တရားရုံးများ မထီမဲ့မြင်ပြုမှု အပါအ၀င် တရားရုံးများ၊
တရားသူကြီးများကို ကာကွယ်ပေးသည့် တည်ဆဲဥပဒေများ များပြားလွန်းနေကြောင်း
ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊
အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက အောက်တိုဘာ
၃၀ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
သူရဦးအောင်ကိုက
“တရားရေးနယ်ပယ်မှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေထဲမှာ
တချို့က လာဘ်ပေး၊ လာဘ်ယူ ယဉ်ကျေးမှုထဲမှာ ပျော်မွေ့နေတယ်လို့ ပြောရမလို
ဖြစ်နေတယ်။ တရားရုံး အဆင့်ဆင့်ကလည်း အထက်၊ အောက် အပြန်အလှန် ချိတ်ဆက်ပြီး
အကာအကွယ် ပေးနေကြတယ်” ဟု ပြောကြားသည်။
ထို့ပြင် မှန်ကန်သည့်
ပြည်သူများ နစ်နာဆုံးရှုံးမှုမဖြစ်စေရန် စာချွန်တော်ဥပဒေကို
တင်သွင်းခဲ့ကြောင်း၊ အမျိုးမျိုးသော ကန့်ကွက်မှုများကြောင့်
နှစ်နှစ်ကျော်ကြာမှ အတည်ပြုနိုင်ခဲ့ကြောင်း၊ သို့သော် တရားရုံးများ
မထီမဲ့မြင်ပြုမှုဥပဒေကို သက်ဆိုင်ရာမှ တင်သွင်းခဲ့ရာတွင် လပိုင်းအတွင်း
အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ၎င်းအခြေအနေကို ကြည့်ခြင်းအားဖြင့်
ပြည်သူလူထုအား ကာကွယ်ပေးမည့် ဥပဒေဆိုပါက အတားအဆီးမျိုးစုံ ကျော်ဖြတ်ရပြီး
အချိန်ကြာမြင့်မှသာ အတည်ပြုနိုင်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။
“အထူးသဖြင့် တရားရုံး၊ တရားလွှတ်တော်များနဲ့ ညိနှိုင်းဆောင်ရွက်တဲ့ နေရာမှာ
ငါးနှစ်၊ ၁၀ နှစ်သာမက ကြာမြင့်နေတဲ့ တရားမမှုကြီးတွေဆိုရင်
အဆင်မချောတော့ဘူး။ အပေးအယူကိစ္စတွေက ခရီးလွန်နေပြီ။ တချို့အမှုတွေဆိုရင်
တရားသူကြီး သုံးဆက်၊ လေးဆက်မက ပြောင်းသွားကြပြီ။ အမှုက မပြီးသေးဘူး။
အဲဒီအမှုမျိုး ဆက်စစ်တဲ့ အချိန်မှာ ပြောင်းရွှေ့သွားခဲ့ကြတဲ့ တရားသူကြီးတွေက
တရားခွင်ကို တရားမ၀င်ပြန်လာ စောင့်ကြည့် နားထောင်တာတွေရှိတယ်။ ဒီကိစ္စက
စဉ်းစားစရာ အများကြီးပဲ” ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်
တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌက ဆိုသည်။
ခရိုင်အဆင့်၊ မြို့နယ်အဆင့် တရားသူကြီး အနည်းငယ်နှင့် ၀န်ထမ်းအချို့ကို
အရေးယူသည်များတွေ့ရပြီး အထက်အဆင့် တရားသူကြီးများကို အရေးယူခြင်း
မရှိကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။
“တရားရုံးများ
မထီမဲ့မြင်ပြုမှု ဥပဒေအပါအ၀င် တရားရုံးများ၊ တရားသူကြီးများကို
ကာကွယ်ပေးထားတဲ့ တည်ဆဲဥပဒေတွေ သိပ်များလွန်းနေတယ်။ အထူးသဖြင့် ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုယ်တိုင်က တရားလွှတ်တော် တရားသူကြီးတွေကို
ရာနှုန်းပြည့်နီးပါး ကာကွယ်ပေးထားတာကြောင့် အရေးယူလို့ မရဘူးဖြစ်နေတယ်” ဟု
သူရဦးအောင်ကိုက သတင်းထောက်များအား ပြောကြားသည်။
ထို့ပြင်
သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင် အားကောင်းမှသာ အဓိကမဏ္ဍိုင် သုံးရပ်၏ အားနည်းချက်၊
အားသာချက်များကို ဝေဖန်ထောက်ပြ နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူကို နား၊ မျက်စိ
ဖွင့်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလည်း အားကောင်းခိုင်မာ
လာမည်ဖြစ်ကြောင်း၊ တရားမျှတသည့် တရားဥပဒေစိုးမိုးမှု ရှိလာမည်ဖြစ်ကြောင်း
သူရဦးအောင်ကိုက ပြောကြားသည်။
“တရားရေးမဏ္ဍိုင်
ဖြောင့်မတ်ကြံ့ခိုင်ပြီး တရားဥပဒေစိုးမိုးဖို့ ဆိုရာမှာ
အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ကူညီပံ့ပိုးမှု အဓိကလိုအပ်သလို ပြည်သူတွေရဲ့
ပူးပေါင်းပါဝင်ဆောင်ရွက်မှုလည်း လိုအပ်ပါတယ်။ သိပ်လိုအပ်လာတဲ့ အချိန်မှာ
တရားရုံး၊ တရားလွှတ်တော် အဆင့်ဆင့်အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု၊ ဆန္ဒသဘောထား
စစ်တမ်းကောက်ယူပြီး တိုင်းပြည်ကို အသိပေးတင်ပြနိုင်ဖို့ အရပ်ဘက်လူမှု
အဖွဲ့အစည်းတွေထံ အကူအညီ တောင်းသွားမှာဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုက
ထည့်သွင်းပြောကြားသည်။
မဏ္ဍိုင်ကြီးသုံးရပ်အကြား တိုးတက်မှုကို
ဆုတ်ယုတ်စေမည့် အားပြိုင်မှုများကို ရှောင်ရှားရန်လိုပြီး
တရားစီရင်ရေးမဏ္ဍိုင် အနေဖြင့် မှန်မှန်နှင့် မြန်မြန်ဆန်ဆန်
စီရင်ဆုံးဖြတ်ပေးခြင်းကို ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်လိုကြောင်း
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က အစီရင်ခံ တင်ပြထားသည်။
Credit - Eleven Media Group
No comments:
Post a Comment