Thursday, October 30, 2014

ငါးပွင့်ဆိုင် ဆွေးနွေးပွဲမှသည်


လာမည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ၊ အဓိက နိုင်ငံရေးပါတီ လေးခုမှ ခေါင်းဆောင်များ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နိုင်ငံတော်သမ္မတ အိမ်တော်၌ တွေ့ဆုံကြမည် ဖြစ်ကြောင်း သတင်းထွက်ပေါ်လာရာ များစွာ မင်္ဂလာရှိသော သတင်းအဖြစ် ကြိုဆိုအပ်ပေသည်။


၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ မတိုင်မီ မြန်မာ့နိုင်ငံရေး လောကအတွင်းမှ အဓိက တာဝန်ရှိ သက်ဆိုင်သူများအကြား ယခုကဲ့သို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ် ပေါ်ထွက်လာခြင်းမှာ တွေ့ဆုံသူများ အချင်းချင်းသာမက တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အတွက်လည်း ရာနှုန်းပြည့် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ် ဖြစ်သည်။

အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရေးကြီးသော ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် သဘောမတူကြောင်း တပ်မတော်က တရားဝင် ထုတ်ပြန် ကြေညာပြီးနောက် နိုင်ငံရေး အင်အားစုများနှင့် တပ်မတော်အကြား နားလည်မှု တည်ဆောက်ရန် ခက်ခဲလာသည်ဟု သုံးသပ်ခန့်မှန်းမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ ငါးပွင့်ဆိုင် ဆွေးနွေးပွဲ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် တပ်မတော်၏ အထက်ပါ သဘောထားအပေါ် တတ်နိုင်သမျှ ညှိနှိုင်းလို၍ပေလော သို့တည်းမဟုတ် ဝိဝါဒဖြစ်နေသော ရွေးကောက်ပွဲ စနစ်နှစ်မျိုးကိစ္စ တိုင်ပင်ရွေးချယ်လို၍ပေလော သို့မဟုတ်ပါက လက်ရှိနိုင်ငံရေး သောင်မတင် ရေမကျမှုများကို ဆွေးနွေးအဖြေရှာလို၍ ပေလော ကွဲပြားစွာ မသိရသေးပေ။

မည်သည့်အကြောင်းအရာကို ဆွေးနွေးသည်ဖြစ်စေ မြန်မာ့နိုင်ငံရေး လောက၏ အဓိက တာဝန်ရှိ သက်ဆိုင်သူများအကြား ယခုကဲ့သို့ ပထမဦးဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုမှ ရလဒ်ကောင်းများ ထွက်ပေါ်လာရန် တစ်မျိုးသားလုံးက မျှော်လင့်နေဖွယ် ရှိသည်။

အခြားတစ်ဖက်တွင်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ငြင်းဆန်ပါက လူထုအင်အားဖြင့် တောင်းဆိုမည် ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့တော်ရှိ မြို့တော်ခန်းမရှေ့တွင် အရပ်ဘက် အဖွဲ့အစည်း ၄၆ ဖွဲ့က ပြုလုပ်ခဲ့သော ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးပေးရန် ဆန္ဒဖော်ထုတ်ပွဲတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ဖော် ပြောဆိုထားသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်တို့အကြား အပြီးသတ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည့်ကိစ္စ လိပ်ခဲတည်းလည်း ဖြစ်နေခြင်းနှင့် ကရင်ပြည်နယ် အခြေစိုက် DKBA ၏ အဆိုပြုချက်ဖြစ်သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းကာ ကော်သူးလေ တပ်မတော် ဖွဲ့စည်းရေး အကောင်အထည် ဖော်နေခြင်းတို့ကလည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့အပေါ် ထိခိုက်သွားမည်ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက စိုးရိမ်သောက ရှိနေကြသည်။

မည်သို့ပင်ဖြစ်စေ မကြာခင် ကျင်းပတော့မည့် ငါးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အချင်းချင်းအကြား ပွင့်လင်းရိုးဖြောင့်စွာ ဆွေးနွေးအဖြေရှာကြခြင်းအားဖြင့် ဘုံရည်မှန်းချက်တစ်ရပ် သဘောတူညီမှု ရရှိကာ နားလည်မှု တည်ဆောက်ရေးမှသည် ယုံကြည်မှု တည်ဆောက်ရေး ထိုမှတစ်ဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လက်တွဲဆောင်ရွက်နိုင်ကြစေကြောင်း ဆန္ဒပြု တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၂၉-၁၀-၂၀၁၄)

-------------------------------
The Voice Daily Editorial, Vol-2/No-171 (#voiceeditorial)

No comments:

Post a Comment