Friday, October 31, 2014

ကိုပါကြီး သေဆုံးမှု တပ်တွင်း ခုံရုံးဖွဲ့စစ်ဆေး

ရန်ကုန်၊ အောက်တိုဘာ ၃၁

တပ်မတော်က ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ထားတဲ့ ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသေဆုံးမှုကို ပြန်လည် စိစစ်ဖို့ တပ်တွင်းခုံရုံးဖွဲ့ စစ်ဆေးနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောပါတယ်။
အဲဒီဖြစ်စဉ်ကို တပ်မတော် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ပြန်လည် စိစစ်ဖို့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဗိုလ်မှူးကြီးအဆင့် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ ဖြစ်စဉ်တစ်ခုလုံးကို စစ်ဆေးနေတာလို့ သူက ဆက်ပြောပါတယ်။

ကိုပါကြီးသေဆုံးမှု ဖြစ်စဉ်ကို စိစစ်တင်ပြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ညွှန်ကြားထားပါတယ်။ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာအပါအဝင် ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ အထိ မေးမြန်းစုံစမ်းသွားမယ်လို့ ကော်မရှင်က ထုတ်ပြန် ပြောဆိုထားပါတယ်။
မွန်ပြည်နယ် ကျိုက်မရောအနီး အစိုးရ တပ်မတော်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကိုပါကြီး အဖမ်းခံခဲ့ရပါတယ်။
ကိုပါကြီးကို နယ်မြေခံအမှတ် (၂၀၈) ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးခဲ့ရာ KKO စောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် အောင်နိုင်ဖြစ်တယ်လို့ ထွက်ဆိုထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ကိုပါကြီးဟာ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA လက်အောက်ခံ ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး (KKO) အဖွဲ့ဝင် မဟုတ်ဘူးလို့ DKBA ကလိုထူးဘော စစ်ဦးစီးချုပ်ရုံးက ဗိုလ်မှူး စောထွန်းထွန်းက ပြန်လည် ငြင်းချက်ထုတ်ထားပါတယ်။
တပ်မတော်က ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားတဲ့ ကိုပါကြီး သေဆုံးမှု အမှုမှန် ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့စည်း ဖော်ထုတ်ပေးဖို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့က အစိုးရထံ တောင်းဆိုထားပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment