်းဆိုနေသည့် တန်းတူရည်တူအခွင့်အရေးများ ရရှိနိုင်သော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ်ကို ပုံဖေါ်တည်ဆောက် နိုင်မည်ဟု အလေးအနက် ယုံကြည်ထားပါကြောင်း။
ယနေ့ ဆွေးနွေးပွဲများမှ ကျန်ရှိနေသည့် သက်တမ်းအတွင်း တိုင်းပြည်၏ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး ဖြစ်ထွန်းမှုများ သိမ်သိမ်မွေ့မွေ့ ဆက်လက် ဖြစ်ထွန်းစေရန်၊ ကြားကာလနိုင်ငံရေး တည်ငြိမ်မှုရှိပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ လွတ်လပ်မျှတစွာ ကျင်းပနိုင်ရန်နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ အပြီးတွင် ညင်သာသည့် အသွင်ကူးပြောင်းမှုကို ဆက်လက်ဆောင်ကြဉ်းနိုင်မည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရန် ဟူသည့် ကိစ္စများကို ဘုံရည်မှန်းချက်အနေဖြင့် ရှုမြင်၍ ယနေ့ တက်ရောက်လာကြသည့် နိုင်ငံရေး အင်အားစု အသီးသီး၏ အဓိက ခေါင်းဆောင်များ အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ရှာဖွေကြရန် ဖြစ်ပါကြောင်း ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသူများက နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့်သာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီသာ ဆောင်ရွက်ရေး၊ ပြုပြင်ပြောင်းလဲရေး အောင်မြင်ရန် အတွက် ယုံကြည်မှု တည်ဆောင်ရန် အလေးထားဆောင်ရွက်ရေး၊ ၂၀၁၄ ခုနှစ်အကုန် ၂၀၁၅ ခုနှစ် နှစ်ဆန်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် မူဘောင်ချမှတ်ခြင်းကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဆောင်ရွက်နိုင်ရေး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ရန်အတွက် အစိုးရ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အခြေပြု လူမှု အဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံတကာမိတ်ဆွေများ၏ အားကို ရယူ ဆောင်ရွက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ရေးနင့် နည်းလမ်းကောင်းများ ရှာဖွေနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သမ္မတရုံး (၀က်ဆိုက်)
Credit - Yangon Media Group








No comments:
Post a Comment