လာမည့် အောက်တိုဘာ ၃၁ ရက်တွင် သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊
ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်သာမက
ကျန်သူများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယက
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်
ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားပြုပုဂ္ဂိုလ်များ
ပထမဆုံးအကြိမ် တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်များကိစ္စ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့်
ဆွေးနွေးမှုတွင် ပါဝင်မည့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများထံမှ သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၃၁ ရက်တွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတ အိမ်တော်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့်
ပါဝင်တက်ရောက်မည့် ပုဂ္ဂိုလ်များထံသို့ နိုင်ငံတော်သမ္မတရုံးမှ ဖိတ်ကြားစာ
ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ လေးပွင့်ဆိုင်သာမက
ကျန်သူများပါ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပမည့်ကိစ္စနှင့်
ပတ်သတ်၍ လေးပွင့်ဆိုင် တွေ့ဆုံရေးအတွက် အဓိကတောင်းဆိုခဲ့သူ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား Eleven Media
Group က မေးမြန်းခဲ့ရာ “အဲဒါက ဖြေလို့မရသေးဘူး။ သားတို့သိတဲ့အခါကျရင်
အန်တီကို ပြောပါဦး” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက “အဓိကအားဖြင့်
နိုင်ငံရေးပါတီတွေနဲ့တွေ့တာ။ လေးပွင့် ဆိုင်အပြင် ကျန်တဲ့အရေးပါတဲ့
Stakeholderတွေနဲ့ တွေ့တာ” ဟု တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အတည်ပြု
ပြောကြားသည်။
နိုင်ငံရေးပါတီ တစ်ခုချင်းစီမှ ကိုယ်စားပြု
တက်ရောက်ရန် ခေါ်ယူခြင်း မဟုတ်ဘဲ နိုင်ငံရေးပါတီ ခုနစ်ခုဖြင့်
ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) မှ
ကိုယ်စားလှယ်တစ်ဦး၊ ပါတီ ၂ဝ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသား
ပါတီများဖက်ဒရေးရှင်း (NBF) မှ ကိုယ်စားလှယ်တစ်ဦး၊ ပါတီ ၁၁ ခု ဖြင့်
ဖွဲ့စည်းထားသော ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA)မှ ကိုယ်စားလှယ်တစ်ဦးတို့
တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုသို့ ဒုတိယသမ္မတ (၁)
ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ(၂) ဦးဥာဏ်ထွန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့လည်း
တက်ရောက်မည်ဖြစ်ကြောင်း သိရပြီး UNAကိုယ်စားပြုအဖြစ်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊
NBFကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ
ဦးစိုင်းအိုက်ပေါင်း၊ FDAကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီ
အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
UNAအဖွဲ့ဝင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏
ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “ကျွန်တော်တို့ ဖိတ်စာရပါတယ်။
လိပ်မူတာကတော့ ကျွန်တော်တို့ ဥက္ကဋ္ဌကြီးဆီကိုပါ။ ရှမ်းတိုင်းရင်းသား
ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ရော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ
မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားပါ တက်ရောက်ဖို့အတွက်ပါ။ အကြောင်းအရာ အသေးစိတ်
မပါပါဘူးခင်ဗျ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့မှ
ညင်သာပျော့ပြောင်းစွာနဲ့ ခိုင်မာအောင် လုပ်မယ်ဆိုတာမျိုးပေါ့” ဟု
ပြောကြားသည်။
FDAကိုယ်စားပြု တက်ရောက်မည့်NDF ပါတီဥက္ကဋ္ဌ
ဦးခင်မောင်ဆွေကလည်း “ဖိတ်တာမှန်ပါတယ်။ နိုင်ငံရဲ့ အရေးနဲ့
ဆွေးနွေးဖို့တွေပါပါတယ်။ ငြိမ်းချမ်းရေးရော ဒီမိုကရေစီရေးရော
အသွင်ကူးပြောင်းရေးရော ပါပါတယ်။ တွေ့ဆုံတယ်၊ ဆွေးနွေးတယ်။
သဘောထားတွေပေးပြီး အဖြေရအောင် ရှာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာပါ။ နိုင်ငံမှာ
တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေက တောင်းထားတဲ့
လေးပွင့်ဆိုင်တို့ ဘာတို့ ဖြစ်လာတဲ့အခါ နိုင်ငံတော်ဟာ
အကြောင်းအရာတစ်ခုဆီကို စုံညီဦးတည်ပြီး သွားနေတဲ့ အနေအထား ရောက်လာတဲ့သဘော
ဖြစ်နိုင်ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ
ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စု
လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့်
အနာဂတ်အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်း နိုင်သည်ဟု အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်(NLD) နှင့် မိတ်ဖက် တိုင်းရင်းသားပါတီများက ၂ဝ၁၄ခုနှစ် ဇူလိုင်
၇ ရက်နေ့တွင် ပူးတွဲသဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အလားတူ
၂ဝ၁၃ ခုနှစ် နိုဝင်ဘာလကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင်
အဆင်ပြေချောမွေ့စေရန်အတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန်
သမ္မတထံသို့မေတ္တာရပ်ခံစာ ပေးပို့ခဲ့ရာ သမ္မတက ပြည်ထောင်စုလွှတ်တော်
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ
ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း
သဘောထားမှတ်ချက် ပေးခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး
အကောင်အထည်ဖော်မှု ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ် မစုစုပေါင်း
၄၅၇ ခုအနက်မှ ပုဒ်မပေါင်း ၂၁ဝ ခုအားပြင်ဆင်ရန် လွှတ်တော်သို့ အောက်တိုဘာ
၂၂ရက်က အစီရင်ခံစာ တင်ပြခဲ့ခြင်းဖြစ်သည်။
လတ်တလော အခြေအနေ၌
မြန်မာ့နိုင်ငံရေး နောက်ပြန်သွားနေခြင်း၊ ပြုပြင်ပြောင်းလဲရေး
နှောင့်နှေးနေခြင်း၊ ဂျာနယ်လစ်များ ဖမ်းဆီးထောင်ချခံနေရခြင်း၊ ကိုပါကြီး
ကိစ္စကဲ့သို့ လူ့အခွင့်အရေး ဆုံးရှုံးမှု စသည်တို့အပေါ် အစိုးရနှင့်
တပ်မတော်အား ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့
နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယခုဆွေးနွေးပွဲသည် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ဖြစ်သည်။
ယခုဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်၍ အဓိကထား ဆွေးနွေးခြင်း ဟုတ်မဟုတ်ကိုလည်း မသိရှိရသေးပေ။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်ချိန်တွင်
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတာဝန်ရှိသူများ
တွေ့ဆုံဆွေးနွေးလေ့ရှိသော်လည်း မည်သည့်ရလဒ်အဖြေမှ ထွက်ပေါ်လေ့မရှိကြောင်း
နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
မြန်မာနိုင်ငံသည်
ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသောကြောင့် အာဆီယံထိပ်သီး
အစည်းအဝေးကို နေပြည်တော်၌ နိုဝင်ဘာ ၁၂ ရက်တွင် စတင်မည်ဖြစ်ပြီး
အမေရိကန်သမ္မတ အိုဘားမား အနေဖြင့် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်တွင်
လာရောက်မည်ဟု သတင်းရရှိသည်။
Credit - Eleven Media Group
No comments:
Post a Comment