Friday, October 31, 2014

ထိပ်သီးခေါင်းဆောင် ၁၄ ဦး ဆွေးနွေးပွဲ အားလုံးတက်ရောက်ပြီး ကိုးနာရီခွဲတွင် စတင်ဆွေးနွေး

မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုဆိုနှုတ်ဆက်နေသော သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- အောင်သူရ
 
မြန်မာ့နိုင်ငံရေးမှ ထိပ်သီးခေါင်းဆောင် ၁၄ ဦး ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ကျင်းပနေပြီဖြစ်သည်။

မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်လာသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားပြုတက်ရောက်လာသော ဦးခွန်ထွန်းဦးနှင့် ကြိုဆိုနှုတ်ဆက်နေသော သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်သူရ)

လက်ရှိအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်ကျင်းပသော နိုင်ငံရေးခေါင်းဆောင်များဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအပါအဝင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ ရွေးကောက်ပွဲကော်မရှင်တို့မှ ခေါင်းဆောင် ၁၄ ဦးစလုံး စုံညီစွာ တက်ရောက်ကြောင်း နိုင်ငံတော်သမ္မတရုံးတွင် သတင်းရယူနေသော 7 Day Daily သတင်းထောက်က သတင်းပေးပို့သည်။
မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရှေ့မတိုးနိုင်ဘဲ အကျပ်ဆိုက်နေချိန်၊ အိုဘားမားအပါအဝင် ထိပ်သီးခေါင်းဆောင်အချို့ တက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုတွင်ကျင်းပ၍ ဟန်ပြဆွေးနွေးပွဲသာဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ဝေဖန်မှုများရှိသည်။ မည်သို့ပင်ဆိုစေ နိုင်ငံအတွက် ခေါင်းဆောင်များကြား အပြန်အလှန်ယုံကြည်မှုနှင့် ဘုံသဘောတူညီချက်များ ရှာဖွေရန်လိုအပ်ချိန်တွင် မျက်နှာစုံညီထိပ်သီးအစည်းအဝေးကို ကြိုဆိုရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့ကလည်း သုံးသပ်မှုများရှိသည်။  သမ္မတ၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ ယခုဆွေးနွေးပွဲမှာ နိင်ငံရေးအကျပ်အတည်းကြောင့် ပြုလုပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအကျပ်အတည်းလည်း မရှိကြောင်း၊ ခေါင်းဆောင်များအကြား နိုင်ငံ့အနာဂတ်အတွက် ဘုံသဘောတူညီချက်ရှာဖွေရန်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် ခေါင်းဆောင်များအကြား ဆွေးနွေးပွဲများမှာ ရှေ့ဆက်၍လည်းပြုလုပ်မည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အောက်တိုဘာ ၃၀ ရက်တွင် 7 Day Daily သို့ ပြောသည်။


မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်လာသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ကိုယ်စားပြု တက်ရောက်လာသော ဦးစိုင်းအိုက်ပေါင်းနှင့် ကြိုဆိုနှုတ်ဆက်နေသော သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ရစဉ်။  (ဓာတ်ပုံ- အောင်သူရ)
 

No comments:

Post a Comment