ရန်ကုန်၊ အောက်တိုဘာ ၂၉
ကျောင်းသားထုတစ်ရပ်၏ ပညာရေးဆိုင်ရာ
ဘ၀အာမခံချက် ပေးနိုင်သည့် အချက်များ မပါဝင်သည့် အမျိုးသား ပညာရေးဥပဒေကို
ကျောင်းသားထု တစ်ရပ်လုံးက တညီတညွတ်တည်း ဆန့်ကျင် ကန့်ကွက်သော ကျောင်းသားထု
၏မူကို နိုဝင်ဘာ ၁၂ နှင့် ၁၃ရက်တွင် ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ
ကျောင်း သားထု အရေးပေါ် အစည်းအဝေးတွင် အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း
အဆိုပါ အစည်းအဝေး ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က အောက်တိုဘာ ၂၉
ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြော သည်။ စက်တင်ဘာ ၃၀
ရက်က အတည်ပြု
ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုဦးစီး ချုပ်ကိုင်သည့်
စနစ်ကို ဆက်လက် ထည့်သွင်း ရေးဆွဲထားခြင်း၊ ကျောင်းသားထု တစ်ရပ်လုံးအနေဖြင့်
မကြာခဏ ပြောင်းလဲနေသော သင်ရိုး ညွှန်းတမ်းများ အောက်တွင် အစမ်းသပ်ခံ
ပညာရေးစနစ်ဖြင့် ဖြတ်သန်း ခဲ့ရခြင်းတို့ကြောင့် ယင်းဥပဒေကို ဆန့်ကျင်
ကန့်ကွက်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
““ဗဟိုဦးစီးစနစ်ကို
ကျင့်သုံးပြီး ဆရာ၊ ဆရာမတွေ ကျောင်းသားတွေရဲ့ အရည်အသွေးကို မကြည့်ဘဲ
သင်ရိုး ညွှန်းတမ်းတွေကို သူတို့ အလိုကျ စမ်းသပ်ပြဋ္ဌာန်း နေတာက ပြဿနာဖြစ်တယ်။
အမျိုးသား ပညာရေးဥပဒေမှာ ဆိုရင်လည်း စကားလုံးတွေက လှပေမယ့်
ကျောင်းသားတွေအတွက် ဘာအာမခံချက်မှ မပါဘူး။ ပညာရေး စနစ်ကို သူတို့
စိတ်တိုင်းကျ ခြယ်လှယ်နေမယ်ဆိုရင် သူတို့ကြွေးကြော်နေတဲ့ ““ပညာရေးဖြင့်
ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူး””ဟုနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး
ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။
လွှတ်တော်အဆင့်
အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီနှင့် သမ္မတရုံးမှ ဦးဆောင်
ကော်မတီ (၂)ဖွဲ့လုံး၏ ဥပဒေမူကြမ်း ရေးဆွဲပုံများသည်
ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ကျောင်းသား ပြည်သူများကို အမှန်တကယ်
ကိုယ်စားပြုသည့် အဖွဲ့များအား ပါဝင်ခွင့် မပေးခြင်းတို့ကြောင့်
ရေးဆွဲနေသည့် ကာလကတည်းကပင် ကျောင်းသား သမဂ္ဂများက ကန့်ကွက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ
ကွန်ရက် (NNER) မှ အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသော
သဘောထား ထုတ်ပြန်ချက်(၉)ချက်အပေါ် မူတည်ပြီး ဗကသနှင့် တကသ ကျောင်းသားများ၏
သဘောထားများနှင့် ပြန်လည် စုစည်းကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း
ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂ ဥက္ကဋ္ဌ၊ NNER အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက
ပြောကြားသည်။
““လက်ရှိ အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမှာ
ဗဟိုချုပ်ကိုင်စနစ်က ဆက်ပြီးပါနေတာ တွေ့ရ တယ်။ ဒါကကျောင်းသားထုကို သူတို့
သင်ချင်တဲ့စာကို အလွတ်ကျက်ဖြေ၊ Critical Thinking မရှိအောင် ပုံစံခွက်
စနစ်တစ်ခုနဲ့ လုပ်သလို ဖြစ်နေတယ်။ သင်ရိုးညွှန်းတမ်းကိုလည်း သူတို့ ဗဟိုကပဲ
ချုပ်ကိုင် နေဦးမှာပဲ””ဟု ၎င်းက ပြောသည်။
ပညာရေးစနစ်
ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ ထုတ်ပြန်ချက်
(၉)ရပ်တွင် အမျိုးသား ပညာရေးဥပဒေတွင် ဖော်ပြသည့် ““အမျိုးသား
ပညာရေးကော်မရှင်””နှင့်““အဆင့်မြင့်ပညာ ပေါင်းစပ် ညှိနှိုင်းရေး
ကော်မတီ””ကို ဖွဲ့စည်းရန် မလိုအပ်ကြောင်း လူတိုင်း အကျုံးဝင် ပညာရေးနှင့်
ဆန့်ကျင်ပြီး မသန်စွမ်း ကလေးများကို အခြားကလေးများနှင့် ခွဲခြား ဆက်ဆံသည့်
အချက်များ ပါဝင်သည့်အတွက် ကန့်ကွက်ကြောင်း ယင်းဥပဒေတွင် ကျောင်းစာ
သင်ကြားရေးတွင် မိခင်ဘာသာစကားဖြင့် သင်ကြားနိုင်ခွင့်ကို ပိတ်ပင်
ထားသည့်အတွက် ကန့်ကွက်ကြောင်း၊ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား
အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို အမျိုးသားပညာရေး ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း
မရှိသည့်အတွက် ကန့်ကွက်ကြောင်း၊ အစိုးရအနေဖြင့် ပညာရေးအသုံးစရိတ်
မည်မျှသုံးစွဲမည်ကို ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် ကန့်ကွက် ကြောင်းတို့
ပါဝင်သည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment